အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

ငါ့ရဲ့ သဲကန္တာရမှတ်စု

ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် (၃၀) ကျော်ချိန်မှာ တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ် ..
ဘယ်လို နှင်းရာသီမျိုးကျမှ .. မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင် နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို ငါ .. အော်ခေါ်နေမိတယ်။

တချို့အလွမ်းတွေက တော်ရုံတန်ရုံ ဒိုရေမီဖာ နဲ့ မရဘူး
တခြားကဗျာဆရာတွေလိုလည်း ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုယ်ကို မိုးကလေးညိုလိုက်ပြီး ပြန်ဆင်ခြင်တယ် ..
သေချာတယ် ကောင်မလေးရယ် ..ခိုက်ခိုက်တုန်အောင် လွမ်းတယ် ..။

အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ ပြားလျားပြီး လာရပ်မနေဘူး
တကယ်တော့ ဘာမှမရှိဘူး .. ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ .. ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်း နစ်မြုပ်ဖို့
(မှတ်မှတ်ရရကြီး ..) ဖေဖော်ဝါရီ ၂၉ ကို ငါ့ ဓားကောက်နဲ့ ထစ်လိုက်တယ်. ..။ ။

တာရာမင်းဝေ

ကျောင်းတော်ကသူငယ်ချင်း

လွမ်းတယ်ကောင်မလေးရယ်. .
ဘယ်ကဗျာတွေဆီကိုပဲရောက်ရောက်
နင်ရဲ့စိတ်ကို တံခါးလှမ်လှမ်းခေါက်မိတယ်. .

ငါကိုငါလွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
အခုထိမြူပြာတွေထဲမှာ ပွင့်နေတုန်း. . .

ချစ်ခြင်းတရားဟာ
ငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲ
ဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာခဲ့ဘူး

ဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်း
မထူးတော့ပါဘူး . . .
အစကတည်းက
သူငယ်ချင်းဆိုတာ . . . ဆွတ်ခူးဖို့မှမဟုတ်ဘဲ……..။

တာရာမင်းဝေ

ဘာလဲကွယ်

ဘာအကြောင်းမှ မရှိဘဲ
မင်းကို ချစ်မိသွားတယ်..

ဘာအကြောင်းမှ မရှိဘဲ
မင်းကို လွမ်းတယ်…

ဘာအကြောင်းမှ မရှိဘဲ
မင်းဒီကဗျာကို ရေးမိတယ်..

တစ်ကယ်တော့လည်း
ဘာကြောင်းမှမရှိပါဘူး သူငယ်ချင်း….။ ။

တာရာမင်းဝေ

ဗေဒင်ဟောသည်

ဒေါက်ခနဲ ဓားပေါက်သံအဆုံးမှာ

ကံကြမ္မာက ကားယားကြီးကျလာတယ်

သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ

ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ်

ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ

မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။

တာရာမင်းဝေ

ဝေးသူ

စကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့

မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား

ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ်

အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ်

ဒါဟာ တကယ်ဖြစ်ခဲ့တယ်။

လ၀န်းကျကွဲသံတွေကြားမှတော့

ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး

ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့်

တစ်နေ့တော့ဆိုတာ

ဘယ်တော့ပွင့်မလဲလို့။

တာရာမင်းဝေ

ဘက်ချင်းပြောင်းပြန်ရန်ပွဲ

ဒင်္ဂါးပြားကိုတောင် လက်နဲ့ မလှည့်နိုင်ပဲ
ဘီယာဆိုင်ထိုင်သောက်သူလို
ဘဝက တစ်ခွက်တည်းနဲ့ ငိုတယ်။

သူ့မှာဖြင့် လူညွန့်တုံးရုံတင်မဟုတ်ပဲ
လူပန်း လူပွင့်ပါ ဘုန်းဘုန်းလဲပြီ တဲ့။

အပွဲပွဲ ရှုံးခဲ့သမျှ သည်ပွဲမှာလည်း မနိုင်ဘူး
ဖရဲသီးတန်မယ့်
သကြားဖြူးခံထားရသလိုမျိုး … နာတယ်။

ကွာ…
မင်းကိုငါ .. ဘယ်နှစ်ခါ မီးဖွင့်ပေးရမလဲ
ငါလည်း အခုမှ သံချပ်ကာအကျီ င်္ ချွတ်ပြီးကာစ …

တံခါးကို ပိုဟလိုက်ရင် အလင်းရောင် ပိုရမှာပေါ့
မင်းမယုံရင် ငါ ဘယ်သူ့ကို မေးပေးရမလဲ …

အဲဒီလိုနဲ့
ကျွန်တော်နဲ့ ကျွန်တော့်ဘဝလေး
ဓမ္မသီချင်းတစ်ပုဒ်စာ ဝေးသွားတယ်။ ။

တာရာမင်းဝေ

ခ..ကဗျာ..

ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်င်္လုးလို
ခွမ်းကနဲ..အစိတ်စိတ်အမွာမွာ…
ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..
ခုတ်ထစ်ခြင်းင်္ခရတဲ့
င်္ခစားချက်တွေက
င်္ခုမင်စရာ…တစ်ခုမှမရှိ
ခင်တွယ်စရာ..တစ်ခုမှမရှိ..
ခြားနားခဲ့တာတောင်
ခုချိန်ထိ..စိတ်ရိုင်းကို
ခ၀ါချလို့..မရတဲ့ကောင်..အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ…..။

တာရာမင်းဝေ

သိဟ်ရာသီဝတ်ရုံ

အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့် ..
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး။

မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို
မုန်းတယ် …
သုညဝင်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိ တိုင်အောင် အိမ်ထရံမှီပြီး ရှက်ရတယ်။

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ ပြန်ပစ်ပေးလိုက်ပြီ။

၁၈း၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။ ။

တာရာမင်းဝေ

မုန့်ကြိတ်ဆုံလုပွဲ

ဆီမထည့်နိုင်တဲ့ တံခါးကြောင့် ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ငါ့ကို ဖောင်းကဲ ဖောက်ကြ…။

အဲဒီလိုနဲ့ပဲ နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)

သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါမဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ် မေ့ထားလိုက်ပါတယ်…

ရှိသမျှ လင်းစရာဝေစရာလေးတွေကို သေခိုင်းလိုက်ပြီ
ဘယ်တောအုပ်မှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်း အပျင်းခံရရင် … နာတယ်.

လှံတံက ခေါ်လို့မလိုက်ရင်လည်း ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ပဲ .. ငါ့အတွက် ဖြစ်ပါတယ်။

တာရာမင်းဝေ

နဂါးချော့တေး

ကလူ ..... ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ်
“ခရူး...ခရူး” တဲ့
မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ....ငါ....ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။

တာရာမင်းဝေ

တန်ရာတန်ကြေး

နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး
အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ
စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။
အနုပညာဆိုတာ
မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး
နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကို မယုံကြည်ချင်ကြဘူး
ကြည့်ပါ
ဒီမြှားကို ငါပစ်ပြပါ့မယ်။
ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့
အဲဒီသူယောင်နတ်သမီးကို
တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။

တာရာမင်းဝေ

ပလုံ

ရေထဲကိုခဲကျသွားတာလည်းဖြစ်နိင်တယ်....
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိင်တယ်....
တစ်နေ့မှာ ငါ့အထ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်....
ဘယ်လိုဖြစ်သွားသလဲမသိဘူး...
“ပလုံ”

တာရာမင်းဝေ

သင်းကွဲသူများ (၁)

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ

ဟိုးမှာ

ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။

တာရာမင်းဝေ

သင်းကွဲသူများ(၂)

နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။

တာရာမင်းဝေ

နွေခံစားမှု

အငွေ့တထောင်းထအောင်ပူရဲ့
လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်
ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။
ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။
မိုးနတ်မင်းကြီးရယ်....
ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...
ကျွန်တော်စိတ်တွေက
မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ။

တာရာမင်းဝေ

သက်ပြင်းလောင်းသံ

ငါ...... ကြေကွဲနေပြီ
ရင်ဘက်မှာလည်း ၀ိဥာဉ်ကျောက်သားတွေအက်ကွဲလို့...
ငါ....ဘယ်လိုလုပ်ရမလဲ
ပိတ်ထားတဲ့ ပန်းပွင့်ကိုကော
ဘယ်လိုအလင်းနဲ့နမ်းမလဲ
အငွေ့ပြယ်ပြီး ပျောက်သွားရင်လည်းပြီးရော...
တကယ်ဆို
ကောင်းကင်တိုက်ပွဲအသစ်တွေနဲ့သာနေ/သေချင်တော့တယ်...

တာရာမင်းဝေ

ပင်လယ်ရေးတဲ့စာ

ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။
ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ်
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။
ခုတော့....ဘယ်ဖြစ်တော့မှာလဲ
သူမက
ငါ့ကို
ငြိမ်ငြိမ်လေးပဲ
လက်ပိုက်ရပ်နေတဲ့....။

တာရာမင်းဝေ

တစ်ခွန်းစကား

ရနံကိုတော့ရတယ်
ဒါပေမယ့်....ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ....သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်...။

တာရာမင်းဝေ

ကကြီး

အဖေ့ရဲ့မျက်နှာမှာ
အင်္ဂတေအက်ကွဲရာ အမြောင်းမြောင်းနဲ့
အဖေ့ရဲ့အရိုးငေါငေါ လက်အစုံမှာလည်း
ဘယ်ဆီကူးမယ်မှန်းမသိတဲ့ ၀တ်မှုန်တွေလည်းပျံ့သင်းလို့
အဖေ့ရဲ့စိတ်အာရုံထဲ ငါဝင်ကြည့်တော့
လောကဓံရှစ်ပါးနဲ့ပိတယ်။
အဖေရယ်......
ကျောသက်သက်ကိုခင်းပြီး ကျွန်တော်ဝင်ထမ်းပေးပါ့မယ်
အဖေ့အတွက် နိုင်ရာဝန်ကို ကူမပေးရင်း
အဲ့ဒီလို.....ကကြီးမျိုးတော့
ကျွန်တော် ရေးချင်ပါသေးတယ်။

တာရာမင်းဝေ

ဗျတ်စောင်း ဘာသာဗေဒ

လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။

တာရာမင်းဝေ

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။

တာရာမင်းဝေ

တေလေမှတ်တိုင်

ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။

တာရာမင်းဝေ

တိမ်ဖြူတို့နှင့်အတူ

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ။

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။

တာရာမင်းဝေ

ကမ်းခြေ

ရေပန်းဆိုတာကို စမြင်ဖူးတော့
မှင်သက်ငေးမောနေမိ
ရေမှုန်စိန်စ လင်းလက်တဲ့
ငယ်ဘဝရဲ့ ပွဲတော်ညတခုမှာ။

ပင်လယ်ကို ရောက်ခဲ့တာလား
နယ်မြေသစ် မတွေ့ခဲ့ပေမယ့်
ငါးမန်းတွေဘာတွေနဲ့ တွေ့ခဲ့
ကမ်းဝေးတဲ့နေ့တွေ။

လက်ယက်သဲတွင်းလေးဘေးမှာ
ရေကြည်အေးမြ
အနည်ကျအောင်စောင့်ပြီး
သူ့ကို တိုက်ချင်ပါသေးတယ်။

တာရာမင်းဝေ

ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး

စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။

မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်။

တာရာမင်းဝေ

စိတ်ပျက်လက်ပျက်

ကျွန်တော်ကပြောတော့ ..
.. .. ချစ်သူကရယ်တယ်။

ကိုယ်သာ
သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ် ..။

စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ .. လို့။

စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှူတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။

တာရာမင်းဝေ

ပူဖောင်းကွဲသူ

ဟိုတုန်းကတော့ပူဖေါင်းလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။

မြို့ကလေးရဲ့ရင်ဘတ်ကို ကြယ်သီးဖွင့်ပြီးကြည့်လိုက်ရင်
တိမ်တွေကိုဘယ်တော့မှ တွန်းမလှဲတတ်တဲ့ကောင်းကင်
မြင်ရတယ်။

နောက်တော့လည်း
ကျွန်တော်တို့ကျွတ်ကျွတ်ရွရွဝေးကွာသွား
ဘ၀သံသရာဟာ သီချင်းထဲကလို
ရထားကြီးမဟုတ်တော့ဘူး
အကိုင်းချင်းမတူပေမယ့် ဒီအတိုင်းပွင့်ကြလိမ့်လို့
ကျွန်တော်ထင်မှတ်မှားခဲ့။

မြို့ကလေးကိုသတိရမိတဲ့တစ်နေ့မှာ
ကိုယ့်ကိုယ်ကို သတိမရတဲ့
နယ်လွန်သားတွေ ပြန်လည်ဆုံတွေ့ကြ
မေမေရယ်
ပူဖောင်းကိုမန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက်
ကျွန်တော်ဟာ ၀လုံးတစ်လုံးစာ စိမ့်ပြီးရှက်ခဲ့ရပေါ့။

အဲဒီမှာ
တချို့ဟာ ရယ်သလိုမောသလို အမှောင်ပွက်ပွက်ထ
တချို့ကျတော့လည်း
လိမ်မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး အမြှီးနှစ်ခွနဲ့။

မေမေ
အားလုံးက မမှားရအောင်
ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီပူဖာင်းလေးကို အသစ်ပြန်မှုတ်ဖို့
နက်ဖြန်ခါမှာမြို့ကလေးဆီ
ကျွန်တော်ဆက်ဆက်ပြန်လာမယ်….။

တာရာမင်းဝေ

သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်

၁။
အရှင်...
သင်၏ခေါ်ရာ
ထပ်ချပ်...ငါ...လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို...ထူပါ။

ဟိုးမှာ...
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။

ဒီမှာ...
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ...ဘာတွေ တွေးပြီနည်း။

စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့စွမ်းမလဲကွယ်။

အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။

ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။

အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ...ရောက်အောင်သွားပါမည်လေ...။

၂။
နွေ...နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။

ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော ... နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။

သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။

ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။

သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။

ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျှော်စရာမှမဟုတ်ပဲကွယ်။

၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား...ဆွဲခေါ်
ငါ... မမွေ့ပျှော်တော့ပါပြီ အရှင်။

၃။
ငါသည်...တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။

မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား...
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။

ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။

ဤယနေ့ ... ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။

၎။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။

ငါတို့သည်...လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။

ဟိုချိုး ... သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။

အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။

အို ... ``လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။

သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။

နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။

၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။

စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။

ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။

ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။

အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။

ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ ... ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။

ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။

၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။

လက်သီးဆုပ်ခြင်း ... ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။

ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်

တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို ... ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။

မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် ...။

၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ ... နိမ့်ဝင်သွားတတ်၏။)

ကြက်ခြေခတ် ... ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။

ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။

ထို့နောက် ...
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် ...
လူချင်းလဲကြပြန်၏။

အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။

သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။

သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။

၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။

ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။

ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှေက်
ခြောက်ခြားဖူးသည်။

တုန်ကောက်မရှိသူ ... နှင့်
ချိုင်းထောက်မရှိသူ ...
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။

တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးလိုပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။

မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။

ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ ... ထားခဲ့ချင်ပါပြီလေ။

၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။

ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။

ဘုရားပြောတာကိုမှ
ငါ... မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ... ယုံရတော့မည်လော။

အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး ...နီး ...နီး၍လာခဲ့ပြီ။

မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။

တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ ...
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။

စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို ... အရှင် ...
မြေမှထသော ငါ့ကိုမြင်ပါ။

၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။

လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖြစ်သင့်သည်။

အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။

အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။

ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ ... ကြားနေရ၏။

လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။

ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
ငါ တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ ... မြတ်သော ငါ့ ...အရှင်။ ။
(ဗုဒ္ဓ ... သို့)

တာရာမင်းဝေ

နောက်ကျသူ

စာရွတ်တစ်ရွတ်ကို ဆုတ်ဖြဲလိုက်တော့
ဒီဇင်ဘာကို ငါတွေ.တယ် .....

နှင်းတွေ....နှင်းတွေ
မြေပြင်ပေါ် အလုအယက် ခုန်ဆင်းနေ လိုက်ကြတာ
ကြောက်မတ်ဖွယ် တစ်စုံတစ်ရာကနေ
ထွက်ပြေးလွှတ်မြောက်ဖို. ကြိုးစားနေကြ သလိုပဲ

ပျံလွားဌက်တွေလည်း
အုပ်စုဖွဲ. ပြန်သန်းလာကြလေရဲ့.......

ညဉ်းတွားသံသဲသဲ
လေနှင့်အတူလွှင့်မျောလာတယ်
ကံကောင်းခွင့်မရရှာတဲ့
အဆိပ်သင့် မတ်မုန်းပွင့်များအတွက်တော့
ဒီဆောင်းက ခါးသက်နေရော့မယ်....

ပြိုးပြိုးပျက်ပျက်....
ဆေးစက်ရောင်စုံချယ်သ.....
ပျော်စရာ...ပွဲတော်ညများ.....
ဝတ်ရုံလွှာပါးပါး....ဆံမျှင်စ ဖါးလျားချ...
အနမ်းတို. လန်းစွင့်ဝင့်ကြွား....
အားလုံးလည်း မူးယစ်ရီဝေ....
ခြေထောက်တွေပျံသန်းနေလိမ့်မယ်....

တစ်ချိန်က...
အောင်မြင်ကျော်ကြားခဲ့တဲ့ ကောင်းကင်ကြီးတောင်မှ
မှုန်လို.မှိုင်းလို. ဒီဇင်ဘာဟန်ဆောင်လို.

ချစ်သူများရဲ. ချိန်းဆိုထားတဲ့နာရီ
စေ့ရောက်ခဲ့ပြန်ပြီ...
ဆွတ်ပျံဖွယ်ဂီတနဲ. .....
အေးစက်စက် ခရစ္စမတ်ည
လရောင်တစ်စွန်းတစ်စကျနေတဲ့
ဝတ်သစ်ချပင်အိုကြီးရဲ.အောက်
ချစ်တဲ့သူရေ
ဒီနှစ်လည်း တစ်ယောက်တည်း
စောင့်မျှော်လွှမ်းရစ်ပေအုံးတော့

စာရွတ်တစ်ရွတ်ကို ငါဆုတ်ဖြဲပြီး
ဒီဇင်ဘာကို ငါမေ့မယ်...။

တာရာမင်းဝေ

အနုပညာမှော်ဝင်စားမှု

ကြေးနီရောင်သင်းတဲ့
မြားကျိုးတစ်စင်းထိမှန်ထားတယ်

လက်ဖ၀ါးခြေဖ၀ါးမှာ
အမေ ၀တ်ပေးခဲ့တဲ့ အရေခွံတွေ ကျွတ်ကွာကျ
ပန်းရောင်ပျပျကလေး ရှင်းပလား.....

တစ်ကယ်တော့
မြို.ပျက်တစ်ခုပါပဲ
ဒါပေမယ့် ..... ဗျက်စောင်းတစ်လတ်ရှိနေလို.
ကိုယ်....ချိုးနေမိတယ်

တာရာမင်းဝေ

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား



ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလိုဖြစ်နေပြီ၊
အားလုံးဒီလို အာဇာနည်နေ့မှာသိုက်သိုက်ဝန်းဝန်းရောက်လာ
တဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။
ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။
ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။
အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတ ဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျိုးရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျိုးရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။
မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။
အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။ ဒါပေမယ့် မွေးကတည်းကမတူလာဘူးဆိုပေမယ့်လည်း ပြုစုပျိုးထောင်မှုနဲ့ ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီး တယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံ သားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။
ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။
တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ် အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းက သူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည် သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှ အာဇာနည်ဖြစ်မှာပါ။
သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။
ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။ သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာ ထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။
အာဇာနည် စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊ တကယ်ပဲ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။ တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာ မလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။
အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာ တစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့ မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည် စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။
အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့ စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့ အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။ တခြားနေရာတွေမှာ တော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။
ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။
တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘ၀တုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘ၀တုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူက အမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘ၀တုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။ သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။
ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရ၀တရားပြည့်ပြည့်၀၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။
ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။
ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။
တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကို မြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့ လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။ မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။
အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘ၀တုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။
ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အ၀နဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလို ကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီး မွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဗြိတိန်ပါလီမန်မှာ- ဇွန် ၂၂၊ ၂၀၁၂

 
လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -
ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။
ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါပဲ။
ကျမ အခုပဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမ အတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်းလမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာပဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။
ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမ ဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။
ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲ လုပ်နိုင်မယ့်သူလို့ မှတ်တမ်း တင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်။
ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ၀က်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက် ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။
ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။
အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာပါဘဲ။
လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံးကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာ မဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက်သွားကြတာဖြစ်ပါတယ်။
ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမ ကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ၊ ငါဘယ်သူ့ကို မဲပေးရမယ် ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူ အပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။
မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁၀ နှစ်၊ ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
၁၉၄၈ မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင်မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။
ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီ ထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။
ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိန်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ၀န်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။
နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။
အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်းတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။
လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအ၀င် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။
ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီ ပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀မှာ ကောင်းကျိုးရလဒ် လက်ငင်း ရနိုင်ပါတယ် ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည် ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင် ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာ ဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။
ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမား အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီး ရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။
ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။
အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ် ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော် ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ် ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထ၀ီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။
ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇ၀င် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်။
နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉၀ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂ်ျတပ်ခ်ျရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ၀င်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီ တွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ် ဆိုတာ အားလုံး သိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
(မိန့်ခွန်းမူရင်း ဗီဒီယိုကိုကြည့်ရှု၍ ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)

Oxford ဒေါက်တာ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှ



ဒီနေ့ကတော့ကျမရဲ့ ဘ၀အစိတ်အပိုင်းများစွာ ပြန်ပေါင်းစပ်တဲ့နေ့ပါဘဲ………… ။ Oxford တက္ကသိုလ်ကြီးထဲက St.Hugh ကောလိပ်ကျောင်းသူဘ၀နှစ်တွေ….၊ Oxford မြို့လေးက Park Town ရပ်ကွက်မှာ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ နှစ်တွေ …….၊ Oxford တက္ကသိုလ်ကြီးက ကျမဘက်က မဆိုင်းမတွန့် ရပ်တည်ပေးခဲ့တဲ့အကျယ်ချုပ်ကျနှစ်တွေ အားလုံးပါဘဲ ။
အဆိုးဝါး အခက်ခဲဆုံး အချိန်တွေမှာ Oxford ရဲ့ အမှတ်ရစရာလေးတွေနဲ့ ကျမ အားတင်းခဲ့တယ် ။ ဒီအမှတ်တရတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ လိုအပ်တဲ့ အရေးပါလှတဲ့ စိတ်ဓါတ်ခွန်အားတွေပါဘဲ ………။
တကယ်တော့ ဒီအမှတ်တရတွေဟာ ရိုးရိုးစင်းစင်းလေးတွေပါဘဲ ။ သူငယ်ချင်းတွေနဲ့ ချာဝယ် Cherwell မြစ်ထဲ့ လှေစီးခဲ့ရတာတွေ ၊ စိန့်ဟူးကောလိပ်မြက်ခင်းပေါ်မှာ ထိုင်ပြီး စာဖတ်ခဲ့ရတာလေးတွေ ၊ ဒါမှမဟုတ်ရင်လည်း တက္ကသိုလ်စာကြည့်တိုက်မှာထိုင်ပြီး စာအုပ်ကို မကြည့်မိဘဲ ပြတင်းပေါက်က ငေးကြည့်မိတတ်တာတွေ ………။ ဒါတွေဟာ ရိုးစင်းပေမယ့် အရမ်းကိုလည်း တန်ဖိုးထားရတဲ့ အမှတ်တရတွေပါဘဲ ။ ဘာကြောင့်လဲဆိုတော့ ကျမပျော်ခဲ့ရတယ်လေ ။ ဒီလို ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ဘ၀လေးကဘဲ မြန်မာပြည်က ပျော်ပျော်ရွှင်ရွှင်နေချင်ပေမယ့် ပျော်ရွှင်ခွင့်မရရှာတဲ့ လူငယ်တွေရဲ့ ဘ၀ကို နားလည်စေခဲ့တယ်။
အခုပြန်ပြီး Oxford တက္ကသိုလ်နဲ့ Oxford ကျောင်းသူကျောင်းသားတွေကို မြင်ရတော့ ကျမရဲ့ အပူအပင်ကင်းတဲ့ ပျော်စရာ ကျောင်းသူဘ၀ကို ပြန်မြင်နေရသလိုပါဘဲ ။ မနေ့ကဘဲ စိန့်ဟူးကောလိပ်ကို ရောက်ခဲ့လို့ကျောင်းသူကျောင်းသားတွေကို မြင်ခဲ့ရသေးတယ်။ ကျောင်းသားဘ၀မှာ ကျမတို့တွေဟာ ပျော်ရွှင်စိတ်ချမ်းသာခဲ့ရပါတယ် ။ အခုကျောင်းသူကျောင်းသားတွေလည်း ပျော်ရွှင်ကြတာပါဘဲလေ ။ သူတို့တွေမှာ ပျော်ရွှင်ဖို့၊ စိတ်ချမ်းသာရဖို့ အခွင့်အရေးရှိတာကိုး…….။
ပျော်ရွှင်စိတ်ချမ်းမြေ့တယ်ဆိုတာ ရိုးစင်းတဲ့ စကားပေမယ့် အရေးကြီးလှပါတယ်။ ဒီက ကျောင်းသူကျောင်းသားတွေရဲ့ မျက်နှာလေးတွေဟာ များသောအားဖြင့် ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းရှိကြတယ် ။ ( hidden agenda ဆိုတဲ့ လျှို့လျှို့ဝှက်ဝှက် စဉ်းစားနေရခြင်းတွေ မပွင့်လင်းတဲ့ အကြံအစည်တွေ ၊ ကြောက်ကြောက်လန့်လန့် တွေးနေမိတာတွေ မရှိဘူး ) ။ မနေ့က မြင်ခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေဟာလည်း ပွင့်ပွင့်လင်းလင်းပုံစံလေးတွေပါဘဲ ။ ကျမတို့ကျောင်းသူဘ၀တုန်းက လွတ်လပ် ပွင့်လင်းကြသလိုပေါ့ ။ ဒီလိုနေနိုင်ဖို့ ကျမတို့မှာ အခွင့်အရေးလည်း ရခဲ့တာကိုး ….။ ဘာကိုမှ မကြောက်ခဲ့ရဘူး ။ ဘယ်သူ့ကိုမှလည်း မကြောက်ခဲ့ရဘူး ။ ဒီတော့ ကျမတို့မှာ ကမ္ဘာကြီးကို ရှင်းရှင်း လင်းလင်း မြင်ဖို့ အခွင့်အရေး ရခဲ့တာ မဆန်းပါဘူး ………..။
သေးသေးမွှားမွှားအဖြစ်အပျက်ကလေးတွေကို ကျမ မှတ်မိနေပါသေးတယ်။ မကြာခဏ သတိရမိတတ်တာက ကျမသူငယ်ချင်း Ann Pasternak-Slate နဲ့ Banbury လမ်းပေါ်မှာ ကားအတူစီးခဲ့တာတွေကိုပါ ။
ကားပေါ်အတူထိုင်ရင်း Ann က ကျမတို့ ၂ ယောက်ရဲ့ ဂျင်းဘာင်းဘီဝတ် ဒူးဂေါင်းတွေကို ကြည့်ရင်း ” ဟင်း…ဒါမတရားဘူးနော်…ဒူးဂေါင်းချင်းတောင် မတူကြဘူး ” လို့ ပြောတတ်တယ် ။ ပြောလည်း ပြောချင်စရာဘဲ ။ ဘယ်လို မတူတာလည်း သေချာမသိပေမယ့် ဒူးတစ်စုံက ချွန်နေပြီး နောက်တစ်စုံက လုံးနေတာတော့ တွေ့တယ် ….( ရယ်သံများ ) ။ ဒါလေးတွေဟာ ကျောင်းသားဘ၀မှာ စိတ်ဝင်တစား သတိပြုမိစရာလေးတွေ၊ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောစရာလေးတွေ ဖြစ်နေတတ်တယ်။ ဟုတ်ပါ့နော် ။ ကျမတို့တွေ ဒူဂေါင်းတောင် မတူရဘူးရယ်လို့ ။
ဒီလိုဘဲ ကမ္ဘာလောကကြီးကလည်း အသွင်မတူတာတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် ကျမတို့ မကြောက်ခဲ့ပါဘူး ။ ကွဲပြားမှုတွေရှိတယ်ဆိုတာ ကျမတို့တွေ ရင့်ကျက်ခိုင်မာတယ်ဆိုတဲ့သဘောမဟုတ်လား ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ဖြစ်လာမယ့် မတူညီတဲ့ပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ကျမတို့ သင်ယူလေ့လာခဲ့ကြတယ်။
ကျမလိုဘဲ ဒီနှစ်မှာ ဒေါက်တာဘွဲ့ရတဲ့ လူတစ်ယောက်ကတော့ စာရေးဆရာ John le Carré ပါဘဲ ။ သူ့ရဲ့ စာအုပ်တွေကလည်း အကျယ်ချုပ်ကျစဉ်ကာလအတွင်းမှာ ကျမကို အတော်အထောက်အပံ့ဖြစ်ခဲ့ပါတယ် ။ စာအုပ်တွေဟာ ထွက်ပေါက်တစ်ခုဘဲ မဟုတ်လား ။ ကျမကတော့ ထွက်ပေါက်ဆိုတာထက် ကျမကမ္ဘာလေးထက် ပိုကျယ်ဝန်းတဲ့ ကမ္ဘာကြီးထဲကို သွားဖို့ ခရီးရှည်ကြီးလို့သာ ဆိုချင်ပါတော့တယ်။ တိုင်းပြည် နိုင်ငံတွေအကြောင်းရေးထားလို့ချည်း ကျယ်ဝန်းတာမဟုတ်ဘဲ အတွေးအခေါ်တွေ စိတ်ကူးစိတ်သန်းတွေပေါ်လည်း အခြေခံထားတယ်လေ ။ ဒီခရီးတွေဟာ ကျမကို ” သြော် ငါဟာ လူ့လောကကြီးနဲ့ လုံးလုံးကြီး အဆက်ပြတ်နေတာ မဟုတ်သေးပါလား ” ဆိုတဲ့ ခံစားမှုကို ပေးခဲ့တယ် ။ ကျမဘယ်တော့မှ အထီးမကျန်ခဲ့ပါဘူး ။ ကျမနေတဲ့ နေရာလေးကနေ ဝေးလံခေါင်သီတဲ့ နေရာတွေကို သွားဖို့ နည်းတွေအများကြီး ရှိနေခဲ့ပါတယ်။
ဒါတွေ ဒါတွေ အားလုံးဟာ Oxford မှာ နေခဲ့ရတဲ့ ကာလတွေကြောင့် ၊ Oxford မှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကြောင့် အဓိကပါဘဲ ။
Oxford ကနေ သင်ပေးလိုက်တာတွေထဲမှာ ကျမအတွက် အရေးအပါဆုံးကတော့ စာအုပ် အထူကြီးတွေဖတ်ပြီး လေ့လာလို့ ရခဲ့ရတာတွေမဟုတ်ဘဲ ” ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီးအတွက် အကောင်းဆုံးစံ အရည်အသွေး တွေကို လေးစားလာတတ်ခြင်း ” ဆိုတာပါဘဲ ……….. ။
ယဉ်ကျေးတဲ့ လူ့ဘောင်အတွက် အကောင်းဆုံးဆိုတာတွေဟာ Oxford တစ်ခုထဲမှာဘဲ ရှိနေတာမဟုတ်ပါဘူး ။ အလားတူဘဲ မြန်မာပြည်မှာချည်းဘဲလည်း မရှိပါဘူး။ ယဉ်ကျေးတဲ့ လူဘောင်ရဲ့ အကောင်းဆုံးအရည်သွေးတွေဟာ ကမ္ဘာအရပ်ရပ် နေရာအနှံ့ကလာတာပါ၊ ဒါပေမယ့် ကျမအတွက်တော့ အဲဒီ အကောင်းဆုံးအရည်အသွေးတွေကို Oxford ဆိုတဲ့ နေရာတစ်ခုမှာ လေ့လာခွင့်ရခဲ့ပါတယ် ။ ဒီသင်ယူလေ့လာခဲ့တာကဘဲ လူ့အဖွဲ့အစည်းရဲ့ သိပ်မကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ရာမှာ အထောက်အကူပေးခဲ့တယ်လေ ။
အကောင်းဆုံးမဟုတ်ဘူး ဆိုတာတွေဟာ တစ်နေ့တော့ အကောင်းဆုံးဆိုတဲ့ အဆင့်ကို ရောက်လာနိုင်သေးတာဘဲ ။ ပြုပြင်တိုးတက်လို့ ရနိုင်တာဘဲ မဟုတ်လား ။ ဒီအချက်ကဘဲ ကျမကို ”လူသားမျိုးနွယ်ရဲ့ မွေးရာပါ ဥာဏ်ပညာ ” အပေါ်မှာ ယုံကြည်မှုကို ပေးစွမ်းခဲ့တယ်။ ဒီဥာဏ်ပညာဟာ လူတိုင်းမှာတော့ မပါဘူးပေါ့လေ ။ ဒါပေမယ့် တကမ္ဘာလုံးနဲ့ ခွဲဝေသုံးနိုင်လောက်အောင် ၊ တခြားလူများအတွက်ပါ မျှဝေသုံးလို့ရအောင်တော့ လူတော်တော်များများမှာ ပါ ပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး မကြာခဏ တွေးမိတဲ့ စိတ်မကောင်းစရာအကောင်းဆုံးတစ်ခုကတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေမှာ တက္ကသိုလ်ကျောင်းဝင်းထဲက Campus Life ကို မရတာ ဆယ်စုနှစ်တွေကျော်ခဲ့ပြီဆိုတာပါဘဲ ။ တက္ကသိုလ်ရဲ့ Campus Life ဆိုတာ ကိုယ့်ဘ၀ကိုကိုယ် စိတ်ကြိုက် တည်ဆောက်နိုင်တဲ့ ဘ၀ ၊ ဒါမှ မဟုတ်ရင်လည်း ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်တဲ့ဘ၀ကို ဆိုလိုတာပါ ။ ကျောင်းသူကျောင်းသားဘ၀ဆိုတာ ဒီလို လုပ်ဖို့ လွတ်လပ်မှု Freedom ဆိုတာလည်း ရှိတယ် ၊ လုပ်နိုင်တဲ့အခွင့်အရေးပေးတဲ့ Facilities ဆိုတာတွေလည်း ရှိတယ် မဟုတ်လား ။
မြန်မာပြည်က လူငယ်တွေကတော့ ဒီလိုလုပ်ဖို့ လွတ်လပ်ခြင်းမရှိတာ ဆယ်စုနှစ်တွေတောင် သုံးလေးခုနီးပါးလောက်ရှိပြီ ။ ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ထားဖို့လိုတယ်ဆိုတာကြီးကြောင့် တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ဆိုတာ တစစီ ပျက်စီးကြေမွခဲ့ရတယ် ။
တကယ်တော့ ဒါမျိုးလုပ်တာက မဖြစ်နိုင် မထိရောက်ပါဘူး …ကျောင်းသားတွေကို ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီးမှန်း လူတိုင်းသိနေတာဘဲလေ ။ ဒါကြောင့် ဒီသဲထဲရေသွန်ဖြစ်မယ့်၊ မလိုလားအပ်တဲ့ လုပ်ရပ်ကြီးအတွက် ကျမတို့တွေ အချိန်တွေ မကုန်သင့်တော့ပါဘူး ။ ကျမအနေနဲ့ မြန်မာပြည်က တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ အဆင့်မှီမှီ ပီပီပြင်ပြင် ပြန်လည်ထွန်းကားလာတာကို မြင်ချင်ပါတယ်။ ကျမရဲ့ Oxford ကျောင်းတော်ကြီးက ဒီလို ပြန်ဖြစ်လာအောင် ကူညီပေးမယ်ဆိုရင် ကျမအရမ်းကို ကျေးဇူးတင်မိမှာပါ ။
” ငါဟာ ကမ္ဘာလောကကြီးအတွက် အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ပေးနိုင်တယ် ” ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု ၊ ” လောကကြီးကလည်း မိမိဆီက အကောင်းဆုံးကို မျှော်လင့်တယ် ” ဆိုတဲ့ ယုံကြည်မှု အပြည့်အ၀နဲ့လူငယ်ဘ၀ကို အစပြုနိုင်ဖို့ရာ ” ကမ္ဘာကြီးဟာ ကိုယ်နဲ့ အပြန်အလှန် ဆိုင်တယ် ” ဆိုတဲ့ ခံစားချက်ကလေးကို မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်ပါတယ် ။
လူသားမျိုးနွယ်ကြီးကို တန်ဖိုးထားတတ်အောင် Oxford က ကျမကို သင်ပေးခဲ့ပါတယ်။ Oxford မှာတက်စဉ် ပထမ ( ၂ ) နှစ်လောက်အတွင်း ကျမက တစ်ဦးတည်းသော မြန်မာကျောင်းသူလေ ။ ကျမသူငယ်ချင်းတွေဟားလုံးက အင်္ဂလိပ်တွေ ချည်းမဟုတ်ဘဲ ဂါနာ၊ အိန္ဒိယ ၊ ထိုင်း ၊ သီရိလင်္ကာ နဲ့ တခြားနိုင်ငံတွေကလည်း ပါကြတယ်။
သူတို့နဲ့ ကွဲပြားတယ်လို့ဘဲ တခါမှ မခံစားမိခဲ့ပါဘူး ။ အားလုံးအတူတူဘဲ ..အားလုံး တက္ကသိုလ်တစ်ခုတည်းက ကျောင်းသူ၊ ကျောင်းသားတွေဘဲ ။ ဒီအချက်ကြောင့်ဘဲ ဘယ်အရာကမှ ကျမတို့ကို ခွဲခြားလို့မရသလို ခံစားရစေတယ်။ ဘာသာ၊ လူမျိုး ၊ နိုင်ငံသား ၊ ကုန်ကုန်ပြောရရင် ကျောင်းပညာဘယ်လောက်တော်သလဲ ဆိုတာကတောင် ကျမတို့ကို ကွဲပြားတယ်လို့ မခံစားရစေဘူး။
Oxford ဟာ တကယ့်ကို စိတ်ဓါတ်ပွင့်လင်းမှုရှိတဲ့ နေရာတစ်ခုပါဘဲ ။ ဘယ်သူကဘယ်သူ့ကိုမှ နင်နဲ့ ငါက မတူဘူး ဆိုပြီး ခွဲခြားဆက်ဆံတယ်ရယ်လို့ မရှိဘူး ။ သူများလောက်မတော်လို့ ခွဲခြားဆက်ဆံခံရတယ်လို့လည်း မရှိဘူး ။ လူတိုင်းလူတိုင်းမှာ သူ့ရဲ့ တန်ဖိုးနဲ့ သိက္ခာ ရှိတယ်လို့ သတ်မှတ်ထားတဲ့နေရာ တစ်ခုပါ ။
ဒါကြောင့်ဘဲ မြန်မာပြည်မှာ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေစဉ်အတွင်းမှာ ” သြော်..ငါ့တက္ကသိုလ်ကြီးက သဘောကျမယ့်ဟာတစ်ခုကို ငါလုပ်နေတာပါလား” ရယ်လို့ ကျေနပ်ခံစားမိတယ်။ ကျမနောက်မှာ နှစ်ခြိုက်အားပေးမှု တစ်ခုရှိနေတယ်ဆိုတာ သိရတာ အင်မတန် အားတက်ရပါတယ်။
မြန်မာပြည်ဟာ အခုမှ ခရီးလမ်းတစ်ခုကို စတင်လျောက်လှမ်းရမှာပါ ။ အဲဒီလမ်းက အင်္ဂလန်က လမ်းတွေလိုတော့ ဘယ်ဟုတ်ပါ့မလဲ ။ မချောမွေ့ဘူး ။ ကောင်းကောင်းပြုပြင်ထိန်းသိမ်းထားတဲ့ လမ်းမျိုးမဟုတ်ဘူး။ အဲဒီလောက်ကောင်းတဲ့ လမ်းအဆင့်မျိုး မရောက်သေးပါဘူး ။ အခုမှ ကျမတို့ဖာသာ ကျမတို့ စဖောက်ရမယ့်လမ်း၊ ရှေ့ကို ဆက်သွားရင်းနဲ့ နည်းနည်းချင်း ဖောက်သွားရမယ့် လမ်းမျိုး ဆိုပါတော့ ။
ခုချိန်မှာ များစွာသောလူတွေက မြန်မာပြည်ကို အဆမတန် မျှော်လင့်နေကြတယ် ။ သူတို့တွေထင်တာက မြန်မာပြည်က ကျမတို့ရဲ့ လမ်းဟာ ကျမသွားခဲ့ဖူးတဲ့ London နဲ့ Oxford ဆက်ထားတဲ့ ဟိုင်းဝေးလမ်းမကြီးတစ်ခုလောက် ချောမွေ့နေတယ်လို့ ထင်နေပုံပါဘဲ ။ ကျမဖြင့် ချောလွန်း ဖြောင့်လွန်းလို့ အဲဒီ ဟိုင်းဝေးလမ်းတွေမှာ ကားတောင် မူးမိပါရဲ့ ။ ဒီလောက် ချောမွေ့ဖြောင့်တန်းလွန်းတာကို ကျမမှ ကျင့်သားမရတာကိုး ….။( ရယ်သံများ )
မြန်မာပြည်က ကျမတို့ရဲ့လမ်းကတော့ ခုမှ ကိုယ့်ဟာကို ဖောက်ရမှာပါ ။ ခက်ခက်ခဲခဲ ဖြည်းဖြည်းချင်းပေါ့ ။ ကျမတို့တွေက ဒီလို လမ်းဖောက်နေတုန်း လူကြီးမင်းတို့ကလည်း ကျမတို့နဲ့ အတူ အားပေးရပ်တည်ပေးလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ် ။ အပြင်မှာ လက်တွေ့မရှိသေးပေမယ့် ကျမတို့ နှလုံးသားနဲ့ စိတ်ထဲမှာ ဒီလမ်းဟာ ရှိပြီးသားဆိုတာ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သွားချင်တဲ့ နေရာကို ရောက်ဖို့ လူကြီးမင်းတို့ အကူအညီလည်း လိုဦးမှာပါ ။
ဒါဖြင့် ကျမအနေနဲ့ မြန်မာပြည်ကို ဘယ်လမ်းမျိုး သွားစေချင်သလဲ ဆိုတာ မေးစရာရှိလာပါတယ် ။ ၂၄ နှစ်အတွင်း ကျမရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်က ဒီဥရောပခရီးမဟုတ်ဘဲ ထိုင်းကို သွားခဲ့တာပါ ။ ထိုင်းမှာ ရှန်ဂရီလာဆိုတဲ့ ဟိုတယ်မှာ တည်းခဲ့တော့ ” ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း ” ဆိုတဲ့ စာအုပ်ကို သတိရမိပါရဲ့ ။ အဲဒီထဲမှာ ရှန်ဂရီလာကို Oxford သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတာ သိကြမှာပါ ။ ( ရယ်သံများ ) ကျမလည်း မြန်မာပြည်ကို အောက်စဖို့ ရှန်ဂရီလာလေးတစ်ခုလို ဖြစ်စေချင်မိပါတယ်………..။
ကျမလုပ်ချင်တာကတော့ ကြိုးစားမှု ၊ ဗဟုသုတနဲ့ ခေတ်မှီသုတေသနတွေကို အခြေခံပြီး လက်တွေ့ကျတာမျိုး လုပ်ချင်ပါတယ် ။ ဒီလို လုပ်ဖို့ရာမှာ မ,တည်ဖို့ ငွေ ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး ။ ဒီခေတ်မှာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုရင် ငွေဆိုတာ လိုစမြဲမဟုတ်လား ။ ဒီလိုပြောရတာကတော့ မြန်မာပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံစေချင်လို့ပါ ။ ဒီလို ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း မှန်မှန်ကန်ကန် တာဝန်ယူရဲတဲ့စိတ်နဲ့ လုပ်ဖို့လိုပါတယ် ။ လာပြီး ရင်းနှီးမြုပ်နှံသူတွေသာမက မြန်မာပြည်သူတွေပါ ဒီရင်းနှီးမြုပ်နှံမှုတွေကနေ အကျိုးရှိရမယ်ဆိုတာ မမေ့သင့်ပါဘူး ။
စီးပွားရေးလုပ်ငန်းတွေ ၊ လူသားအကျိုးပြု လုပ်ငန်းတွေအားလုံးဟာ ရင်းနှီးမြုပ်နှံမှုတွေတွေပါဘဲ ။ ဒီလိုရင်းနှီးမြုပ်နှံရာမှာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို ဦးစားပေးတဲ့ မြုပ်နှံမှုမျိုး ( democracy-friendly , human-rights-friendly ) ဖြစ်အောင် ကူညီပေးကြပါ ။ လူကြီးမင်းတို့တန်ဖိုးထားရပ်တည်ရတဲ့ စံတွေ တန်ဖိုးတွေ၊ လူကြီးမင်းတို့က ကျမကို Oxford မှာ သင်ပေးလိုက်တဲ့ စံတွေ တန်ဖိုးတွေ မြန်မာပြည်မှာ ရှိလာအောင် ဒီရင်းနှီးမြုပ်နှံမှုတွေက အကူအညီပေးမှာပါ ။
ဒီနေ့ကတော့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားကြည်နူးရတဲ့နေ့ပါဘဲ ။ ဘာကြောင့်လည်း ဆိုတော့ အမြဲတမ်း ရှိနေတဲ့ ၊ ဘယ်တော့မှ ပျောက်မသွားတဲ့ အတိတ်ကို ပြန်တွေ့ခဲ့ရတယ် ။ အနာဂတ်ကို သွားဖို့ အဲဒီ ပျောက်မသွားတဲ့ အတိတ်ကနေ အကောင်းဆုံးစံ၊ အရည်အသွေးတွေကို ရွေးချယ်အသုံးချလို့ ရပါတယ် ။ စိန်ဟူးကောလိပ်မှာ နေတုန်းက ကာလတွေအားလုံးကို တခုမကျန် သတိရမိတယ် ။ အဆောက်အဦးသစ်တွေ ပေါ်လာပေမယ့် အသစ်တွေဟာ အဟောင်းတွေနဲ့ သဟဇာတဖြစ်ဖြစ် ရောယှက်ပေါင်းစပ်နေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒီလို အဆင်ပြေပြေ သဟဇာတဖြစ်ဖြစ် ရပ်တည်နေနိုင်မှုဟာ အနာဂတ်အတွက် အင်မတန်ကောင်းတဲ့ မြင်ကွင်းပါဘဲ ။
ကျမတက်ခဲ့တဲ့ ကောလိပ်ကို ပြန်လာရတာ သိပ်ဂုဏ်ယူမိပါတယ် ။ ကျမတို့ အဖွဲ့ကို ကျောင်းအုပ်ဆရာကြီး၊ သူ့မိသားစုနဲ့ ကျောင်းသူကျောင်းသားတွေက နွေးနွေးထွေးထွေး ကြိုဆိုလို့လည်း ပီတီဖြစ်မိပါတယ် ။ ကျောင်းသူကျောင်းသားတွေရဲ့ နွေးထွေးမှုဟာ တကယ်ဘဲ ၀မ်းသာကြည်နူးစရာပါ ။
ကျမ ဟိုးအရင်ကျောင်းသူဘ၀ကို ပြန်ရောက်သွားတယ်လို့ ခံစားရတယ် ။ သူတို့နဲ့ ကွဲပြားတယ်လိုကို တစက်မှ မခံစားရပါဘူး ။ တနည်းအားဖြင့် အခု ကျမဟာ ဟိုးအရင်က Oxford ကျောင်းသူ အောင်ဆန်းစုကြည်ပါဘဲ ။ ဒါပေမယ့် ကျမရင်ဆိုင်ခဲ့ရတဲ့ ဘ၀အတွေ့အကြုံအမျိုးမျိုးကြောင့် တနည်းအားဖြင့်လည်း အရင်က ကျမနဲ့ အခုကျမဟာ ကွဲပြားနေပြန်ပါတယ်……….။
ဒီအတွေ့အကြုံဟောင်းတွေကို အောက်စဖို့ဒ် မှာ အခု ကျမပြန်လည် ခံစားမိပါတယ်။ အတွေ့အကြုံသစ်တွေကို ပေးစွမ်းဖို့၊ သိုမှီးဖို့ ရာလည်း အောက်စဖို့ဒ်ဟာ ကျယ်ပြန့်ကြီးးမားပါပေတယ် ။
ပြောခဲ့သလိုဘဲ ကျမတို့လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့်အောက်စဖို့ဒ်က အတတ်နိုင်ဆုံး ကူညီပေးလိမ့်မယ်ဆိုတာ ကျမသိပါတယ်။ ကျမကို ရင်နှစ်သည်းချာတယောက်လို သဘောထားခဲ့တဲ့ Oxford ရဲ့ ကျေးဇူးကြောင့် ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အစွမ်းကုန်ဖြေရှင်းဖို့ အားအင်တွေ ရခဲ့ပါတယ် ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ် ………။
Credit to moemaka (မိုးမခ)

နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့နဲ့နောက်ဆုံးနေ့

နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့

 
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ အဆောက်အအုံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားသော မိန့်ခွန်းကောက်နှုတ်ချက်။

“နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။
ကျမတို့ နိုင်ငံ ကျမတို့ မျှော်မှန်းတဲ့ ခိုင်မာညီညွတ် သာယာဝပြောတဲ့နိုင်ငံကြီးတခု ဖြစ်လာပါလိမ့်မယ်။ နိုင်ငံ တနိုင်ငံက တကယ်တော့ ပြည်သူများနဲ့ ပေါင်းစည်းပြီးတော့ ဖွဲ့ထားတာပါ။

အဲဒီတော့ နိုင်ငံတနိုင်ငံရဲ့ အရည်အချင်း၊ နိုင်ငံ တနိုင်ငံရဲ့တန်ဖိုးက နောက်ဆုံးကျတော့ ပြည်သူတွေ တဦးချင်းစီ တဦးချင်းစီိရဲ့ တန်ဖိုးတွေ ပေါင်းစည်းခြင်းအားဖြင့် တဦးချင်းက နိုင်ငံပေါ် ထားတဲ့ မေတ္တာတရားနဲ့ တဦးပေါ် တဦး ဆက်ဆံမယ်ဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာ မဟုတ်ဘဲနဲ့ ကျမတို့ တနိုင်ငံလုံး အတွက် မျှော်လင့်စရာတွေ အများကြီးရှိတယ်လို့ ကျမယုံကြည်ပါတယ်။ တူညီတဲ့ ဒီမိုကရေစီ လိုလားတဲ့ စိတ်ဓာတ်အပေါ်မှာ အခြေခံပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်”

“တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများကို လေးလေးနက်နက်ကို ကျေးဇူးတင်ပါတယ်။ အခိုင်မာဆုံး မဟာမိတ်တွေက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ၂၅ နှစ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေက ကျမတို့ရဲ့ မဟာမိတ်တွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။ အဲဒီလို ရပ်တည်ခဲ့တဲ့အခါမှာ ကျမတို့အတွက် အင်မတန်မှ အင်အားဖြစ်စေပါတယ်။ ကျမတို့နိုင်ငံက တကယ့်ကို ခိုင်မာတဲ့ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ကျမတို့ကို ပေးခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားထဲက ကျမတို့ကို လက်မလွှတ် လက်တွဲခဲ့တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့များကြောင့် ဒီယုံကြည်ချက်က ခိုင်မာခဲ့ရပါတယ်”


"မရှိသေးတဲ့ကုလားထိုင်ကို လုနေကြရင် ကုလားထိုင်ပေါ်လာတဲ့အခါ ဘယ့်နှယ်လုပ်မလဲလို့။
အခုတော့ ဘယ်လိုပဲပြောပြော ကျမတို့ အဖွဲ့ချုပ်အတွင်းမှာ ကုလားထိုင်တွေ ပေါ်လာတဲ့အခါ ကျတော့ လုတာလေးတွေရှိတယ်ဆိုတာကျမတို့ ဝန်ခံရမှာပဲ။ ဒါဟာ ကျမတို့ ရင်ဆိုင်ရမယ့် ကိစ္စဖြစ်တယ်။
ကျမတို့ဟာ တာဝန်ယူတဲ့စိတ်နဲ့ အလုပ်လုပ်ရမှာပါ။နေရာယူတဲ့စိတ်နဲ့ အလုပ်လုပ်ရမှာ မဟုတ်ပါဘူး။"


"နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုခေါ်ချင်လို့ရှိရင် ကိုယ့်မှာရည်မှန်းချက်တွေရှိရမယ်။ မူဝါဒတွေရှိရမယ်။
ခိုင်ခိုင်မာမာကိုင်စွဲထားတဲ့ ယုံကြည်ချက်တွေရှိရမယ်။ ယုံကြည်ချက်အတွက် အားလုံးကိုစွန့်လွှတ်နိုင်တဲ့ သတ္တိရှိရမယ်။
အဲ့လိုသတ္တိမရှိရင်ကိုယ့်ကိုယ်ကိုနိုင်ငံရေးသမားလို့မခေါ်သင့်ပါဘူး။"



 
ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတာအင်မတန်မှ အဖိနှိပ်ခံခဲ့ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ရဲ့ အမြင်မှာတော့ ကိုယ့်ယုံကြည်ချက် အတွက် ကိုယ်အဖိနှိပ်ခံရတာကို ဂုဏ်ယူ ရမယ်။ ကျေနပ်ရမယ်။ ကိုယ့်ယုံကြည်ချက် အတွက် ကိုယ်လုပ်တာကို ကျွန်မအမြင် မှာတော့ ကျွန်မဒီလမ်းလျှောက်တာ ကျွန်မလျှောက်ချင်လို့လျှောက်တယ်။ ကျွန်မယုံကြည်လို့ ကျွန်မရွေးတယ်။ ကျွန်မကို ဒီအတွက်ချီးမွမ်းစရာလည်း မလိုဘူး။ ကျေးဇူးတင်စရာလည်းမလိုဘူး။



ကျွန်မကျေနပ်လို့လုပ်တဲ့ ကိစ္စကိုကျွန်မ တို့အားလုံးဟာ ဒီမိုကရေစီအတွက် လူ့ အခွင့်အရေးအတွက် ကျွန်မတို့နိုင်ငံအတွက် လှုပ်ရှားရုန်းကန်တဲ့နေရာမှာ ကိုယ်လုပ် ချင်လို့၊ ကိုယ်စေတနာရှိလို့၊ ကိုယ်ယုံကြည် လို့လုပ်တဲ့ကိစ်္စမို့လို့ ဒီဟာကိုစိတ်ဓာတ်ပြည့် ပြည့်၀၀နဲ့ လုပ်ကြပါ။ ဘာအကျိုးမှ မျှော်ကိုးပြီးတော့ မလုပ်ကြပါနဲ့လို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံပါတယ်။ အကျိုးမျှော် ကိုးပြီးတော့ လုပ်တယ်ဆိုတာမှာ ပေးဆပ် ခြင်းမဟုတ်ပါဘူး။ ဒါအရောင်းအ၀ယ်လုပ် သလိုပါပဲ။ ဒါပေးလို့ ဒါပြန်လိုချင်တယ် ဆိုတာဟာ ဒါအရောင်းအ၀ယ်အင်မတန် မှ ဆန်ပါတယ်။ ပေးတယ်ဆိုတာ လွတ် လွတ်လပ်လပ်ပေးရပါတယ်။ တကယ့်ကို ပေးချင်တဲ့ စိတ်ဓာတ်နဲ့ နှလုံးသားထဲက နေပြီးတော့ စေတနာနဲ့ ပေးရပါတယ်။ အဲဒီလို ပေးတယ်ဆိုရင်ဘာမှပြန်ပြီးတော့ လိုချင်တဲ့ စိတ်ဓာတ်မပါရပါဘူး။ ကျွန်မ တို့ရဲ့ နိုင်ငံအတွက်လုပ်တယ်ဆိုရင်၊ ပြည်သူအတွက်လုပ်တယ်ဆိုရင်နိုင်ငံတိုး တက်တာ၊ ပြည်သူဖွံ့ဖြိုးတာ၊ ပြည်သူချမ်း သာတာဒါကိုပဲ ကျွန်မတို့လိုချင်တဲ့ စိတ်ဓာတ်ထားရပါလိမ့်မယ်။ ကျွန်မတို့ အဖွဲ့ချုပ်အတွက်ကော၊ တစ်ဦးချင်းအတွက် ကော အကျိုးကိုမျှော်ကိုးပြီးတော့ လုပ်တဲ့ ဟာမျိုးတော့မဖြစ်သင့်ပါဘူး။

(ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့တာဘယ်လောက်ခံခဲ့ရတယ်ဆို တာ ကျွန်မသိပါတယ်။ ဒါပေမဲ့လည်း ဒီလိုခံခဲ့ရတဲ့ ကိစ္စတွေကို ရှေ့တန်းမတင် ဘဲနဲ့ ကျွန်မတို့နောက်ဘယ်လိုတခြားလူ တွေမရအောင်လို့လုပ်မယ်ဆိုတဲ့ စိတ်ဓာတ် တွေနဲ့ ကျွန်မတို့ ဆက်လက်ပြီးတော့ သွားသင့်တယ်လို့ကျွန်မထင်ပါတယ်။)

(ကျွန်မတို့နိုင်ငံရေးပြိုင်ဆိုင်မှုတွေ လုပ်တဲ့အခါမှာ ဒီမိုကရေစီနည်းကျကျ ဒီမိုရေစီလုပ်ထုံးလုပ်နည်းအရပြိုင်ဆိုင်သွား ရမယ်။ အဲဒီလိုပြိုင်ဆိုင်သွားတယ်ဆိုတာ ရန်ဖက်ဖြစ်သွားတာမဟုတ်ဘူး။ ကျွန်မ တို့ရန်ဖက်မဖြစ်ဘဲနဲ့ ပြိုင်ဆိုင်တတ်တဲ့ အရည်အချင်းတွေကို ကျွန်မတို့မွေးမြူရ မှာဖြစ်ပါတယ်။ ဒါဟာ အားကစား သမားတွေဆိုလို့ရှိရင်နားလည်ပါလိမ့်မယ်။)

(နိုင်ငံရေးပြိုင်ပွဲမှာ နိုင်ချင်တယ်ဆို လို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ နည်းတွေနဲ့ ဘဲနိုင်ဖို့ ကျွန်မတို့ဟာ ဦးတည်ရမှာဖြစ် ပါတယ်။ မမှန်မကန်တဲ့နည်းတွေနဲ့ အနိုင် ယူတာဟာတကယ်တော့ ရှုံးတာနဲ့အတူ တူပါပဲ။ ပိုပြီးတော့တောင်မှ ဆိုးပါသေး တယ်။ မှန်မှန်ကန်ကန်နည်းတွေနဲ့ ၀င်ပြိုင် လို့ရှုံးတာဟာ မမှန်မကန်နည်းတွေနဲ့ နိုင် တာထက်အင်မတန်မှ ပိုပြိးတော့ အဆင့် မြင့်ပါတယ်။ သိက်္ခာရှိပါတယ်။ မမှန်မကန် တဲ့နည်းတွေနဲ့ နိုင်တယ်ဆိုတာဟာ နိုင်ရ ကျိုးမနပ်ရုံတွင် မကရှုံးတာထက်တောင် ပိုပြီးတော့ သိက်္ခာမဲ့တယ်ဆိုတာ ကျွန်မ တို့ နိုင်ငံရေးလုပ်တဲ့သူတွေအားလုံးနားလည် ဖို့လိုပါတယ်။ လက်ခုပ်သံများ)

(ဒီမိုကရေစီဆိုတာ စည်းမဲ့ကမ်းမဲ့ မဟုတ်ပါဘူး။ ကျွန်မစည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို ကျွန်မ မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ သူ့စည်းသူ့ကမ်းပါပြီး သားပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ပြောစရာမလိုပါဘူး။ (လက်ခုပ်သံများ) ဒီမိုကရေစီရဲ့ တန်ဖိုးကို နှိပ်ချသလိုပဲလို့ ကျွန်မဒီလိုပဲမြင်ပါတယ်။)

(ပြောသင့်ပြောတိုက်တာတွေကို ပြောရမယ့်ကိစ္စတွေမှာ လုပ်သင့်လုပ်ထိုက် တာတွေကို လုပ်ရမယ်ကိစ္စတွေမှာ ဘယ်သူ့ကိုမှ ကြောက်နေလို့မဖြစ်ပါဘူး။)

(ကျွန်မတို့နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အရည်အသွေးဘယ်လောက်ရှိလဲဆိုတာ မူတည်ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ တိုးတက် မှုဟာဖြစ်ပေါ်မှာပါ။ နိုင်ငံတစ်နိုင်ငံကို တိုးတက်ဖို့ဆိုတာ နိုင်ငံသူ၊ နိုင်ငံသား လျစ်လျူရှုထားလို့မရပါဘူး။ အစိုးရတစ် ခုထဲလုပ်လိုမရပါဘူး။ နိုင်ငံသူ၊ နိုင်ငံသား တွေကို အားမကိုးတဲ့ အစိုးရဆိုရင် ဒီမိုကရေစီအစိုးရမဟုတ်ပါဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အရည်အချင်းကို အားကိုးပြီးမှ ဒီနိုင်ငံကို တိုးတက်အောင် လုပ်မယ်လုပ်ရမယ်ဆိုတာ နားလည်မှ သာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ် ရေးပေါ်ပေါက်လာမှာပါ။)





ဒေါ်အောင်ဆန်းစုကြည်

ကျမတို့ဟာ ပန်းတိုင် မရောက်သေးပါဘူး

 
 
ငြိမ်းချမ်းရေးကို မျက်ခြေမပြတ် စုပေါင်းအားထုတ်ခြင်းအားဖြင့် နိုင်ငံတိုင်း လူမျိုးတိုင်းကြားမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေ ရရှိလာနိုင်တယ်။ လူသားသဘာဝမှာ အကောင်း အဆိုးတွေ ရှိနေပေမဲ့၊ အကောင်းတွေ အားကောင်းလာအောင်နဲ့ အဆိုးတွေ လျော့ပါးအောင် လုပ်နိုင်တာဟာ လူသားပဲဖြစ်တယ်။


‘ငြိမ်းချမ်းရေးဆိုတာအဆင်ပြေညီညွတ်မှုတွေကို ဟန့်တားနှောင့်ယှက်မယ့် အရာတွေ မရှိတော့ခြင်းကနေ ပေါ်ထွက်လာတဲ့ ပျော်ရွှင်မှု’



“ ကျမတို့ဟာ ပန်းတိုင် မရောက်သေးပါဘူး။ ပန်းတိုင်ကိုရောက်ဖို့က ဥာဏ်နဲ့၊ ၀ီရိယနဲ့၊ လုံ့လနဲ့ လိုပါတယ်။
ဒီတိုက်ပွဲကြီးဟာ နှလုံးရည် တိုက်ပွဲကြီးမို့လို့ ဥာဏ်ပညာကို သုံးဖို့ အများကြီးလိုပါတယ်။
ကျမတို့ ပြည်သူလူထုဟာလုပ်တဲ့အရာတိုင်းကို ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား လုပ်ရပါမယ်။ အများအကျိုးကို ဦးတည်ရပါမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

သိက္ခာရှိဖို့

 
" ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ

ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။
ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင်

ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။ ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။
နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။

အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်းမရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။
ပြည်သူလူထုအားလုံးပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ "
 
ဒေါ်အောင်ဆန်းစုကြည်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊မကွေးမြို့

 
(အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၁၊ ၂၀၁၂)
“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေဆိုတာ မမေ့ပါနဲ့။

ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရထိုက်ပိုင်ခွင့်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပါ။ ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လားဆိုတာကို ဆင်ခြင်ကြပါ။ တချို့ကျတော့ နိုင်ငံတော်ရဲ့ပိုက်ဆံထုတ်သုံးပြီးတော့ ကိုယ်တိုင်လုပ်ပေးနေသလိုမျိုး ပုံစံထုတ်တာမျိုး ရှိသေးတယ်။ ဒါတွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။”

(မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က ဒေသခံလူထုကို တနင်္ဂနွေနေ့က မိန့်ခွန်း)

အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ
အင်မတန် သြဇာရှိတဲ့ ရာထူးတွေရခဲ့ရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။ စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ

(ဒီဇင်ဘာလ ၉ ရက်နေ့ ၊ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲ)

.................. ''နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး။ ပြည်သူက ဆင်းရဲတာပါ၊ နိုင်ငံက ဒီလောက်ဆင်းရဲတာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်မအမြဲတမ်း ဒီဟာကို ခွဲခြားပြီးပြောပါတယ်။ ပြည်သူဆင်းရဲတာနဲ့၊ နိုင်ငံဆင်းရဲတာနဲ့၊ ကျွန်မတို့ နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် သဘာဝသယံဇာတပစ္စည်း အများကြီးကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ နိုင်ငံသူ နိုင်ငံသားတွေအရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊ မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်များများ အချည်းနှီးပဲ။ ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။ အင်မတန်မှ ကမ္ဘာက တန်ဖိုးထားတဲ့ ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ မစောင့်ရှောက်နိုင်ခဲ့လို့။ တချို့က ပြောတာပေါ့။

ကျွန်တော်တို့ ကျွန်မတို့ ဆိုင်တာမှ မဟုတ်ဘဲ။ အစိုးရက သူတို့လုပ်ချင်တိုင်း လုပ်သွားတာပဲလို့ မှန်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိတာပဲ။ အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ အင်မတန် သြဇာရှိတဲ့ ရာထူးတွေရခဲ့ရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။ စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ''
Credit to May Popa facebook

လက်ပန်းတောင်းတောင်၊ကြေးစင်တောင်ဒေသခံများနှင့်တွေ့ဆုံပွဲ

 
29.11.12 “ကျွန်မတို့နိုင်ငံက ဒီမိုကရေစီစနစ်ကို လျှာက်လှမ်းနေတယ်ဆိုပေမယ့် ဒီလမ်းဟာ အင်မတန်ခက်ခဲကြမ်းတမ်းပါတယ်။ဒီလမ်းဟာ ဖြူးဖြူးဖြောင့်ဖြောင့် လမ်းကြီးလည်းမဟုတ်ပါဘူး။ဒီလမ်းကိုလျှောက်ဖို့ဆိုတာ ကျွန်မတို့ပြည်သူလူထုမှာ တာဝန်တွေအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့ကံကြမ္မာကိုယ် ပြည်သူလူထုတွေ ကိုယ်တိုင် ဆုံးဖြတ်ယူဖို့ပေးထားတဲ့စနစ်ပဲ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးယူနိုင်တယ်။ဆုံးဖြတ်နိုင်တယ်။ ထမ်းဆောင်ရမယ့်တာဝန်တွေလည်းအများကြီးရှိပါတယ်။အဲဒီတော့ ဒီမိုကရေစီရဲ့အခြေခံလိုအပ်ချက်တစ်ခုက ဘာလဲဆိုတော့ အခက်အခဲတွေရှိရင် ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နဲ့ ပြေလည်အောင်ကြိုးစားရမည့်တာဝန် တစ်ခု ရှိပါတယ်။ပြည်သူလူထုကိုမေတ္တာရပ်ခံချင်ပါတယ်။အဲဒီလိုခက်ခဲတဲ့လမ်းတစ်ခုကိုလျှောက်နေတဲ့အချိန်မှာတက်ညီလက်ညီနဲ့ ရိုင်းပင်းကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။လက်ညီတက်ညီလုပ်တယ်ဆိုတာ မလွယ်ကူပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်ချင်တာတွေချည်း လုပ်နေလို့မရပါဘူး။အများနဲ့ညီအောင်လို့ အများကောင်းကျိုးအတွက် ကိုယ့်ရဲ့အကျိုးကို နောက်မှာထားပြီးလုပ်ရမယ်။အဲဒီလိုလုပ်မှသာလျှင် ကျွန်မတို့နိုင်ငံကြီးဟာ တိုးတက်လာမှာဖြစ်တယ်။အခုဒီဒေသမှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်မတို့က နိုင်ငံကြီးသားအမြင်နဲ့ကြည့်ရမယ်။ကျွန်မတို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ အဆင့်ရှိတဲ့နိုင်ငံလို့ ကမ္ဘာကအသိအမှတ်ပြုတဲ့နိုင်ငံတစ်ခုဖြစ်အောင် ဘယ်လိုနေမှာလဲ ဘယ်လိုထိုင်မှာလဲ ဘယ်လိုပြဿနာတွေ ကိုဖြေရှင်းမှာလဲ ကျွန်မတို့ကြည့်ရမယ်။ကိုယ့်နိုင်ငံသိက္ခာရှိဖို့ဆိုတာ လူတိုင်းလူတိုင်းမှာတာဝန်ရှိပါတယ်။တစ်ဦးတစ်ယောက်နဲ့မရဘူး။အဖွဲ့အစည်းတစ်ခုတည်းနဲ့လည်းမရဘူး။ အစိုးရတစ်ခုတည်းနဲ့လည်းမရဘူး။ပြည်သူလူထုအားလုံးနဲ့မှ ကျွန်မနိုင်ငံသိက္ခာရှိအောင် လုပ်နိုင်မှာပါ။ကျွန်မ ပြည်သူတွေနဲ့ဆက်ဆံတဲ့အခါမှာ ပြည်သူတွေအကြိုက်ကို အမြဲလိုက်လုပ်တဲ့သူမဟုတ်ပါဘူး။မှန်တဲ့အတိုင်းပဲ ကျွန်မကပြောပြီး ပြည်သူတွေကလည်း ကျွန်မကိုမကြိုက်ရင်မကြိုက်ဘူးလို့ ပြောခွင့်ရှိတယ်။ကြိုက်ရင်လည်းကြိုက်တယ်လို့ ပြောပိုင်ခွင့်ရှိတယ်။ တစ်ခုတော့သေသေချာချာကတိပေးနိုင်တယ်။ လှည့်ဖျားတတ်တဲ့နိုင်ငံရေးမျိုးကိုတော့ ကျွန်မဘယ်တော့မှမလုပ်ပါဘူး။ခဏတာပေါ်ပြူလာဖြစ်ချင်လို့လုပ်တဲ့ နိုင်ငံရေးမျိုးလည်းကျွန်မမလုပ်ဘူး။နိုင်ငံရဲ့ရေရှည် အကျိုးကိုကြည့်ပြီး ကျွန်မလုပ်သွားမှာပါ။ဒီလို ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကိုကြည့်ပြီးလုပ်တဲ့အခါမှာ ကျွန်မမှာအားနည်းချက်တွေရှိရင်လည်း ၀ိုင်းပြီးပြုပြင်ပေး ကြပါ။လက်ခံသွားဖို့အဆင်သင့်ပါဘဲ။ဒါပေမယ့် ပြည်သူတွေကလည်း သေသေချာချာစဉ်းစားရမယ်။ သဘောထားကြီးရမယ်။အမြင်ကျယ်ရမယ်။ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာအဓိက လိုအပ်ချက်က အမျိုးသား ပြန်လည်ရင်ခြားစေ့ရေးဘဲ။အမျိုးသားပြန်လည် ရင်ခြားစေ့ရေးဆိုတာဘာလဲဆိုရင် ဆယ်စုနှစ်ပေါင်းမြောက်များစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ လူမျိုးတွေ အုပ်စုတွေ နိုင်ငံအကျိုးအတွက် အတူထမ်းဆောင်နိုင်ဖို့ကိစ္စပဲဖြစ်ပါတယ်။ဒီလိုလုပ်ဖို့ဆိုလို့ရှိရင် ကျွန်မတို့ပြည်သူတွေအားလုံးဟာ ရေရှည် အမြင်နဲ့လုပ်ဖို့လိုပါတယ်။အဲဒီလို ရေရှည်အမြင်နဲ့လုပ်မှ အောင်မြင်နိုင်မှာပါ။အခုဒီဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို ကျွန်မက ရေရှည်အမြင်နဲ့ ဖြေရှင်းဖို့ရည်ရွယ်ပါတယ်။ အဲဒီအခါမှာ ပြည်သူတွေက ၀ိုင်းပြီးကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းတဲ့အခါမှာ ပြည်သူတွေကထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုထောက်ခံမှုရအောင် ပြည်သူတွေအကြိုက် ရေတိုအမြင်တွေနဲ့ ချမှတ်ပြီးရယူလို့ရှိရင်လည်းရေရှည်မှာအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မပြည်သူနဲ့ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်နဲ့ဆက်ဆံမယ်။မလှည့်ဖျားဘူး။ ဒီတော့ကျွန်မရဲ့ဆုံးဖြတ် ချက်တွေလုပ်ကိုင်ပုံတွေကို မကြိုက်ရင်လည်း မကြိုက်ဘူးလို့ပြောနိုင်တယ်။ကျွန်မတစ်ခုခုကိုလုပ်တယ်ဆိုရင် ဘာဖြစ်လို့လုပ်ရလဲဆိုတာကိုရှင်းပြမယ်။အခုဒီဒေသမှာဖြစ်နေတဲ့ပြဿနာ ကြေးနီစီမံကိန်းနဲ့ပတ်သက်တဲ့ပြဿနာကို ကျွန်မက အေးအေးချမ်းချမ်းနဲ့ပြေလည်သွားစေချင်တယ်။အဲဒီလိုဆိုရင် ကျွန်မတို့ရဲ့ပြည်သူတွေ လည်းသက်သာ နိုင်ငံလည်းသိက္ခာရှိတယ်။ အနာဂတ်အတွက်လည်းကောင်းတဲ့ခြေလှမ်းဖြစ်တယ်။အဲဒါကို ကျွန်မကြိုးစားမယ်။အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ ကျွန်မက ဘယ်လိုအာမခံချက်မှမပေးနိုင်ဘူး ။ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့လက်တွဲပြီး ပြေလည်မှုရှာဖွေမယ်ဆိုရင်တော့ အောင်မြင်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ဒီတော့ ကျွန်မပြည်သူကိုတစ်ခုပဲတောင်းခံချင်ပါတယ်။သေသေချာချာစိတ်ရှည်ရှည်နဲ့ အခုကျွန်ဘယ်လိုမှဆုံးဖြတ်ချက်မချရသေးဘူး။လုပ်ငန်းရှင်တွေဘက်ကိုတွေ့ပြီးသွားပြီ။သက်ဆိုင်ရာလည်း တွေ့ပြီးသွားပြီ။ကန့်ကွက်တဲ့ပြည်သူတွေနဲ့လည်းတွေ့ချင်ပါတယ်။ ဟိုဘက်ဒီဘက်အမြင်နှစ်ခုကိုကြည့်ပြီးတော့ အတတ်နိုင်ဆုံးပြေလည်အောင် ညှိပေးချင်ပါတယ်။အဲဒီလို ညှိပေးတာကို ပြည်သူတွေကသဘောတူရဲ့လား။(တူပါတယ်-ပြည်သူ့အသံ)ကျွန်မတို့နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေလိုတယ်ဆိုတာ ကျွန်မယုံပါတယ်။စေတနာမေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာလည်း ကျွန်မယုံပါတယ်။လူသားတိုင်းကဒီလိုပါဘဲ။စေတနာမေတ္တာနဲ့ နေထိုင်တဲ့ပတ်ဝန်းကျင်က အင်မတန်အေးချမ်း ပါတယ်။ဒေါသတွေအဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်က မအေးချမ်းနိုင်ပါဘူး။ကျွန်မတို့ရဲ့နိုင်ငံကြီး အေးချမ်းဖို့ ပြန်လည်ရင်ခြားစေ့ရေးလမ်းကို လျှောက်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုလျှောက်တဲ့ အခါမှာ ကျွန်မနဲ့အတူပြည်သူတွေပါဝင်လာမှ ကျွန်မတို့လုပ်ငန်းတွေအောင်မြင်လာမှာပါ။ကျွန်မကိုလမ်းမှာ ပြည်သူတွေက ကြိုလို့ရှိရင် ကျွန်မအင်မတန်မှအားတက်တယ်ဆိုတာလည်း ကျွန်မကိုအသက်ရာကျော်ရှည်ပါစေ ကျန်းမာပါစေအော်နေလို့မဟုတ်ဘူး။ ကျွန်မအသက်ရာကျော်ရှည်ချင်ပါ့မလားမသိဘူး။ဒါပေမယ့် ပြည်သူတွေရဲ့ထောက်ခံမှုကို တွေ့ရလို့ အင်မတန်မှအားတက်မိပါတယ်။အဲဒီတော့ခက်ခဲတဲ့လမ်းကို လျှောက်လှမ်းချိန်မှာ မိတ်ဆွေကောင်းဆိုတာကို တွေ့ရတယ်။ခက်ခဲတဲ့အချိန်မှာ ကိုယ့်ဘက်ကရပ်တည်ပေး တဲ့သူကမှ မိတ်ဆွေကောင်းဖြစ်တယ်။ကျွန်မရဲ့ပြည်သူတွေ့က ကျွန်မရဲ့မိတ်ဆွေကောင်းတွေဖြစ်စေချင်ပါ တယ်။ရိုးရိုးပဲပြောပြမယ်။(သြဘာသံများ)ကျွန်မရဲ့ပြည်သူတွေအတွက် ကျွန်မကလည်း မိတ်ဆွေကောင်းတစ် ယောက် ဖြစ်ချင်ပါတယ်။ခက်ခဲတဲ့အချိန်မှာလည်း အတူရပ်တည်မယ်။နောက်တစ်ခုကမိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန်ပွင့်ပွင့်လင်းလင်းဆက်ဆံရတယ်။ ကိုယ့်အကြိုက်ကိုလိုက်လိုက်ပြောတဲ့သူကို မိတ်ဆွေကောင်းလို့မထင်နဲ့နော်။ဘယ်တော့မဆို ကိုယ့်အကြိုက်ကိုလိုက်ပြီးပြောတာက မိတ်ဆွေကောင်းရဲ့အလုပ်မဟုတ်ဘူး။တကယ့်မိတ်ဆွေကောင်းဆိုတာက ကိုယ့်အကျိုးကိုရှေ့ရှုပြီး ပြောသင့် ပြောထိုက်တာကိုပြောမယ်။ထောက်ပြသင့်တာကိုထောက်ပြမယ်။အဲဒီလိုမဟုတ်ဘူးလား။(လက်ခုတ်သံများ...သြဘာသံများ)ကျွန်မနဲ့ပြည်သူအကြားမှာ တကယ့်ကိုကောင်းမြတ်တဲ့မိတ်ဆွေအစစ်တွေရဲ့ဆက်စပ်မှုတစ်ခု လို ဖြစ်စေချင်ပါတယ်။အဲဒီအတွက်ကြောင့်ကျွန်မက တတ်နိုင်သလောက်ပြည်သူတွေနဲ့တွေ့တယ်။ပြည် သူတွေနဲ့ကျွန်မနဲ့ကြားမှာ နားလည်မှုတွေတည်ဆောက်ပြီး သံယောဇဉ်ကိုတည်ဆောက်နိုင်အောင်လို့ ကျွန်မကတွေ့ဆုံတာပါ။တကယ်တော့ တစ်ယောက်ချင်းတွေ့နိုင်ရင်ပိုကောင်းတာပေါ့။ဒါပေမယ့်သန်း၆၀လုံး ကို ဘယ်လိုလုပ်ကျွန်မက အဲဒီလိုလုပ်နိုင်မှာလဲ။ သန်း၆၀ကိုတစ်ယောက်ချင်းမတွေနိုင်တော့ဒီလိုဘဲစုပြီးတော့ တွေ့ရတာဘဲ။တွေ့ရတိုင်းလည်း ကျွန်မ၀မ်းသာပါတယ်။ပြည်သူတွေကနေပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုတဲ့အခါမှာ ကျွန်မအဆင်မပြေတာတွေ ပြေရပါတယ်လို့ပြောပါရစေ။(လက်ခုပ်သံများ)အခုတော်တော်လေးမှောင်နေပြီဆိုတော့ ကျွန်မနောက်ဆုံးအနေနဲ့ တောင်းပန်ချင်တာတစ်ခုရှိတယ်။ ဒီလိုမှောင်တဲ့အထိစောင့်ရအောင် လုပ်ခဲ့ တာကိုကျွန်မတောင်းပန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မနက်တုန်းက မန္တလေးကနေ မုံရွာကိုလာ တော့ မုံရွာကပြည်သူလူထုက အင်မတန်မှသောင်းသောင်းဖျဖျကြိုဆိုကြလို့ တော်တော်ကိုနောက်ကျသွားပါ တယ်။ကားကလည်းဖြေးဖြေးလေးပဲသွားဖြစ်တယ်။ဒါကြောင့်ကျွန်မတို့ဒီကိုအရောက်နောက်ကျတယ်။ ဒီကိုအလာလမ်းမှာကြိုဆိုတဲ့ရွာတွေကပြည်သူတွေ့ကို ကောင်းကောင်းမနှုတ်ဆက်နိုင်ခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်ကအလုပ်ချိန်းထားတာ နောက်ကျမှာစိုးလို့။ဒါကြောင့်လမ်းမှာမနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို လည်းတောင်းပန်ပါတယ်။ဒီမှာမှောင်တဲ့အထိစောင့်ရတဲ့ပြည်သူတွေကိုလည်းတောင်းပန်တယ်လို့ပြောပါရစေ။(လက်ခုတ်သံများ)ခွင့်လွှတ်တယ်မဟုတ်လား။(ခွင့်လွှတ်ပါတယ်-ပြည်သူ့အသံ)ခွင့်လွှတ်တယ်ဆိုရင်ကျွန်မ ကျေနပ်ပါတယ်။နောင်ဆိုရင်လည်း ကျွန်မတို့အများကြီးတွေ့ရအုံးမယ်။ဒီလိုမျက်နှာချင်းဆိုင်မတွေ့နိုင်သည့် တိုင်အောင် နိုင်ငံကောင်းကျိုးအတွက် အဝေးကနေဆက်သွယ်မှုနဲ့အတူလက်တွဲလုပ်သွားကြရမှာဘဲ။အချို့ ကျရင်လည်းကျွန်မတို့ရဲ့ရှေးရေစက်ကြောင့် နီးနီးကပ်ကပ်ပြန်တွေ့ကြတွေလည်းရှိတယ်။အဲဒီလိုမဆုံနိုင်လို့ ရှိရင်တောင်မှ ဒီလိုကျွန်မတို့နိုင်ငံရဲ့ ပြဿနာတွေကို အတူတူစဉ်းစားပိုင်ခွင့် မျက်နှာချင်းဆိုင်ခွင့်ရှိအောင်လို့ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်။စဉ်းစားထားပါမယ်လို့ ပြောကြားရင်းကျွန်မအနေနဲ့နိဂုံးချုပ်ပါတယ်”
Credit to 7Day News Journal

လန်ဒန်ရောက် မြန်မာလူထုနဲ့ တွေ့ဆုံပွဲ


ဇွန် ၂၂၊ လန်ဒန်မှာ Prospect Burma က စီစဉ်ပေးတဲ့ မြန်မာလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲထဲက ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။


“ဒီမှာရောက်နေတဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူပြည်သားတွေနဲ့ တခြား ကမ္ဘာနိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ပြည်သူပြည်သားတွေ ကျမတို့နိုင်ငံကို ဘယ်လိုပြန်ပြီးတော့ကူညီနိုင်မလဲ ဆိုတာ တစ်ယောက်ချင်း တစ်ယောက်က ကိုယ့်ရဲ့အရည်ချင်းအကိုဘယ်လို သုံးနိုင်မလဲဆိုတာမှာစဉ်းစားရမယ်။
ကျမကို မေးတဲ့မေးခွန်းတစ်ခု ခဏခဏ ကျမကို မေးတဲ့မေးခွန်းတစ်ခုရှိပါတယ်။ ဒီချိန်မှာ မြန်မာနိုင်ငံကိုပြန်ဖို့အချိန်တန်ပြီလားတဲ့ ကျမအမြဲပြောတယ်။
ဒါကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ရမယ် လူတိုင်းလူတိုင်းဟာ ကိုယ်ဘ၀ကိုယ် တာဝန်ယူရမယ်၊ ကိုယ့်ဆုံးဖြတ်ချက်တွက် ကိုယ်တာဝန်ယူရမယ်။
“ကျမကို မေးပြီးတော့ ပြန်လာပါဆိုလို့ ပြန်လာတာ ခုတော့အဆင်မပြေပါဘူးတဲ့” ကိုယ့်ဖာကိုယ် ဆုံးဖြတ်တဲ့အခါမှာ တစ်ဖက်ကကြည့်ရမယ် ကိုယ်က ဘာပေးနိုင်မလဲ။ နောက် ကိုယ်က ဘာရဖို့မျှော်လင့်သလဲ အဲဒါကိုလက်တွေ့ကျကျရင်ဆိုင်ပါ။ တချို့ကပြောတယ် ကျနော်တို့က ပြန်ပေးဖို့ပဲလာတာ …။ ဒါဟာ တကယ်တော့ သဘာဝမကျဘူး။ လူ့သဘာဝဆိုတာ ကိုယ်လည်း ပြန်လိုချင်တာပဲ၊ ကိုယ်မှာလည်း မျှော်လင့်ချက်ကလေးရှိတာပဲ။
အနည်းဆုံးတော့ ကိုယ့်မိသားစုနဲ့ အေးအေးဆေးဆေးနေချင်တယ် ဆိုတဲ့ မျှော်လင့်ချက် ကလေးတော့ရှိမယ်။ ပြီးတော့ ကိုယ်က ဘာပေးနိုင်မလဲ၊ ကိုယ်က ဘာလိုချင်လဲ …. ဆိုတာကို ဓမ္မဓိဌာန်ကျကျ စဉ်းစားပါ … စဉ်းစားကြည့်ပါ။ ငါ ဘာလိုချင်လဲ ဒါတွေ ငါ ရနိုင်မယ့်အခြေအနေတွေရှိသလား။ မရနိုင်လို့ရှိရင် ငါဘယ်လို ဒါကို လုပ်မလဲ။ ငါ ဒါကိုပေးချင်တယ် … ပေးနိုင်မယ့် အခြေအနေရှိလား။ ကိုယ်ပေးချင်တိုင်းလည်း ပေးလို့ရတာမဟုတ်ဘူးနော်။ ပေးနိုင်ဖို့အခြေအနေပေးမှ ပေးလို့ရတယ်။ အဲဒါကို ဆုံးဖြတ်စေချင်တယ်။ ဘယ်လိုနည်းနဲ့ ပေးနိုင်မလား။ ထိထိရောက်ရောက် ပေးနိုင်ပါ့မလား၊ တစ်ဦးချင်းတစ်ဦးချင်းကနေ စဉ်းစားရမယ်။
ဥပမာ … ကိုယ်က ဆရာဝန်ဆိုလို့ရှိရင် ကျန်းမာရေးဘက်မှာ ဘယ်လိုကူညီနိုင်မလဲ ။ ကိုယ်က ပညာရေးဘက်မှာ စိတ်ပါဝင်စားတယ်ဆိုရင် ပညာရေးဘက်ကနေ ဘာကူညီနိုင်မလဲ။ လက်တွေ့ကျကျ စဉ်းစားပါ။ အခွင့်အရေးတွေက ဘာရှိလဲ။ ကူညီရမယ့် အခွင့်အရေး ဘာပဲပြောပြော တခြားဘာမှမလိုချင်ဘူး ဆိုပေမဲ့လဲ ကိုယ်လုပ်တဲ့ အလုပ်မှာတော့ ကျေနပ်မှု၊ ဒီကျေနပ်မှုကို ရနိုင်မလား ဆိုတာ သေသေချာချာစဉ်းစားပါ။ ကိုယ်မျှော်လင့်သလောက် မရနိုင်လို့ ရှိရင်တော့ ဆက်ပြီးတော့ ရပ်တည်နိုင်မလားဆိုတာ သေချာစဉ်းစားပါ။
လက်တွေ့ကျကျ ပြောရမယ်ဆိုရင် နည်းနည်းလေးတော့ စမ်းကြည့်ပေါ့။ ဥပမာ ချက်ခြင်း မဆုံးဖြတ်ဘဲ သွားပြီး လည်တာတို့၊ သွားကြည့်တာတို့၊ တခြားကိုယ့်လိုအရည်အချင်းရှိတဲ့လူတစ်ယောက်က ပြန်ပြီးလုပ်တဲ့ခါ အဆင်ပြေလားဆိုတာကို စုံစမ်းကြည့်တာတို့ အဲဒါမျိုးတွေလုပ်ပါလို့ …။
လက်တွေ့ကျကျ ချဉ်းကပ်ပါ၊ သိပ်စိတ်ကူးမယဉ်ပါနဲ့ ။ စိတ်ကူးယဉ်တယ်ဆိုတာ သူ့အချိန်နဲ့ သူ့အခါတော့ ရှိပါတယ်။ ကျမ အမြဲပြောတယ် မျှော်လင့်ချက်ဆိုတာကို အလုပ်နဲ့ ဖြည့်တွေးရမယ်။ စိတ်ကူးယဉ်ရုံနဲ့ မရဘူး ဒီစိတ်ကူးယဉ်မှုကို လက်တွေ့ကျကျဖြစ်အောင်လို့ သေသေချာချာမျက်စိဖွင့်ပြီး တော့ ကိုယ်လျှောက်ချင်တဲ့ဆိုတဲ့လမ်းကို ကိုယ်လျှောက်ရဲရဲ့လား။ လျှောက်နိုင်မှာလားဆိုတာ ဆုံးဖြတ်ပါ”
Credit to မိုးမခ၊ ဇွန် ၂၃၊ ၂၀၁၂

မိုးကောင်းမြို့-(မိန့်ခွန်းကောက်နှုတ်ချက်-၁+၂)

မိုးကောင်းမြို့-(မိန့်ခွန်းကောက်နှုတ်ချက် - ၁)





ဖေဖေါ်ဝါရီ ၂၃ ၊ ညနေ ၅နာရီခွဲ ယနေ့ မြစ်ကြီးနားမြို့ ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – စိုးဇေယျာထွန်း – Reuters)
ကျွန်မတို့ရောက်လာတာ အင်မတန်မှနောက်ကျပါတယ်။ ရန်ကုန်က လေယာဉ်ပျံထွက်တာနောက်ကျလို့ဖြစ်သွားတာပါ။ နောက်ကျပေမယ့်လည်း လာရကျိုး အများကြီးနပ်ပါတယ်။ ကျွန်မက မြို့သူမြို့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ (ဟေးးး)

နမ္မတီး-မိုးကောင်းလမ်းမှာ ကလေးလေးတွေ တော်တ်ာများတာပဲ။ လူကြီးတွေ ဘယ်ရောက်နေမှန်းတောင်မသိဘူး။ (ရယ်သံများ)
နောက်မျိုးဆက်သစ်တွေက တက်တက်ကြွကြွရှိနေတယ်ဆိုတော့ ကျွန်မတို့ အင်မတန်မှအားတက်ပါတယ်။ ကျွန်မတို့ပါတီက စပြီးထူထောင်ကတည်းက လူကြီးလူငယ် လူလတ်မရွေး အားလုံးရဲ့အင်အားတွေကို စုပြီးတော့ ဒီမိုကရေစီရဖို့လုပ်ခဲ့ကြတာပါ။ အဓိကအားဖြင့်တော့ ဒီမိုကရေစီပြည်ထောင်စုကြီးထူထောင်ဖို့ ကျွန်မတို့ ကြိုးစားနေတာဖြစ်ပါတယ်။ အခုကျွန်မတို့ ကချင်ပြည်နယ်မှာဆိုရင် ဒီမိုကရေစီပြည်ထောင်စုရဲ့ တန်ဖိုးဘယ်လောက်ကြီးသလဲဆိုတာ လူတွေနားလည်ကြပြီထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ တစ်ကယ်ပဲ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်တယ်။ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ပြည်သူတွေရဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရှိမှာပါ။
အခုကချင်ပြည်နယ်မှာ မငြိမ်းမချမ်းဖြစ်နေရတာဟာ ကချင်ပြည်နယ်တင်မက ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် အင်မတန်မှ ၀မ်းနည်းကျေကွဲစရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံကို ကိုယ်ခန္ဓာကြီးတစ်ခုလို့ပဲစဉ်းစားရမယ်။ တစ်နေရာကနာနေလို့ရှိရင် နောက်တစ်နေရာကလည်း ခံရတာပဲ။ လက်ညှိုးလေးနာရင်လည်းသိတာပဲ။ ခေါင်းနာနေရင်လည်းသိတာပဲ၊ ခါးနာနေရင်လည်းသိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပေါင်းတစ်စည်းထဲဖြစ်လို့။ ကျွန်မတို့တွေ တစ်ပေါင်းတစ်စည်းထဲဖြစ်တဲ့နိုင်ငံမို့လို့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီလုပ်သွားဖို့လိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွေကို ပါဝင်ပြီးဆင်နွဲတဲ့အခါမှာ အဓိက ကိစ္စသုံးခုကိုရှေ့တန်းထားပါတယ်။ အဲဒီသုံးခုကဘာလဲဆိုတော့ ပထမကတော့ တရားဥပဒေစိုးမိုးရေး။ တရားဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ကျွန်မတို့တွေ အလေးထားရလဲဆိုတော့ မိုးကောင်းမြို့နယ် နယ်သားများအများကြီးနားလည်မှာပါ။ ဥပမာဆို လို့ရှိရင် မိုးကောင်းမှာဆိုရင် မိုးကောင်းတင်မကပါဘူး။ ဒီတစ်ဘက်လုံးမှာ လယ်မြေတွေ ယာမြေတွေကို မတရားသဖြင့် ၀ယ်ယူခဲ့တာ၊ သိမ်းဆည်းခဲ့တာဟာ ဒါဟာဥပဒေစိုးမိုးရေးမရှိခဲ့လို့။ (ဟေးးးးး)
ဥပဒေစိုးမိုးရေးရှိလို့ရှိရင် ကိုယ့်လယ်ယာပဲဖြစ်ဖြစ်၊ မြေကွက်ကလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်တဲ့ပစ္စည်းကို ဥပဒေလက်မဲ့ဘယ်သူမှ မတရားသိမ်းလို့မရဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးပဲဖြစ်တယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံးနားလည်အောင်လို့ ပြောချင်ပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့ ဖြစ်အောင်လို့ ကျွန်မတို့ကြိုးစားနေတာပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ ဒါပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားဥပဒေကို ကိုင်ပြီးတော့ ပြည်သူတွေကို စိုးမိုးဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဥပဒေက စိုးမိုးဖို့ဖြစ်ပါတယ်။ (ဟေးးးးး) ဒါကြောင့် ကျွန်မတို့ဟာ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်တာဖြစ်ပါတယ်။ နောက်ဒုတိယတစ်ခုက ထူးထူးထွေထွေ ထောက်ပြနေစရာမလိုပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျွန်မတို့နိုင်ငံအတွက် တစ်ကယ့်ကိုလိုအပ်တယ်ဆိုတာ ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးနားလည်မယ်လို့ထင်ပါတယ်။ (ဟေးးးး)
ပြည်တွင်းငြိမ်းချမ်းရေးရဲ့အခြေခံဟာ တစ်ဦးပေးတစ်ဦးနားလည်မှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု တစ်ဦးပေါ်တစ်ဦး လေးစားမှု။ တိုတိုပြောရမယ်ဆိုရရင် ပြည်ထောင်စုစိတ်ဓါတ်ပါပဲ။ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရယူရမယ်လို့ ယုံကြပါတယ်။ (ဟေးးးး)
ကလေးလေးတွေအင်မတန်များတဲ့မြို့ဖြစ်လို့ ပင်လုံဆိုတာဘာလဲဆိုတာ နည်းနည်းရှင်းပြရမယ်ထင်တယ်နော်။ နို့မို့ဆိုရင် ကလေးတွေက ပင်လုံဆိုတာ ဘာပါလိမ့်လို့ ထင်နေလိမ့်မယ်။ လူကြီးတွေက ကလေးတွေအများသိအောင်လို့ ပင်လုံအကြောင်း ထပ်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း လေ့လာပြီးရှင်းပြကြပါ။ နည်းနည်းလေးနဲ့ တိုတိုနဲ့ရှင်းပြရမယ်ဆိုရင် ၁၉၄၇ ခုနှစ်က ကျွန်မတို့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ဖို့ဆိုပြီး ကျွန်မတို့တိုင်းရင်းသားတွေစုစည်းပြီး ပထမဦးဆုံးလုပ်ခဲ့တယ်။ အရင်တုန်းကဆိုရင် ဗမာကတစ်မျိုး၊ ရှမ်းကတစ်ခု၊ ကချင်ကတစ်လမ်းနဲ့ အဲဒီလိုဖြစ်နေကြတယ်။ ၁၉၄၇ ခုနှစ်မှာကျတော့ တိုင်းရင်းသားတွေနဲ့ အများစုဖြစ်တဲ့ ဗမာတွေနဲ့..၊ ဗမာဆိုတာလည်း တိုင်းရင်းသားထဲက တစ်ခုပါပဲ။ ဒါပေမယ့် အများစုပေါ့။ အများစုဖြစ်တဲ့ ဗမာတွေနဲ့ တခြားတိုင်းရင်းသားတွေလက်တွဲပြီးတော့လုပ်ရင် လွတ်လပ်ရေးကို မြန်မြန်ဆန်ဆန်ရမယ် ဆိုတဲ့ သဘောတူညီချက်အရ ပင်လုံစာချုပ်ဆိုတာ ရှမ်းပြည်မှာရှိတဲ့ ပင်လုံမြို့လေးမှာ လက်မှတ်ထိုးလိုက်တဲ့ စာချုပ်ဖြစ်ပါတယ်။
အဲဒီတော့ ကလေးတွေကို တိုတိုနဲ့ပြောရမယ်ဆိုရင် ပင်လုံဆိုတာ မြို့လေးတစ်မြို့ရဲ့နာမည်ဖြစ်တယ်။ အဲဒိမြို့လေးဟာ တိုင်းရင်းသားတွေ ပထမဦးဆုံး အကြိမ်နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီစွာ စာချုပ်ချုပ်ဆို လက်မှတ်ထိုးခဲ့တဲ့နေရာဖြစ်တယ်။ အဲဒီစာချုပ်ကို ပင်လုံစာချုပ်လို့ခေါ်တယ်။ အဲဒီတော့ ပင်လုံစိတ်ဓါတ်ဆိုတာ ဘာလဲဆိုရင် ရိုးရိုးလေးပြောရရင် ငါတို့အားလုံးလက်တွဲပြီးတော့ ငါတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ ညီညွတ်မှုကို အခြေခံတဲ့စိတ်ဓါတ်ဖြစ်တယ်။ ဒါလောက်ဆိုရင် ကလေးတွေအားလုံးနားလည်သွားလောက်ပြီ။ ကြည့်ရတာ ကလေးတွေက ဉာဏ်ထက်တာချည်းပဲ။ (ဟေးးး)
ကျွန်မတို့ လူကြီးပိုင်း လူလတ်ပိုင်း လူငယ်ပိုင်း ကလေးပိုင်း မျိုးဆက်သစ်အမျိုးမျိုးရှိတယ်။ သူ့နေရာနဲ့သူရှိတယ်။ လူကြီးတွေက မိမိတို့ သမိုင်းအတွေ့အကြုံတွေ ပညာတွေကို လက်ဆင့်ကမ်းပြီးပေးလို့ရတယ်။ လူငယ်တွေ ကလေးတွေက မိမိတို့ရဲ့အင်အားတွေ အနာဂတ်မှာ ရရှိလာမယ့် စွမ်းအင်တွေကိုပေးလို့ရတယ်။ လူငယ်မို့လို့သာတယ်၊ လူကြီးမို့လိုသာတယ် အဲဒီလိုမရှိပါဘူး။ ကလေးဆိုလို့ရှိရင်လည်း ကလေးမို့လို့အားနည်းတာမဟုတ်ပါဘူး။ ကလေးတွေအင်အားက မနည်းပါဘူး။
လမ်းမှာကလေးလေးတွေအော်လိုက်လို့ရှင်ရင် တစ်ခါတည်းကို နားအူသွားတာပဲ။ အဲဒီတော့ ကလေးတွေရဲ့အင်အားက လုံးဝကိုမနည်းပါဘူး။ သူ့အသက်အရွယ်နဲ့သူ သူ့နေရာနဲ့သူ အင်အားရှိကြပါတယ်။ အရေးကြီးတာက ဒီအင်အားတွေကို မှန်မှန်ကန်ကန်သုံးဖို့ပဲ။ အင်အားတွေကို မှန်မှန်ကန်ကန်မသုံးလို့ရှိရင် အန္တရာယ်အများကြီဖြစ်နိုင်တယ်။ လူအများကိုလည်း ဒုက္ခပေးနိုင်တယ်။ ဥပမာဆိုလို့ရှိရင် ခဲလုံးတစ်လုံးနဲ့ ခဲလုံးတစ်လုံးကောက်ပြီးသူများကိုပေါက်ရင် နာမှာပေါ့။ ဒါပေမယ့် အဲဒီခဲလုံးနဲ့ လဲကျမယ့် အရာတစ်ခုခုကို ခုပေးရင် အထောက်အပံ့ဖြစ်တာပေါ့။ အဲဒီတော့ ကိုယ့်ရဲ့အင်အားတွေဟာ ကောင်းအောင်သုံးမလား ဆိုးအောင်သုံးမလားဆိုတာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်။ လူများတွေကို တစ်ချိန်လုံး အပြစ်ဆိုနေလို့ မဖြစ်ဘူး။ သူတို့ကြောင့်မို့လို့ ဖြစ်တာ ဟိုလူကြောင့်ဖြစ်တာ ဒီလူကြောင့်ဖြစ်တာ။ ဟုတ်တယ် အခြေအနေကြောင့်မို့လို့ အခက်အခဲတွေအမျိုးမျိုးတွေ့ကြုံနိုင်တယ်။ မနက်ကကျွန်မ လမ်းခရီးမှာပြောသွားပါတယ်။
ကျွန်မတို့ဟာ မနက်နှင်းတွေပိတ်ပြီးဖြစ်နေလို့ လေယာဉ်က ရန်ကုန်ကမထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အခါကျတော့ နှင်းတွေကွဲသွားတဲ့အထိစောင့်ရတယ်။ ဒီမြူတွေစင်သွားမှ လေယာဉ်ကထွက်လို့ရတယ်။ တစ်ခါတစ်လေ လမ်းတွေကပိတ်နေတဲ့အခါ အတိုင်းအတာတစ်ခုအထိစောင့်ရတယ်။ ဒါပေမယ့် နှင်းတို့မြူတို့ဆိုတာ သဘာဝအရဖြစ်တဲ့ကိစ္စတွေ။ လူတွေကြောင့်ဖြစ်တဲ့ ဟန့်တားမှုတွေကျ လူတွေကိုယ်တိုင်ဖယ်ရှားရမှာ။ အဲဒါကိုတော့ သဘောပေါက်ရမယ်။ (ဟေးးးးး)


 မိုးကောင်းမြို့-(မိန့်ခွန်းကောက်နှုတ်ချက် -၂)



ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့ အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။ဒါဆိုရင် ပြည်သူကို စော်ကားရာရောက်ပါတယ်။ လွယ်လွယ် ကတိပေးတာ၊ စိတ်ထဲကမပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်လို့ပြောတာ ပြည်သူကိုစော်ကားရာကျပါတယ်။ မဲလိုချင်တာကတော့ အမှန်ပဲ။ ဒေါ်ခင်ကြည်ကို မဲပေးကြပါလို့ ဆော်သြမှာ အမှန်ပါပဲ။ မဲတောင်းတဲ့နေရာမှာ ကျွန်မ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်နဲ့ တောင်းခံတာပါ။


မဲတောင်းတယ်ဆိုတာ ပြည်သူလူထုအတွက် အမှန်တစ်ကယ်လုပ်ပေးနိုင်ဖို့ အခွင့်အရေးတောင်းတာပဲဖြစ်တယ်။
အခွင့်အရေးဆိုတာကလည်း ခုချိန်ထိ မစဉ်းစားသေးဘူး။ လွှတ်တော်ထဲမှာ လစ်လပ်တဲ့နေရာ ၄၈နေရာပဲရှိတယ်။ ၄၈နေရာမှာအောင်နိုင်ဖို့ ကျွန်မတို့ အင်မတန်ကြိုးစားရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတခုအဖြစ် လွတ်လွတ်လပ်လပ် စနစ်တကျ လှုပ်ရှားလို့ရပြီ ဆိုတာ အခုဆို နှစ်လလောက်ပဲ ရှိပါသေးတယ်။ အဲဒီ နှစ်လလောက်ထဲမှာ ကျွန်မတို့ရဲ့ပါတီကို ဦးမော့လာပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အလုပ်တွေ ဦးဆောင်ခဲ့ရတာ အင်မတန်မှ ခက်ခဲပါတယ်၊ ပင်ပန်းပါတယ်။ ပြည်သူရဲ့ထောက်ခံမှုအနေနဲ့ ဒီအခြေအနေကို ရောက်လာခဲ့တာပါ။ အဲဒီအတွက် ကျွန်မက ပြည်သူတွေကို အခွင့်အရေးတောင်းတာပါ။ မဲပေးပါ ဆိုတာ ကျွန်မတို့ကို အခွင့်အရေးပေးပါလို့။ ကျွန်မတို့တွေ စပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် စပြီးတော့ ခြေတစ်လှမ်း လှမ်းပါရစေလို့။ နောက်တစ်လှမ်းလို့ပြောတော့ ရှေ့တစ်လှမ်းကရောလို့ မေးဖွယ်ရှိပါတယ်။ ရှေ့တစ်လှမ်းက အနှစ်နှစ်ဆယ် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ပါတယ်။
ကျွန်မတို့က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ် ဆိုတာ ခုကလေးတွေပါခဲ့ရင်သိမယ်။ လူကြီးတွေလည်း သိမယ်။ ၁၉၉၀ ဆိုတာ၂၂နှစ် ရှိသွားပြီ။ လူငယ်တွေ၊ ကလေးတွေ၊ အများက မမွေးသေးဘူး။ ၁၉၉၀တုန်းက ရွေးကောက်ပွဲကို သိမှာ မဟုတ်ဘူး။
၉၀ရွေးကောက်ပွဲက ဘာကအရေးကြီးသလဲ ဆိုတော့ အဲဒီရွေးကောက်ပွဲမှာ ဒီမို ရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၉ တုန်းက ဖွဲ့စည်းပြီးတော့ ပထမဦးဆုံး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ပါတီတွေလည်း အများကြီးဝင်ရောက်ကြပါတယ်။ ဒီမိုကရေစီရှိတဲ့ရွေးကောက်ပွဲကို ၀င်လာတဲ့ပါတီတွေလည်း အများကြီးရှိပါတယ်။
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ ၈၀ရာနှုန်းကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့တာဝန်ကို ထမ်းဆောင်ခွင့်မရခဲ့ပါဘူး။ လွှတ်တော်အတွင်း မရောက်ရှိခဲ့သော်လည်း အဖွဲ့ချုပ်က ဘယ်တော့မှအားမလျော့ခဲ့ပါဘူး။ ကျွန်မတို့တွေရဲ့ မူဝါဒတွေကိုလည်း လက်မလွှတ်ခဲ့ဘူး။ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရဖို့အတွက် ကျွန်မတို့ဆက်လုပ်သွားပါမယ်။ အကြမ်းမဖက်တဲ့နည်းနဲ့လုပ်တယ်ဆိုတာ အကြမ်းဖက်တဲ့နည်းထက် အချို့နေရာတွေမှာ အင်မတန်မှ ခက်ခဲပါတယ်။ အကြမ်းမဖက်တဲ့နည်းက စွန့်စားရတယ်၊ ခံရဲရတယ်။ ကျွန်မတို့က ခွင့်လွှတ်ခဲ့တယ်၊ ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေဟာ အကုန်လုံးမှန်ခဲ့လား ဆိုတော့လည်း မပြောနိုင်ပါဘူး။ ပါတီ၊ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ မှားတာတွေလည်းရှိ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အားနည်းချက်အမှားတွေအပေါ်မှာ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီလိုပြုပြင်နိုင်ခဲ့လို့ ခုအချိန်မှာ အများပြည်သူကထောက်ခံတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆက်ပြီး ရပ်တည်နိုင်တာပါ။
အဲဒီလိုတည်ရှိနိုင်လို့လည်း ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။
မိုးကောင်းမြို့နယ်အတွက် ရွေးချယ်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ပုံရွေးချယ်နည်း ရှင်းပြစရာ ရှိပါတယ်။ ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဘယ်ပါတီနိုင်ငံရေးပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် လာပြီးတော့စည်းရုံးလို့ရှိရင် ပြည်သူတွေဟာ မေးခွန်းမေးပိုင်ခွင့်ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ လူအုပ်ကြီးထဲမှာ တစ်ဦးချင်း မေးဖို့ အခွင့်အရေး မရှိဘူး။ ပြည်သူတွေရဲ့ ထောက်ခံမှုကို လိုချင်တယ်။ ဘာလို့ လိုချင်သလဲ ဆိုတာကို ရှင်းပြရမယ်။
ကျွန်မတို့က ဒေါ်ခင်ကြည်ကို မိုးကောင်းမှာ ကိုယ်စားလယ်လောင်းအဖြစ်နဲ့ ဘာကြောင့်ရွေးချယ်ရလဲဆိုတော့ အဖွဲ့ချုပ်မှာ အခြေခံမူတွေ ရှိပါတယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေလေးစားနိုင်လောက်အောင် ရှိရမယ်။ ကိုယ်ကျင့်တရားလည်း ကောင်းရမယ်။ ပြည်သူတွေလေးစားမှ ကျွန်မတို့ ကိုယ်စားလှယ်တွေ ရွေးချယ်ခံရမယ် ဆိုတာ သိပြီးသားပါ။ အဖွဲ့ချုပ်ထဲမှာဆိုရင် သိက္ခာရှိရှိနဲ့ လျှောက်ခဲ့တဲ့လူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ၄၈ယောက်ကို ဘယ်လိုရွေးမလဲလို့ ကျွန်မတို့စဉ်းစားရပါတယ်။
ပထမအချက် ပြည်သူတွေရဲ့ကိုယ်စားလှယ်တွေက လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိရမယ်။ အဲဒီလို အရည်အချင်းတွေက ဘာတွေလည်းဆိုရင် အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အဲဒီအထဲမှာ တစ်ခု အနည်းဆုံး ပိုင်ပိုင်နိုင်နိုင် ရှိရမယ်။ မဟုတ်ဘူးဆိုရင် ပြည်သူတွေရဲ့တာဝန်တွေ ၀တ္တရားတွေကို ဘယ်လုပ်နိုင်မလဲ။ စေတနာရှိလို့လည်း မပြီးသေးဘူး၊ အလုပ် လုပ်တတ် ကိုင်တတ်မှ ဖြစ်မှာပါ။ စေတနာလည်းရှိပြီး လုပ်တတ်ကိုင်တတ်ရင် အကောင်းဆုံးပဲ။