အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နှုတ်ချက်များ

 
# အဲဒီတော့ သမတစနစ်ကို လိုချင်တယ်။ သမတစနစ်သာ တိုင်းသူပြည်သားတွေသာလျှင်အရင်းခံမူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်းအတူတူဘဲဆိုတဲ့ သဘာဝကိုပြန်ဖော်တယ်။ ဒါပေမယ့် တခုသတိပြုရမယ်။ "အစိုးရ" ဆိုတဲ့အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလဲ ပစ္စည်းအင်အားကောင်းတဲ့သူတွေ အချင်းချင်း လုကြတယ်။ ရရင်လဲ လက်မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေ ဆိုတာကတော့ အဲဒီထဲမှာတုတ်လုပ်အရိုက်ခံရမယ့် အခါကျမှ ပါရတာဘဲ။ ဒီလိုအာဏာလုကြတဲ့အခါ "ဒီမိုကရေစီ" ဆိုပြီး ၊"ပြည်သူ့ဆန္ဒ ပြည်သူ့အာဏာ" လို့ကြွေးကြော်ဟစ်အော်ပြီး ၊ ညာတဲ့စနစ်တွေလဲရှိတယ်။

# လူတွေက ၊ တိုင်းသူပြည်သားတွေက "အစိုးရ" အာဏာအပ်လိုက်တုန်းက ၊ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါ ဆိုပြီးအာဏာအပ်လိုက်တာဘဲ။ ဒါပေမယ့်ကျုပ်တို့ကိုခင်ဗျားတို့အုပ်စိုးသူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါ ဆိုတဲ့အချက်သာဖြစ်နေတာဘဲ။လူတွေကတင်မြှောက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့ လူတွေရဲ့အစိုးရသာလျှင်ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီမဖြစ်နိုင်ဘူး။ အတုတွေသာဖြစ်တယ်။အဲဒီလိုစနစ်မျိုးနဲ့ သမတအစိုးရမျိုးမှသာ ကျုပ်တို့တိုင်းသူပြည်သားတွေကို အကျိုးထိရောက်စွာဆောင်ရွက်ပေးနိုင်မှာဘဲ။ ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ရောယောင်သံဖမ်းပြီး ပြောကြတာတွေလဲ အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း ၊
လူတန်းစားအချင်းချင်း ၊ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့်မရှိသမျှကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။အခု ဒီမိုကရေစီခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။

# ငါးမူး ၊ သုံးမူး တပဲ လောက်ဘဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာအရင်းစစ်လိုက်တော့ အရင်းရှင် ခေါ်တဲ့ ပစ္စည်းရှင်အရင်းရှင်တွေ စီးပွားရေးချယ်လှယ်တဲ့ စနစ်အခြေခံတဲ့ဒီမိုကရေစီတွေဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင်စနစ် အုပ်ချုပ်ရေးကိဒီမိုကရေစီဆိုတဲ့ ဘမ်းပြထားတဲ့ အုပ်ချုပ်ရေးဘဲ။ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိကလိုလားပြီး တိုင်းပြည်တည်ထောင်ချင်တယ်ဆိုရင် ဒီမိုကရေစီ စနစ်အရမှဘဲ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံဘဲ။ ................

#ဒီတော့ ဒီမိုကရေစီဆိုတာ ဘယ်လို အင်္ဂါမျိုးနဲ့ ညီညွတ်ရမလဲ။ အဲဒီလို ကျပ်ပြည့်တင်းပြည့်ဒီမိုကရေစီမျိုးကို ကျုပ်တို့ ဘယ်လို တည်ဆောက်ရမလဲ။ ချက်ချင်းဖြစ်မလား။ ဘယ်လောက်ကြာမလဲ။ဘယ်နည်း အကောင်းဆုံးလဲဆိုတာတွေကို အခု ကျုပ်တို့တိုင်းပြည် တည်ထောင်ရမယ့်အခါအထူးစဉ်းစားရမယ့် အချက်တွေဘဲ။နိုင်ငံရေးဟာ စီးပွားရေးအခြေခံပေါ်မှာတည်တယ်။ နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကလည်းစီးပွားရေးသဘောတရားတွေနဲ့ ကင်းလို့မဖြစ်နိုင်ဘူး။
# ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာ အရင်းရှင်စနစ်ထက်တောင်အောက်ကျနောက်ကျဖြစ်နေတဲ့ ကျွန်ဘ၀က လှမ်းတက်ရမယ်ဆိုတော့ အလယ်အလတ်အဆင့်မှာရှိတဲ့ဒီအရင်းရှင်စနစ်ကို ကျော်မသွားနိုင်သေးပေမယ့် အဲဒီစနစ်တင်သာ မလုပ်နိုင်ဘဲ ဒီစနစ်ကိုအမြန်ဆုံးကျော်သွားနိုင်မယ့် စီးပွားရေးသဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျှင်
တကယ့်ဒီမိုကရေစီနိုင်ငံကို ရောက်အောင်သွားနိုင်လိမ့်မယ်။ တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေကတင်မြှောက်ထားတဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်။ ဒါဖြင့် အဲဒီလိုဒီမိုကရေစီအဆင့်အတန်းရောက်အောင် ဘယ်လိုအခြေခံတွေချရမလဲ။

- အလုပ်သမားတွေရဲ့ နေရေးထိုင်ရေး စားရေးသောက်ရေး ကျန်းမာရေး စည်းရုံးရေး အိုနာစာအရေး အစရှိသဖြင့်အခွင့်အရေးတွေရှိရမယ်။
- လယ်လုပ်တဲ့လူတွေရဲ့ လက်ထဲ လယ်ရောက်အောင် စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမြားကိုတသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့ စနစ်ကို ပယ်ဖျက်နိုင်ရမယ်။
- လူမျိုးအသီးသီးဟာလဲ သူတို့ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် စီစဉ်ထားရမယ်။
- တိုင်းသူပြည်သားတွေသာလျှင် အာဏာပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်တတ်ရမယ်။
- လူမျိုး ဘာသာ လိင်မရွေး တိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါရမယ်။
- တိုင်းပြည်ကာကွယ်ရေးဟာလည်း ပြည်သူ့အစိုးရတာဝန်ဖြစ်တယ်။
- တိုင်းပြည် ဥပဒေတရားရုံး စနစ်ဟာလဲ ပြည်သူတွေရဲ့အကျိုး ရှေ့ရှုမယ့် ပြည်သူ့တရားရုံးစနစ်မျိုးဖြစ်ရမယ်။
အဲဒီလို အချက်တွေ ပါမှသာလျှင်တကယ့်ဒီမိုကရေစီအခြေခံတွေ ချရာရောက်မယ်။ ဒါမှသာလျှင်သူ့အချိန်အခါရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့ အဆောက်အအုံကြီးကို မားမားမတ်မတ် တည်ဆောက်နိုင်မယ်။

# ဒီဟာတွေကို ဘာပြုလို့ အခြေခံချရမလဲဆိုရင် ပြည်သူအများ အကျိုးရှိနိုင်ဘို့ဘဲ။ဒီလိုမဟုတ်ရင် အရင်းရှင်တွေက ချယ်လှယ်ချင်တိုင်း ချယ်လှယ်တဲ့ အဖြစ်မျိုးရောက်ပြီးတိုင်းသူပြည်သားတွေအပေါ် အရင်းရှင်တွေက လက်ဝါးကြီးအုပ် သွေးစုပ်နိုင်တဲ့ အခြေအနေမျိုးရောက်သွားမယ်။ အဲဒီလို အရင်းရှင်တွေ ကြီးစိုးရုံတွင်မက တသီးပုဂ္ဂလအရင်းရှင် ကုမ္ပဏီကြီးတွေ( Monopoly ) တဦးတည်းပိုင်သဘောမျိုး ဖြစ်သွားပြီး ဈေးနာအရပ်ရပ်နဲ့ နိုင်ငံစီးပွားရေးအရပ်ရပ်ကိုသူတို့စီမံရာ ခံရမယ်ဆိုတဲ့ စနစ်မျိုး ရှိလာမယ်ဆိုရင် ကျွန်တော်တို့ဒီကမ္ဘာကြီးဟာ တနေ့မနေ့ကအလွန်အော့နှလုံးနာပြီး ရွံမုန်းစရာဖြစ်တဲ့ ဖက်စစ်စနစ်ကြီး ပြန်ပေါ်လာဘို့ စီးပွားရေးအခြေခံကြီးကိုခွင့်ပြုရာကျတယ်။ ဒါကြောင့် အဲဒီလို ( Monopoly ) လက်ဝါးကြီးအုပ် အရင်းရှင်ကုမ္ပဏီကြီးများတသီးပုဂ္ဂလ ပစ္စည်းလုပ်ငန်းကြီးတွေကိုတော့ ကျုပ်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာအတိအလင်း ပိတ်ပင်ထားရလိမ့်မယ်။


# အရင်းရှင်စနစ်ကို ခွင့်ပြုထားတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကိုကောင်းကောင်းသတ်မှတ်ပြီး သူတို့သွေးစုပ်ချင်တိုင်း မခံရအောင် စီမံဖန်တီးပြီး အခြေခံသဘောတရားတွေဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေထဲမှာ ထဲ့ထားရလိမ့်မယ်။
လယ်ယာမြေပိုင်ဆိုင်မှုကိစ္စမှာဆိုလဲ လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင်အခြေခံတွေချရလိမ့်မယ်။ လယ်မြေဧက အမြောက်အမြားပိုင်တဲ့ လယ်ရှင်ကြီးစနစ်ကိုတော့ဥပဒေအရ ကန့်သတ်ချုပ်ချယ် ဖျက်ပယ်ပစ်ရလိမ့်မယ်။ နောက်ပြီး ဘယ်လိုကိုယ်ပိုင်လယ်ယာမြေမျိုးဖြစ်ဖြစ် ၊ဘယ်နှစ်ဧကထက်မပိုစေရ အစရှိသည်အားဖြင့် ဥပဒေအရ ကန့်သတ်ရလိမ့်မယ်။ဒီလိုမှမလုပ်ရင် လယ်ပိုင်ရှင်စနစ်ကြီးဟာ ရှိနေတာကို မဖျက်နိုင်ရုံတင်မဟုတ်ဘူး ၊
ပြန်ဖြစ်အောင်လုပ်တာဖြစ်လိမ့်မယ်။
# အခုအချို့နိုင်ငံတွေမှာ ကျုပ်တို့ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာအမှန်ကတော့ ( Oligractry ) ခေါ်တဲ့ အရင်းရှင်ဖြစ်ဖြစ် ၊ အရင်းရှင်လို လူတန်းစားတွေဖြစ်ဖြစ်လူတစုလောက်သာ ကြိုးကိုင်ထားတဲ့ အာဏာရှင် လုပ်နေတဲ့စနစ်တွေဖြစ်တယ်။
ကျုပ်တို့လုပ်ချင်တာကတော့ ( Greatest hapiness of the Greatest number ) လူအများဆုံးအကောင်းဆုံးချမ်းသာသုခရအောင် အဲဒီလိုလူအများဆုံးက ကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာဘဲ။အကုန်လုံးအကျိုးရှိတဲ့ ဒီမိုကရေစီဆိုတာတော့ ခုလိုအရင်းရှင်အလုပ်သမား ၊ လယ်ရှင် အစရှိတဲ့လူတန်းစားကွဲပြားမှုတွေရှိနေသမျှ ကာလပတ်လုံး မဖြစ်နိုင်သေးဘူး။ လယ်ရှင်အကျိုးရှိတိုင်းလယ်သမား အကျိုးမရှိနိုင်ဘူး။ အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမား အကျိုးမရှိနိုင်ဘူး။သူတို့အချင်းချင်း အကျိုးတွေဟာ တခါတခါ စေ့စပ်လို့ မရနိုင်ဘဲ ၊ တဦးအကျိုးရှိရင် တဦးထိမယ်ဆိုတဲ့အခြေမျိုးဖြစ်လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှဖြစ်နိုင်မယ်။ အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာအစိုးရက လူများစုဖြစ်တဲ့ လူဆင်းရဲတွေဘက်က ထုံးစံတော့ပင်းမယ်ဆိုတဲ့သဘောဘဲ။
ဒီမိုကရေစီသစ်အရလုပ်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုရင် ၊တိုင်းသူပြည်သားလူများစုတွေအာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ရွေးကောက်တဲ့ကိုယ်စားလှယ်တွေဟာ အောက်ကနေပြီး ထိပ်အထိတိုင်းပြည်အုပ်ချုပ်ရေး တိုင်းပြည်အစိုးရ အာဏာကို ကိုင်ထားရမယ်။ သူတို့ရွေးကောက်တဲ့ကိုယ်စားလှယ်တွေကိုမကြိုက်လို့ရှိရင် ပြန်ခေါ်နိုင်ရမယ်။
ဒီတော့ အခုဗမာပြည်မှာရှိနေတဲ့ အရာရှိဗြူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူး။တိုင်းပြည် သစ္စာမဖောက်တဲ့ တိုင်းကြီးပြည်ကြီးသားတွေဟာ ပြည်သူ့လွတ်လပ်ခွင့်တွေကိုအများအကျိုးအတွက် လုပ်မယ့်နေရာတွေမှာရရှိလိမ့်မယ်။ ဒီနေရာမှာလူများစုလို့ဆိုတာဟာပစ္စည်းအခြေအနေ ရာထူးအခြေအနေကိုအကြောင်းပြုပြီးသာ လူများစု ၊ လူနည်းစုဖြစ်ကြတဲ့
လူတွေကိုသာဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားခြားနားတဲ့လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစုလူမျိုးစုက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ ၊ ဒီမိုကရေစီမှန်မယ်။ လူမျိုးအရ ဘာသာအရ လိင်အရ အခွင့်အရေးခွဲခြားမှု ၊ နှိမ့်ချမှုတွေကို ဥပဒေအရပယ်ဖျက်ပြီး ဒီလိုနှိမ်နင်းတာမျိုးတွေ့ရင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပြီသမယ်။
 
ဗိုလ်ချုပ်အောင်ဆန်း

No comments: