အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

ဗုဒ္ဓဓမ္မသံဃာ အဆိုအမိန့်များ

သူတော်ကောင်းတို့ နှင့်
ပေါင်းဆုံရခြင်းသည်
တကြိမ်သာလျှင်ဖြစ်၏။
(၀ါ)တကြိမ်သာလျှင်ဖြစ်စေကာမူ
ထိုတကြိမ်မျှပေါင်းဆုံရ
တွေ့ ရခြင်းသည်
သူတော်ကောင်းတို့ နှင့်
ပေါင်းဆုံတွေ့ ရသောထိုသူကို
အကျိုးမဲ့ပယ်ရှား၊
အကျိုးများအောင်
ဆောင်ရွက်စောင့်ရှောက်တတ်ချေ၏။
သူယုတ်မာတို့ နှင့်အကြိမ်များစွာ
ပေါင်းဆုံရခြင်းသည်
(၀ါ)အကြိမ်များစွာပေါင်းဆုံရစေကာမူ
အကျိုးများအောင်
မဆောင်ရွက်မစောင့်ရှောက်တတ်ချေ။

(မဟာသုတသောမဇတ်)




မှန်တာကိုပြောရဲတဲ့သတ္တိ
မှန်တာကိုလုပ်ရဲတဲ့သတ္တိဆိုတာ ဂုဏ်သိက္ခာရှိတဲ့
သူတော်ကောင်းတွေရဲ့ကျင့်စဉ်ပါ...။



သူတပါးအပေါ်မနာလိုဝန်တိုတတ်တဲ့
မစ္ဆရိယစိတ်ဆိုတာ
သူယုတ်မာတွေမှာသာရှိတဲ့
စိတ်ထားမျိုးပါ...။
သူတော်ကောင်းတွေမှာ
မြင့်မြတ်တဲ့မုဒိတာစိတ်ပဲရှိပါတယ်...။



မှန်သောစကားဟာ
မသူတော်အတွက်
အနာပေါ်ကျတဲ့ဒုတ်တချောင်း
ဖြစ်ချင်ဖြစ်နေလိမ့်မယ်...
ဒါပေမယ့်
သူတော်ကောင်းအတွက်တော့
မှန်သောစကားဟာ
သစ္စာစကားပါပဲ။


ဒီလောကကြီးထဲမှာ
ဗာလနံတွေအသက်ရှင်နေစဉ်
သူတပါးကိုယုတ်ညံ့တဲ့စိတ်နဲ့ 
အမနာပတွေ
ပြောချင်တာကြိုက်သလိုပြော...
လိမ်ချင်တာကြိုက်သလိုလိမ်...
ခိုးချင်တာကြိုက်သလိုခိုး...

အကုသိုလ်ဒုစရိုက်တွေ
လုပ်ချင်တာကြိုက်သလိုလုပ်ပြီး
သူတို့ ဆွတ်ခူးနိုင်တာ နှစ်ခုရှိတယ်
အဲဒါကတော့ ဗီလိန်ဘွဲ့ နဲ့ အ၀ီစိလက်မှတ်ပါပဲ...။


မှန်ကန်စွာရူ့ မြင်သုံးသပ်
ဝေဖန်တတ်သော
ပညာရှိသူတော်ကောင်းများ၏
ချီးမွမ်းခြင်း (သို့ မဟုတ်)
ပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း ၊
ဝေဖန်ခြင်း၊
ရှုတ်ချခြင်း များကို
နှလုံးသားဖြင့်
ကျေနပ်စွာခံယူလိုက်ပါ...။
သို့ သော်
ပညာမဲ့ မသူတော်များ၏
ချီးမွမ်းခြင်း (သို့ မဟုတ် )
ပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း ၊
ဝေဖန်ခြင်း၊
ရှုတ်ချခြင်းများကို
မြူတမှုန်မျှအလေးမထားပါနှင့်...။


မိတ်ဆွေတုများ
မိမိဘေးတွင် ရှိနေခြင်းသည်
အန္တရာယ် ဖြစ်စေနိုင်သလို
မိတ်ဆွေစစ်များ
မိမိဘေးတွင် ရှိနေလျှင်
ဘေးကင်းလုံခြုံသည်။
အရှင်ဥာဏဒီပ(ဓမ္မရတနာ)



တရားနာခြင်း အနုပညာဟာ
အ၀ိဇ္ဇာ အမိုက်အမှောင်ကို
ပယ်ဖျောက်ပြီး၊
ဝိဇ္ဇာအလင်းရောင်ကို ရစေပါတယ်။
အပါယ်တံခါးကို ပိတ်စေပြီး၊
နတ်ရွာနိဗ္ဗာန်တံခါးကို
ပွင့်စေပါတယ်။

တဏှာပိုက်ကွန်ကို
ဖောက်ဖျက် ပေးပြီး
မာရ်နတ်ရဲ့လက်ကလည်း
လွတ်မြောက်စေပါတယ်။

သန့်စင်တဲ့
ကိုယ့်ကျင့်တရား မြေပြင်မှာ
ကောင်းမွန် မြင့်မြတ်တဲ့
စိတ်ဓာတ် ကျောက်တိုင်ကို
ခိုင်ခိုင်မတ်မတ်
စိုက်ထူ ထားနိုင်တာမို့
ကံကြမ္မာရိုင်း၊
လော ကဓံလေမုန်တိုင်းတို့ရဲ့
တိုက်ခတ်တဲ့ဒဏ်ကို
မတုန်မလှုပ်
တည်တည်ငြိမ်ငြိမ်
ဣနြေ္ဒရရခံနိုင်ရည်ပြည့်ဝစေ ပါတယ်။



တကယ်တော့ တရားတော်တွေဆိုတာ
ငြင်းခုံစရာတွေ မဟုတ်ပါ။
ငြင်းခုံမှု၊ပဋိပက္ခ၊ ၀ိဝါဒတွေကို
ပြေငြိမ်းသွားစေတဲ့
ငြိမ်းချမ်းရေးသံတမန်ပါ။
ပြီးတော့ တရားတော်မြတ်ရဲ့
အဆီအနှစ်တွေဆိုတာ
သဘောထားကြီးကြီး
အသိဥာဏ်ကျယ်ကျယ်၊
စိတ်နေမြင့်မြတ်တဲ့သူတွေ
နှလုံးသားမှာသာ
ကိန်းရိုးထုံးစံရှိပါတယ်။

(တော်ဝင်နွယ်)


သူတစ်ပါး ကောင်းတာ
မကောင်းတာကို
ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊
ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်
ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့
သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)


အချို့ လူတွေနဲ့ တွေ့ ရ
သိရပြီးတော့
ရင်းရင်းနှီးနှီးပြောဆို ဆက်ဆံရတဲ့အတွက်
ကိုယ့်မှာအသိအမြင်အသစ်တွေရတယ်
စိတ်ထားတွေမြင့်လာတယ်
ရည်မှန်းချက်တွေ မြင့်လာတယ်
ကိုယ့်မှာလူသစ်စိတ်သစ်ဖြစ်သွားသလို
ခံစားရတယ်
အဲသလိုဆက်ဆံရေးမျိုးကို
ရတယ်ဆိုရင်
လူ့ ဘ၀မှာ
တန်ဘိုးအရှိဆုံးအရာကိုရသလိုပဲ
ငွေနဲ့ တိုင်းတာပြီး
တန်ဘိုးဖြတ်လို့ မရဘူး။
ဘာနဲ့ မှတိုင်းတာပြီး
တန်ဘိုးဖြတ်လို့ မရဘူး။



ပစ္စည်းဥစ္စာဆုံးရှုံးတာ၊
ရာထူးဆုံးရှုံးတာဟာ
အကြီးမားဆုံးဆုံးရှုံးမူ့ မဟုတ်သေးဘူး။
ကိုယ့်ရင်ထဲက
အမြင့်မြတ်ဆုံး စိတ်ထား
ဆုံးရှုံးသွားတာကမှ
အကြီးမားဆုံး ဆုံးရှုံးမူ့ ဖြစ်တယ်။

ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)



*စိတ္တံ ဒန္တံ သုခါဝဟံ*
ယဉ်ကျေးတဲ့စိတ်ဟာ
ချမ်းသာခြင်းကိုရွက်ဆောင်တယ်...။
သာသနာဆိုတာ
ဘုရားရှင်ရဲ့အဆုံးအမကိုခေါ်တော့
ဘုရားရှင်ဆိုတဲ့အတိုင်း
ဆိုဆုံးမနေတဲ့သူတွေကိုသာလျှင်
သာသနာပြုပုဂ္ဂိုလ်လို့ ခေါ်နိုင်တာပါ။
တည်တည်တံ့တံ့
ယဉ်ယဉ်ကျေးကျေး ဆက်ဆံခြင်းဆိုတာ
အသိဥာဏ် အဆင်အခြင်ပါတဲ့ဆက်ဆံရေး,
သဘောထားမှန်တဲ့
ဆက်ဆံရေးပဲဖြစ်တယ်။
ဒီလိုဆက်ဆံပါမှ မိမိသူတပါး
နှစ်ဦးသားလုံးချမ်းသာမယ်။
ဓမ္မနဲ့ လျှော်တဲ့
ဆက်ဆံရေးလည်းဖြစ်မယ်။

အရှင်ရေ၀တ(ဖားအောက်တောရ)


အကောင်းဆုံးလူ့ ကျင့်ဝတ်ဆိုတာ
ကိုယ်ချင်းစာတရားပဲ...။
သေချာတာကတော့
သေရမယ်ဆိုတာ
တခုပဲသေချာတယ်...။

သေရမှာကကြောက်စရာမဟုတ်ပါဘူး။
မသေခင် အကုသိုလ်တွေ
လုပ်မိမှာကမှကြောက်စရာပါ...။

သူများဘ၀ နစ်နာမှ
ကိုယ်ကောင်းစားမယ်ဆိုတဲ့
အောက်တန်းစားစိတ်ဓါတ်မျိုး
ဘယ်တော့မှ မမွေးမိပါစေနဲ့ ။

အကျိုးမရှိတဲ့စကားလုံးတွေနဲ့ 
ဖွဲ့ စည်းတည်ဆောက်ထားတဲ့

စကားရပ်တွေအခွန်းပေါင်း
တစ်ထောင်ရှိနေပါစေ
လုံးဝမမြတ်ပါဘူး
ကြားလိုက်ရတာနဲ့စိတ်ထဲမှာ
ကိလောသာငြိမ်းအေး
သွားစေတဲ့စကားမျိုး၊
အကျိုးရှိတဲ့စကားမျိုးကတော့
တစ်ခွန်းတည်းဖြစ်ပါစေ၊
မြင့်မြတ်လှပါတယ်။
(ဓမ္မပဒဂါထာ-၁၀၀။)

ကိုယ်လုပ်လိုက်တဲ့
အလုပ်ဟာ
ပြန်တွေးလိုက်တိုင်း
ကောင်းကျိုးဖြစ်စေမယ်
နောင်တ မရစေဘူးဆိုရင်
ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။


စေတနာဆိုးနှင့် ရင်ဆိုင်တိုးသော်လည်း
မိမိဘက်က နှလုံးသွင်းကောင်းလျှင် ကုသိုလ်စိတ် ဖြစ်၏ ။
စေတနာကောင်းနှင့် အကြောင်းဆုံသည့်တိုင်
မိမိဘက်က နှလုံးသွင်းညံ့လျှင် အကုသိုလ်စိတ် ဖြစ်၏ ။
ကုသိုလ်-အကုသိုလ် ဟူသည် သူတစ်ပါး ပေးသည်မဟုတ် ။
မိမိကသာ ယူသူဖြစ်ပါ၏။

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)


သူယုတ်မာတို့ ၏
ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းသည်
ပဓာနမဟုတ်
သူတော်ကောင်းတို့ ၏
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းသည်သာ
အမှန်ဖြစ်၏...။


ပညာမဲ့သည် မိမိခန္ဓာကိုယ်ကို
ကာမဂုဏ်အတွက် အသုံးချ၍
အပယ်သို့ သွားသည်၊
ပညာရှိသည် မိမိခန္ဓာကိုယ်ကို
တရားရဖို့အတွက် အသုံးချ၍
နိဗ္ဗာန်သို့ သွားသည်။

အရှင်ဇ၀န (ရွှေပြည်သာ)


ပညာရှိ ပညာမဲ့ဆိုတာ
ဒီနေရာမှာ ကွဲသွားတာပဲ။
ပညာရှိက
ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင်
ဝမ်းမြောက်ခြင်းဆိုတဲ့
မုဒိတာကုသိုလ်ကို
အရယူတယ်။

ပညာမဲ့က
ကိုယ့်ထက်သာတဲ့သူကို တွေ့ရင်
ဣဿာလို့ခေါ်တဲ့
အကုသိုလ်ကို အရယူတယ်။


ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊
မနာလိုတတ်တဲ့သူဟာ
ပညာမဲ့ပါပဲ။
ဘာအတန်းပညာမှမတတ်ရင်နေပါစေ၊
ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ
ဝမ်းမြောက်ရင် ပညာရှိပဲ။

အရှင်ဇ၀န (ရွှေပြည်သာ)

ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊
ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့်
အောင်မြင်မှုတွေကို
ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော
ကိုယ့်ရဲ့ အတွေးကပဲ
ဆုံးဖြတ်ပေးသွားတာပါ။
( သီတဂူစတား )


လောက၌ သူတော်ကောင်း
သူယုတ်မာ ဟု နှစ်မျိုးရှိ၏။
သူတော်ကောင်းကို
ပေါင်းသင်းသူသည်
စံပယ်ပန်းထုပ်သော
ဖက်ရွက်နှင့်တူ၏။

သူယုတ်မာကို
ပေါင်းသင်းသူသည်
ငါးပုပ်ထုပ်သော
သမန်းမြက်နှင့်တူ၏။
ပစ္စုပ္ပန် တမလွန်
ဘ၀ကောင်းကျိုး
လိုလားသူတို့သည်
စံပယ်ပန်းထုပ်သော
ဖက်ရွက်ကဲ့သို့
ရနံ့ကောင်းအောင်
သူတော်ကောင်းကို
ပေါင်းသင်းကြရမည်။

(ဘဒ္ဒန္တ ရာဇိန္ဒ မဟာထေရ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊
တောင်ဖီလာ တိပိဋကတောရ
မဟာဝိသုဒ္ဓါရုံ စာသင်တိုက်၊
ပဓာနနာယကဆရာတော်)


အတိတ်ကိုတွေး မဆွေးလေနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂါတ်မှန်းဆ မလွမ်းတနဲ့
အနာဂါတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
( ဒေါက်တာနန္ဒမာလာဘိဝံသ )


*မဟာစည် ဆရာတော် သြ၀ါဒ*
ရိုးဖြောင့်သူ၏ ၀စီကံ-
လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ်
ပကတိ ရိုးသားဖြောင့်မတ်တဲ့
ပုဂ္ဂိုလ်ကတော့ ဟုတ်သလောက်သာ
ရိုးသားစွာ ပြောလေ့ရှိတယ်
အပိုအမို ပုံကြီးချဲ့ပြီးတော့
ဝါကြွား ပြောလေ့မရှိပါဘူး။


မိစ္ဆာပဏိဟိတံစိတ္တံ
ပါပိယောနံတတောကရေ
( မကောင်းသောစိတ်ထားသည်
ထိုစိတ်ရှိသူအား ယုတ်ညံ့ဆိုးရွား
သူဖြစ်အောင်ပြုတတ်၏ )
သမ္မာမဏိဟိတံစိတ္တံ
သေယျသောနံတတောကရေ
( ကောင်းသောစိတ်ထားသည်
ထိုစိတ်ရှိသူအား အထက်တန်းကျ
သူဖြစ်အောင်ပြုတတ်၏ )
(ဗုဒ္ဓ)


အက္ကောဓေန ဇိနေကောဓံ
အမျက်ဒေါသ ရန်ငြိုး
အာဃာတကင်း တဲ့
မေတ္တာစိတ်နဲ့ ...
အမျက်ဒေါသ
ရန်ငြိုးအာဃာတကြီးသူကို
အောင်နိုင်ရမယ်။
(ဗုဒ္ဓ)


သူများအကျိုး ပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊
မပြောနှင့်၊ မကြံနှင့်...
ကြမ်းတမ်းသော စကားကို မဆိုနှင့်
မေတ္တာနှင့် ယှဉ်သောစိတ်ကို ဖြစ်စေရမည်။
အကောင်းကြံ၊ အမှန်လုပ်၊
အဟုတ်ပြော...
ယခုလက်ရှိ အချိန်ထက်
ကောင်းသောအချိန်မရှိ...
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင်သုံးပါ...။
လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ။

အထင်သေးခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။
(တိပိဋကမင်းကွန်းဆရာတော်)


အမြဲမပြတ် ကိလေသာမီး
တညီးညီး တောက်လောင်နေပါလျက်
အဘယ်ကြောင့် သင်တို့
ပျော်မြူးရယ်ရွှင် နေဘိသနည်း၊
အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း
ဖြစ်နေဘိသနည်း။
အရှင်ရေ၀တ(ဖားအောက်တောရ)


သူတော်ကောင်းဆိုတာ
သူတော်လာအောင်
ကိုယ်ကကောင်းပေးရတာပဲ ၊
သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင်
ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ
သူတော်တော် မတော်တော်
ကိုယ်ကတော်ရမယ်၊
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကကောင်းရမယ်၊
ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
(တိပိဋက ယောဆရာတော်)


"အလှဆင်သူ"
ကြာပန်းက
ရေကန်ကိုသာအလှဆင်တယ်၊
မိုးတိမ်တွေကလည်း
ကောင်းကင်ပြာကိုသာ
အလှဆင်တယ်၊
လာခြင်းကောင်းသော
မိတ်ဆွေကတော့
တစ်လောကလုံးကို
အလှဆင်တယ်။

သံဃရက္ခိတမဟာထေရ်(သီဟိုဠ်)


စကားအင်္ဂါလေးပါး
အကျိုးရှိပြီးကောင်းမြတ်သောစကား
ချစ်ခင်နှစ်သက်ဖွယ်စကား
တရားဓမ္မနှင့်ယှဉ်သောစကား
ဖြောင့်မှန်သောစကား

"ဓမ္မဒူတ ဆရာတော် သြ၀ါဒ"
ကိုယ့်ကိုယ်ကို ပုဝါဖြူလား
လက်နှီးစုတ်လားလို့အမြဲစစ်။
ပုဝါဖြူဆိုရင်--
အညစ်အကြေးမပေစေနဲ့ ထိမ်းသိမ်း။
လက်နှီးစုတ်ဆိုရင်--
နာနာဖွတ်လျှော်နိုင်မှ ဖြူမယ်လို့မှတ်


"တောင်တန်းသာသနာပြုဆရာတော်
ဦးဥတ္တမသာရ-၏ သြ၀ါဒ"
စေတနာကောင်းလျှင် ကံကောင်းမယ်၊
စေတနာဆိုးလျှင် ကံဆိုးမယ်၊
စေတနာယုတ်လျှင် ကံယုတ်မယ်၊
စေတနာမြတ်လျှင် ကံမြတ်မယ်၊
စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊
စေတနာကောက်လျှင် ကံကောက်မယ်၊
စေတနာမွဲလျှင် ကံမွဲမယ်၊
စေတနာဌေးလျှင် ကံဌေးမယ်၊
စေတနာစင်ကြယ်လျှင် ကံစင်ကြယ်မယ်၊
စေတနာညစ်ပတ်လျှင် ကံညစ်ပတ်မယ်၊
စေတနာဖြူလျှင် ကံဖြူမယ်၊
စေတနာမည်းလျှင် ကံမည်းမယ်၊
စေတနာမြင့်လျှင် ကံမြင့်မယ်၊
စေတနာနိမ့်လျှင် ကံနိမ့်မယ်၊


မိမိကောင်းစားရေးအတွက်
အများကို လှေကားသဖွယ်
အသုံးမပြုပါနဲ့ ။
အများကောင်းစားရေးအတွက်သာ
မိမိကိုယ်ကိုလှေကားသဖွယ်
အသုံးပြုပေးလိုက်ပါ။
အရှင်တေဇနိယ(အုတ်ဖို)

No comments: