အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Thursday, July 30, 2015

သံဃာ့ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့်ရွတ်ဆိုရကျိုး

၁။ သုပ္ပဋိပန္တွော ဘဂဝတော သာဝကသံဃော။
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၎။ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊
၅။ အာဟုနေယျော
၆။ ပါဟုနေယျော၊
၇။ ဒက္ခိနေယျော၊
၈။ အဉ္စလိကရဏီယော
၉။ အနုတ္တရံ ပုညက္ခေတံ္တ လောကဿ။

ဘဂဝတော သာဝကသံဃော=ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်-

၁။ သုပ္ပဋိပန္တွော=ကိလေသာငြိမ်းကြောင်း ကောင်းစွာကျင့်ကြံတော်မူပါပေ၏။
၂။ ဥဇုပ္ပဋိပန္တွော=သာဌေ မာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူပါ၏။
၃။ ဥာယပ္ပဋိပန္တွော=နိဗ္ဗာန်အကျိုး မျှော်ကိုးရည်သန် ကျင့်ကြံတော် မူပါပေ၏။
၎။ သာမီစိပ္ပဋိပန္တွော=မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါ၏။ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော=အစုံလေးပါး သီးခြား ရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်
၅။ အာဟုနေယျော=အဝေးမှဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါ၏။
၆။ ပါဟုနေယျော= ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါ၏။
၇။ ဒက္ခိဏေယျော=တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော်မူပါ၏။
၈။ အဉ္စလီကရဏီယော=ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူပါပေ၏။
၉။ အနုတ္တရံ ပုညက္ခေတ္တံလောကဿ=နတ်လူအများ ကောင်းမှုပွားဖို့ ကြံထားပျိုးချ တုမရသည့် ကောင်းလှလယ်မြေ ယာမြေပမာ ဖြစ်တော်မူပါ၏။

ဤသို့လျှင် သုပ္ပဋိပန္တွ စသည်အပြား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော အရိယာရှစ်ဖော် သံဃာတော်နှင့် အရိယာနွယ်ဝင် သမ္မုတိထေရ်အရှင် တို့ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

သံဃာဂုဏ်တော်ပွားရကျိုး။ ။သံဃာမြတ်ဂုဏ်၊အာရုံညွတ်လို့၊
မပြတ်မလပ၊်အောက်မေ့လျှင်။အမြဲတမ်းသာ၊ကောင်းစွာနိုးလို့၊ကြီးမားဖွံ့ဖြိုး အကျိုးထင်။

မှတ်ချက်။ ။ မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ခုနစ်သတ္တဟမြောက်မှာ မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏တရားတော်ကို ယုံကြည် ဆည်းကပ်သော တပုဿနှင့် ဘလ္လိက တို့ကို ဥပါသကာ တပည့်သာဝကအဖြစ်ပထမဆုံးလက်ခံတော်မူရပါတယ်။အဲဒီအချိန်မှာ တပည့်သံဃာ မပေါ်ပေါက်သေးပါဘူး။ဒါကြောင့်ပင် တပုဿနှင့်ဘလ္လိက တို့ဟာ ဘုရားနှင့် တရားကိုသာ ယုံကြည်ဆည်းကပ် ကြရသော ဒွေဝါစိက (သရဏဂုံနှစ်ပါးတည်သူ)ဥပါသကာများဖြစ်ကြပါတယ်။

အဲဒီနောက် ဝါဆိုလပြည့် ဓမ္မစကြာ တရားတော်ကို ဟောကြားတော်မူပြီးတဲ့အခါ သောတာပတ္တိမဂ်ဥာဏ်၊ဖိုလ်ဥာဏ် ကိုရပြီး အရိယာဖြစ်တော်မူသွားတဲ့ အရှင်ကောဏ္ဍညက ရဟန်းအဖြစ်ကိုလျှောက်ထားတောင်ပန်ပြီး ဧဟိဘိက္ခုရဟန်းအဖြစ်ကိုရမှပင် ဗုဒ္ဓမြတ်စွာသာသနာတော်မှာ ပထမဆုံး သံဃာတော်ပေါ်ပေါက်လာတာပါ။အဲဒီအချိန်မှာ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်တော်မူသည်မှာ နှစ်လပင်ရှိပါသေးတယ်။အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားသာသနာတော်မှာ ပထမဆုံး ရဟန်း၊ပထမဆုံးသံဃာပင်ဖြစ်ပါတယ်။ဒါကြောင့် ရဟန်းအစ အရှင်ကောဏ္ဍညဟု ပြောစမှတ်ပြုကြပါတယ်။

သံဃာဆိုသည်မှာ အသိအမြင်ချင်း သီလချင်းတူညီကြတဲ့ ရဟန်းအပေါင်းကို သံဃာလို့ခေါ်ပါတယ်။ဤအနက်အရ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရပြီးသော အရိယာရဟန်းကိုသာလျှင် “သံဃာ”ဟုမုချအားဖြင့်ခေါ်ဆိုရပါတယ်။ဘာလို့လဲဆိုတော့ အရိယာပုဂ္ဂိုလ်များသည်သာလျှင် အချင်းချင်း မဂ်အသိအမြင်၊ဖိုလ်အသိအမြင်၊ပစ္စဝေက္ခဏာ အသိအမြင်ဟူသော အသိအမြင် (သမ္မာဒိဋ္ဌိမဂ္ဂင်)အားဖြင့်လည်းကောင်း၊အရိယကန္တသီလပြည့်စုံစင်ကြယ်မှုအားဖြင့်လည်းကောင်း၊မျက်မှောက် မျက်ကွယ် အမြဲတစေ တူညီကြ၍ ပုထုဇဉ်များမှာကား ထိုကဲ့သို့ မတူညီနိုင်ကြသောကြောင့်ဖြစ်ပေသည်။

သို့သော် မဂ်ဖိုလ်ရရေးအတွက် သီလ၊သမာဓိ၊ပညာ အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံအားထုတ်နေကြသော ပုထုဇဉ် ရဟန်းတော်တို့ကိုလည်း အရိယာသံဃာတော်၏ အနွယ်ဝင်ဖြစ်၍ သံဃာတော်ဟု ခေါ်ဝေါ်ကြရ အသိအမှတ်ပြုကြရ၏။ထို့ကြောင့်ပင် အရိယာရဟန်းတော်များကို ဒက္ခိဏေယျသံဃာ၊ပရမတ္ထသံဃာဟုခေါ်ဝေါ်ကြ၍ ပုထုဇဉ် ရဟန်းတော်များကို သမ္မုတိသံဃာဟု လူအများ ခေါ်ဝေါ်သုံးနှုန်းကြ၏။

သို့သော် ကခါင်္အဋ္ဌကထာ စာမျက်နှာ(၈၅)၌ကား ပုထုဇဉ် အရိယာမကွဲမပြား သံဃာအားလုံးကိုပင် သမ္မုတိသံဃာဟု ခေါ်ရကြောင်းဖွင့်ပြထားပါသည်။

အရိယာသံဃာတော်ရှစ်ယောက်ဆိုတာက=သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊အနာဂါမိမဂ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်အားဖြင့်မဂ်ပုဂ္ဂိုလ်လေးယောက်၊သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၊အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊အရဟတ္တဖိုလ်ပုဂ္ဂိုလ် အားဖြင့် ဖိုလ်ပုဂ္ဂိုလ်လေးယောက်။ဤသို့အားဖြင့် အရိယာရှစ်ဖော် သံဃာတော်ကို ဗုဒ္ဓဘာသာဝင်များအားကိုးရာ ကိုးကွယ်ရာအဖြစ်ယုံကြည်ဆည်းကပ်ခွင့်ရကြ၏။

ကိုးကား။ ။အရှင်ဇနကာဘိဝံသ(လူငယ်သင်အခြေပျိုး ဗုဒ္ဓဘာသာစာအုပ်မှ ကောက်နှုတ်ရေးသားလိုက်ပါသည်။)

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

တရားဂုဏ်တော်(၆)ပါး ပါဠိနှင့်အနက်

၁။ သွက္ခာတဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို ကောင်းစွာဟောကြားအပ်တော်မူပါပေ၏။

၂။ သန္ဒိဋ္ဌိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မျက်မှောက်၌ အကျိုးပေးတတ်ပါ၏။

၃။ အကာလိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် အချိန်အခါမလင့်စေဘဲ အကျိုးပေးတတ်ပါ၏။

၎။ ဧဟိပဿိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့အား လာရောက်ရှုကြည့်လှည့်ပါ ဟူ၍ဖိတ်ခေါ်အပ်ပါ၏။

၅။ သြပနေယျိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တတ်ပါပေ၏။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို အသီသီး မိမိတို့သန္တာန်၌ သိအပ်ခံစားအပ်ပါပေ၏။

Tuesday, July 28, 2015

ဘုရားဂုဏ်တော် (၉)ပါး ပါဠိ၊ အဓိပ္ပါယ်

(၁) အရဟံ
ကိလေသာအပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောမြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ
သစ္စာလေးပါးမြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့်ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော် မူသောမြတ်စွာဘုရား။

(၄) သုဂတော
ကောင်းသော စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။

(၅) လောက၀ိဒူ
သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော
မြတ်စွာဘုရား။

(၆) အနုတ္တရောပုရိသဒမ္မသာရထိ
မယဉ်ကျေးသေးသော လူ နတ်ဗြဟ္မာ တိရစ္ဆာန်သတ္တဝါတို့ကို တုတ်ဓားမပြ တရားချ၍ ယဉ်ကျေးအောင်
ဆုံးမတော်မူနှိုင်သော မြတ်စွာဘုရား။

(၇) သတ္ထာဒေ၀မနုဿာနံ
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈) ဗုဒ္ဓေါ
သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်လည်းသိ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောပြတော်မူ
သော မြတ်စွာဘုရား။

(၉) ဘဂ၀ါ
ဘုန်းတော်ခြောက်စုံ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

Monday, July 27, 2015

နှစ်ကျိပ်ရှစ်ဆူ ရှိခိုးနည်းနှင့် ဘွဲ့တော်များ

တံ  မေ  သ  ဒီ   ကော  မံ  သု  ရေ

သော  အ  ပ  နာ   ပ   သု  သု   ပီ

အ   ဓံ   သိ   တိ   ဖု   ၀ိ   သိ   ဝေ

က   ကော   က   ဂေါ                       **(နမာမဟံ)**

အထက်ပါအတိုင်း ရွတ်ပြီးလျှင် (နမာမဟံ) ဟုဆိုကာ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများအား ရှိခိုးပူဇော်နိုင်ပါသည်။

တံ - တဏှင်္ကရာ မြတ်စွာဘုရား
မေ - မေဓင်္ကရာ မြတ်စွာဘုရား
သ - သရဏင်္ကရာ မြတ်စွာဘုရား
ဒီ - ဒီပင်္ကရာ မြတ်စွာဘုရား
ကော - ကောဏ္ဍည မြတ်စွာဘုရား
မံ - မင်္ဂလ မြတ်စွာဘုရား
သု - သုဓန မြတ်စွာဘုရား
ရေ - ရေ၀တ မြတ်စွာဘုရား
သော - သောဘိတ မြတ်စွာဘုရား
အ - အနောမဒဿီ မြတ်စွာဘုရား
ပ - ပဒုမ မြတ်စွာဘုရား
နာ - နာရဒ မြတ်စွာဘုရား
ပ - ပဒုမ္ဓုတ္ထိုရ မြတ်စွာဘုရား
သု - သုမေဓါ မြတ်စွာဘုရား
သု - သုဇာတာ မြတ်စွာဘုရား
ပီ - ပီယဒဿီ မြတ်စွာဘုရား
အ - အတ္တဒဿီ မြတ်စွာဘုရား
ဓံ - ဓမ္မဒဿီ မြတ်စွာဘုရား
သီ - သိဒ္ဓတ္ထ မြတ်စွာဘုရား
တိ - တိဿ မြတ်စွာဘုရား
ဖု - ဖုဿ မြတ်စွာဘုရား
ဝိ - ၀ိယသီ မြတ်စွာဘုရား
သိ - သိခီ မြတ်စွာဘုရား
ဝေ - ဝေဿဘူ မြတ်စွာဘုရား
က - ကကုသန် မြတ်စွာဘုရား
ကော - ကောဏဂုံ မြတ်စွာဘုရား
က - ကဿပ မြတ်စွာဘုရား
ဂေါ - ဂေါတမ မြတ်စွာဘုရား

သူတော်စင်အပေါင်း ဒီဘ၀ ဒီခန္ဓာ နောက်ဆုံးရပြီး အရိယာပုဂ္ဂိုလ် များ ဖြစ်နိုင်ကြပါစေ။

ဇော်ကြီး (စကားဝါမြေ)

Sunday, July 26, 2015

ဝဇ္ဇာဉာဏ် (၈) ပါး

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးကဖြစ်ခဲ့ဖူးတဲ့ ဘ၀အားလုံးကို ပြန်ပြီး အောက်မေ့ဆင်ခြင်သိမြင်နိုင်တဲ့အသိဉာဏ်အထူး။
၂။ ဒိဗ္ဗစက္ခုဉာဏ် = အဝေးကအာရုံ၊ အလွန်သေးငယ်တဲ့အာရုံ၊ ဖုံးကွယ်နေတဲ့အာရုံ၊ စသည်တို့ကို နတ်မျက်စိလိုသိမြင်နိုင်တဲ့ အသိဉာဏ်အထူး။
၃။ အာသ၀က္ခယဉာဏ် = ကိလေသာအာသ၀တို့ကို ကုန်ခန်းစေတတ်တဲ့ အရဟတ္တမဂ်ဉာဏ်။...
၎။ ဒိဗ္ဗသောတဉာဏ် = နတ်နားကဲ့သို့ ကြားသိနိုင်တဲ့ဉာဏ်။
၅။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုးမိုးပျံခြင်းနှင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ဉာဏ်။
၆။ စေတောပရိယဉာဏ် = သူတစ်ပါးတို့ရဲ့စိတ်ကူးအကြံအစည်ကို သိမြင်နိုင်တဲ့ဉာဏ်။
၇။ ၀ိပဿနာဉာဏ် = ရုပ်နာမ်တို့ရဲ့ သဘာဝအမှန်ကို မြင်သိတဲ့ဉာဏ်။
၈။ မနေမယိဒ္ဓိဉာဏ် = မိမိစိတ်အလိုအတိုင်း ပြီးစီးဖြစ်မြောက်စေနိုင်တဲ့ဉာဏ်။

မြတ်ဗုဒ္ဓရဲ့ စရဏအကျင့် (၁၅) ပါး

၁။ သီလသံဝရ = ကိုယ်ကျင့်သီလ လုံခြုံခြင်း။
၂။ ဣန္ဒြိယသံဝရ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဣနြေ္ဒခြောက်ပါးကို လုံခြုံစွာစောင့်ထိန်းခြင်း။
၃။ ဘောဇနမတ္တညုတာ = စားသောက်ဖွယ်အာဟာရဘောဇဉ်၌ ချင့်ချိန် တိုင်းတာမှုရှိခြင်း။...
၎။ ဇာဂရိယနုယောဂ = နိုးနိုးကြားကြားရှိခြင်း။
၅။ သဒ္ဓါ = ရတနာမြတ်သုံးပါးနဲ့ ကံတရားတို့ကို ယုံကြည်ခြင်း။
၆။ သတိ = ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ဘဲ အမြဲသတိရနေခြင်း။
၇။ ဗာဟုသစ္စ = ကုသိုလ်၊ အကုသိုလ် တရားတို့၌ အကြားအမြင်များခြင်း။
၈။ ၀ီရိယ = ကုသိုလ်အလုပ်များ၌ ကြိုးစားအားထုတ်မှု ရှိခြင်း။
၉။ ပညာ = တတ်ကောင်း၊ သိကောင်းတဲ့ အတတ်ပညာ၊ အသိပညာတို့မှာ ကျွမ်းကျင်လိမ္မာခြင်း။
၁၀။ ဟိရီ = မကောင်းမှု ဒုစရိုက်များကို ကျူးလွန်ရန် ရှက်ခြင်း။
၁၁။ သြတ္တပ္ပ = မကောင်းမှု ဒုးရိုက်များကို ကျူးလွန်ရန် ကြောက်လန့်ခြင်း။
၁၂။ ရူပါဝစရ ပထမဈာန်
၁၃။ ရူပါဝစရ ဒုတိယဈာန်
၁၄။ ရူပါဝစရ တတိယဈာန်
၁၅။ ရူပါဝစရ စတုတ္ထဈာန်

စရဏ တရားများက မဟာကရုဏာတော်ကို ပြည့်စုံအောင် ပံ့ပိုးပေးကြပြီး သတ္တ၀ါတို့ကို အကျိုးမဲံမှုမှ ကယ်တင်ကာ အကျိုးရှိရာသို့ ပို့ဆောင်ပေးတော် မူတယ်။

Saturday, July 25, 2015

ပဋ္ဌာန်းအကြောင်းသိကောင်းစရာနှင့် ရွတ်ဆိုရကျိုး

ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး သူတော်စင်များအနေဖြင့် အောက်ပါ အကျိုးတရား ဆယ်ချက်ကို အကျဉ်းချုပ် သိထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း မိမိတို့ သဒ္ဓါတရား အားကောင်းပြီး ရွတ်ဖတ်ပူဇော်သော ဘုရားတရားတော်များဟာ ပိုမိုထိရောက် အစွမ်းရောက်မှာ ဖြစ်ပါတယ်။ အကျိုးတရားများ ကောင်းမွန်စေရန် အကြောင်းတရားများ တိကျမှန်ကန် ကောင်းမွန်ဖို့ လိုအပ်ပါသဖြင့် မှတ်သားနာယူ ထားကြပါ။
၁။ ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။
၂။ ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ
၃။ ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန်
၎။ ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ
၅။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ်
၆။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက်
၇။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း
၈။ ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ်
၉။ ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
၁၀။ ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော

၁။ ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲဆိုရင်
ပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာန ဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။
ပဋ္ဌာန = အမျိုးမျိုးသော အကြောင်း
ပဋ္ဌာန = ဝေဖန်ခြင်း
ပဋ္ဌာန = ကျက်စားသွားလာရာသို့ ဆိုပြီး အနက်သုံးမျိုးထွက်ပါတယ်။ ထို့ကြောင့်
(က) အကြောင်းအမျိုးမျိုးကိုဟောတတ်သောကြောင့် ပဋ္ဌာန်း။
(ခ) ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့်ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။
(ဂ) သဗ္ဗညုတဥာဏ်၏လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့် ပဋ္ဌာန်းဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၂။ ပထမဆုံး ဆင်ခြင်သည့်နေရာ
ပဋ္ဌာန်းတရားကို မြတ်စွာဘုရား ဘယ်နေရာမှာ ပထမဦးဆုံး စတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက် အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူပါတယ်။
ရှေ့ခြောက်ကျမ်းကို သုံးသပ်တော်မူပြီးသည့်အထိ ရောင်ခြည်တော် ခြောက်သွယ် မထွက်ပေါ်မကွန့်မြူးသေးပဲ၊ပဋ္ဌာန်းဒေသနာ တော်ကြီးကို သုံးသပ်ဆင်ခြင်တဲ့ အခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ပေါ်တော်မူလာတာပါ။(ဥပမာ)ကြီးမားတဲ့ငါးကြီးတွေဟာ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်မှာလှုပ်ရှားခွင့်မရဘဲ မဟာသမုဒ္ဒရာကြီးထဲမှာသာ စိတ်ကြိုက်မြူးတူးလှုပ်ရှားခွင့်ရသလို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်တော်ကြီးသည်လည်း ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သော အခါမှသာ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးသည်ထိ ကျက်စားနိုင်ခဲ့ပါတယ်။ ဒါကြောင့် နေအထောင် လအသောင်းနဲ့နှိုင်းစာလို့မရအောင် ဂုဏ်ရောင်ဆောင်တဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ထွက်ပေါ်စေတာဟာဖြင့် ဤပဋ္ဌာန်းတရားတော်ကြီး၏ ထူးခြားချက်ပဲဖြစ်ပါတယ်။
ဒီပဋ္ဌာန်း တရားတော်ကြီးကို စတုတ္ထသတ္တာဟ ရတနာဃရ စံအိမ်တော်မှာ စတင်ဆင်ခြင်ခဲ့တယ်လို့ မှတ်သားထားရပါမယ်။ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ တလူလူလွှင့်ထူနေကြတဲ့ သာသနာ့အလံတော်ဟာ ရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားတဲ့ အလံတော်ဖြစ်ပါတယ်။ဒီသာသနာ့အလံတော်ကိုမြင်တိုင်း ဒီသာသနာ့အလံတော်ကို အသုံးပြုတိုင်း ပဋ္ဌာန်း တရားတော်ကြီးကို သတိရနေကြရမှာဖြစ်ပါတယ်။

၃။ ဟောကြားခဲ့သောအချိန်
ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်အချိန်မှာ ဘယ်ကာလမှာ ဟောခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားရှင် ၆-ဝါ အလွန် (၇)ဝါအရောက် သက်တော်(၄၂)နှစ်အရွယ်မှာဟောကြားခဲ့ တယ်လို့မှတ်သားနိုင်ပါတယ်။

၎။ ဟောကြားခဲ့သောနေရာ
ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်နေရာမှာဟောခဲ့ပါသလဲဆိုရင် မြတ်စွာဘုရားရှင်ဟာ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်မှာ ဟောခဲ့ပါတယ်။

၅။ ဟောကြားခဲ့သော ပုဂ္ဂိုလ်
ပဋ္ဌာန်းဒေသနာတော်ကြီးကို ဘယ်သူတွေဟောခဲ့သလဲလို့ ဆိုတော့ မြတ်စွာဘုရားရှင်ဟာ နတ်ဗြဟ္မာတို့ကိုဟောကြားခဲ့တယ်လို့သိနိုင်ပါတယ်။

၆။ ဟောကြားခဲ့သော ရည်ရွယ်ချက်
ပဋ္ဌာန်းတရားတော်ကြီးကို ဘာရည်ရွယ်ချက်နဲ့ဟောကြားခဲ့ပါသလဲလို့ ဆိုရင် မြတ်စွာဘုရားရှင်ဟာ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ နိုးဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။

၇။ ဟောကြားခဲ့သော ရက်ပေါင်း
ပဋ္ဌာန်းကျမ်းကို ရက်ပေါင်းမည်မျှကြာအောင် ဟောခဲ့သလဲလို့ဆိုတော့ ရက်အတိအကျမဟုတ်သော်လည်း ခန့်မှန်းတွက်ချက်ကြည့်ချက်အရ အဘိဓမ္မာ(၇)ကျမ်းကို တာဝတိံသာနတ်ပြည်မှာ ရက်ပေါင်း(၉၀)၊(၃)လကြာအောင်ဟောကြား တော်မူရာ
ဓမ္မသင်္ဂဏီ(၁၂)ရက်၊
ဝိဘင်း(၁၂)ရက်၊
ဓာတုကထာ(၆)ရက်၊၊
ပုဂ္ဂလပညတ္တိ(၇)ရက်၊
ကထာဝတ္ထု(၈)ရက်၊
ယမိုက်(၂၀)ရက်၊
ပဋ္ဌာန်းကျမ်း(၂၅)ရက် အသီးသီးဟောခဲ့တယ်လို့ အဆိုရှိပါတယ်။

၈။ ပဋ္ဌာန်းတရား ပြန့်ပွားအောင် ဖြန့်ဖြူးပေးခဲ့သော ပုဂ္ဂိုလ်
ပဋ္ဌာန်းတရား ပြန့်ပွားအောင်မည်သူက စတင်ဖြန့်ဖြူးခဲ့ပါသလဲဆိုတော့ ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကိုဟောတော်မူတဲ့အခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားပြီးရင် ပညာအကြီးဆုံး အဂ္ဂသာဝကကြီးဖြစ်တော်မူလို့ အကျဉ်းနည်းနဲ့ဟောတော်မူတာပါ။ ထိုမှတစ်ဆင့် အရှင်သာရိပုတ္တရာက လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်သင်ကြားပို့ချဟော တော်မူခဲ့ပါတယ်။ ဒါကြောင့်ပဋ္ဌာန်းတရားတော်ကြီးကို ယနေ့ရဟန်း ရှင်လူတို့ နာယူ သင်ကြားပို့ချနေနိုင်ခြင်းမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ကျေးဇူးကြောင့်ဆိုတာ သိထားရပါမယ်။ ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာက စတင်ဖြန့်ဖြူးခဲ့တယ်လို့အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။

၉။ ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
ပဋ္ဌာန်းတရား ဘယ်ပုံကျယ်ဝန်းသလဲဆိုတဲ့ အချက်ကို ပြောကြည့်ရင် ဒီကမ္ဘာလောကကြီးမှာ အကျယ်ဝန်းဆုံးဖြစ်တဲ့ အရာဌာနကြီး ၄ခုရှိပါတယ်။
အဲဒီ(၄)ခုကဘာလဲလို့ဆိုတော့
(၁) သံသာရ သာဂရ = သံသရာပင်လယ်ကြီး။
(၂) ဇလ သာဂရ = ရေပင်လယ်ကြီး။
(၃) နယသာဂရ = နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။
(၄) ဥာဏသာဂရ = ဥာဏ်ပင်လယ်ကြီးလို့ခေါ်တဲ့ ဘုရားသခင်၏ သဗ္ဗညုတ ဥာဏ်တော်ကြီး။

ဒီသာဂရ (၄)မျိုးတို့တွင် ပဋ္ဌာန်းကျမ်းကြီးက အလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကြီးအဖြစ် မှတ်တမ်းတင်ခြင်းခံရပါတယ်။ဒါကြောင့် အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြတာပါ။
ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းပုံကတော့ ပဋ္ဌာန်းပါဠိတော်သည် ဆဋ္ဌသံဂါယနာတင်ပါဠိတော်အုပ်ရေအားဖြင့် (၅)အုပ်ရှိပြီး စာမျက်နှာပေါင်း(၂၆၄၀)တိတိရှိပါတယ်။ အသံမစဲ မနားတမ်းရွတ်ဖတ်သွားမယ်ဆိုရင် နာရီပေါင်း(၁၃၂)နာရီ ရွတ်ဖတ်ရပါမယ်။ပေယျာလ(မြှုပ်ကွက်)တွေကိုဖော်ပြီးရွတ်မယ်ဆိုရင် တစ်သက်လုံးရွတ်ဖတ်လို့မကုန်နိုင်လောက် အောင်များတယ်လို့ဆိုပါတယ်။ သာမန်သူလို ကိုယ်လို ပုဂ္ဂိုလ်မျိုးကို မဆိုထားဘိ၊ဂါထာပေါင်း တစ်သောင်းငါးထောင်၊ပုဒ်ပေါင်းခြောက် သောင်းကို ခဏချင်းသင်ယူနိုင်သော အရှင်အာနန္ဒာ၊မိုးသီးမိုးပေါက်ကိုပင်တစ်လုံး ချင်းရေတွက်နိုင်သောအရှင်သာရိပုတ္တရာသော်မှ ဤပဋ္ဌာန်းဒေသနာတော်ကို မြတ်စွာဘုရားဟောသည့်အတိုင်း အပြည့်အစုံရွတ်ဆိုဖို့မလွယ်ကူပါ။
ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအနေအားဖြင့် အနန္တ အပရိမာဏ အဆုံးအပိုင်းခြားမရှိအောင် ကျယ်ဝန်းလှသောကျမ်းကြီးဖြစ်၍ ထိုကျမ်းကြီး၏ ပုဒ်အစဉ်နှင့်အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံတစ်စုံတစ်ယောက်က ဖွင့်ပြမည်ဟု ကြိုးစားခဲ့လျှင် အသက်သာကုန်ဖွယ်ရာရှိပါတယ်။ပဋ္ဌာန်းကျမ်း ကြီးကတော့ ကုန်နိုင်မည်မဟုတ်ဟု ဥဒါန်းစကားပင်ရှိနေပါတယ်။
ဒါဖြင့်ရင် ဤမျှလောက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင်
ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားရပါမည်။

(က) ပကတိသာမန်လူသားများ စကားတစ်ခွန်းပြောတဲ့အချိန်မှာ အရှင်အာနန္ဒာက (၈)ခွန်းထိပြီးစီးအောင်ပြောနိုင်ပါတယ်။
(ခ) အရှင်အာနန္ဒာက စကားတစ်ခွန်းပြောဆိုတဲ့အချိန်မှာ မြတ်စွာဘုရားရှင်က (၁၆)ခွန်းထိပြောဆိုနိုင်ပါတယ်။
(ဂ) ပကတိသာမန်လူတစ်ယောက်စကားတစ်ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က (၁၂၈)ခွန်းပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့တယ်လို့သိရပါတယ်။မြတ်စွာဘုရားရှင်ဤမျှလောက်စကားတော်
လျင်မြန်ရခြင်းကလည်း ဘဝပေါင်းများစွာပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေကြောင့်လည်းကောင်း၊သဗ္ဗညုတဥာဏ်တော်ကြောင့်လည်းကောင်းစတဲ့ အချက်တွေကြောင့် စကားတော်လျင်မြန်ရခြင်းအကြောင်း တရားလေးပါးရှိပါတယ်။

၁။ ဇိဝှါမုဒု = လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း
၂။ ဒန္တဝရဏံ သုဖုသိတံ = နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။
၃။ ဝစနံ အဂနိတံ = ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။
၎။ ဘဝင်္ဂပရိသောလဟုကော = ဘဝင်စိတ်
အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

၁၀။ ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ
ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ
(၁) လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော နာမရူပ ပရိစ္ဆေဒဥာဏ်ရင့်သန်စေခြင်းဟူသော ပထမအကျိုးတရား။
(၂) မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပံ့ကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။
(၃) ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။
(၄) ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင် ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများ ရနိုင်ပါတယ်။

အဘိဓမ္မာပြန့်ပွားရေးအသင်းများ၊
အဘိဓမ္မာစာမေးပွဲများ၊
အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်းသင်တန်းများ၊
အသံမစဲပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင်အကုသိုလ် စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။ နာယူကြပါ။ သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။
ဒေါက်တာအရှင်ကောဝိဒါစာရ၏ ပဋ္ဌာန်းအကြောင်းစာအုပ်မှ

Thursday, July 23, 2015

မိုးကုတ်ဝိပဿနာရူနည်း

(၁) အာနာပါနပေးပုံ
မိုးကုတ်ဆရာတော် ဘုရားကြီးသည် အားထုတ်စယောဂီသစ်များကို အာနာပါနရှု၍ သမာဓိထူထောင်ခိုင်းသည်။ အာနပါနထူထောင်ခိုင်းပုံမှာ နှာသီးဖျားတွင် စိတ်ထားပြီး လေထွက်တာသိ လေ၀င်တာသိအောင် လုပ်ရပါမည်..ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်တိုင်တိုင် စသည်ဖြင့် "ထွက်လေ ၀င်လေ" ကိုထွက်တိုင်းသိ ၀င်တိုင်းသိအောင် သတိထား ၀ီရိယစိုက်၍ စောင့်သိပေးရပါမည်။ ဖြစ်ပျက်မြင်ပြီးသော်လည်း သမာဓိ အားမကောင်းသေးသော ယောဂီများလည်း တရားစတင် ရှုမှတ်တိုင်း မိနစ်အနည်းငယ် (သို့) လိုအပ်သလောက် အာနာပါနရှု၍ သမာဓိထူထောင်သင့်ပါသည်။

(၂) ဒိဋ္ဌိဖြုတ်ပေးပုံ
မိုးကုတ်ဆရာတော် ဘုရားကြီးသည် ယောဂီများ ခန္ဓာဥာဏ်ရောက် တရားအားမထုတ်ခင် အမြင်မှား ဒိဋ္ဌိသုံးမျိုးကို အသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်ပေး တော်မူပါသည်။ ဤအချက်သည် မိုးကုတ်ဝိပဿနာ၏ ထူးခြားမှု တရပ်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ၀ိပဿနာတရား အားထုတ်ချင်လာအောင်၊ အားထုတ်ရာတွင်လဲ ကြိုးစားအားထုတ် လာအောင် သံဝေဂ ရဖွယ်တရားများကို ပိုင်နိုင်စွာ ဟောကြား ဆုံးမတော်မူပြီးနောက် ဒိဋ္ဌိဖြုတ်တရားများကို ဟောကြားတော်မူပါသည်။ ဒိဋ္ဌိဖြုတ် တရားများ ဟောကြားရာတွင် ဟောတရားများအပြင် ပဋိစ္စသမုပ္ပါဒ် ဒေသနာစဉ်ကို ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တီထွင်ရေးဆွဲတော်မူသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဒေသနာပုံစံဖြင့် ဟောကြား ပြသတော်မူပါသည်။ ဒိဋ္ဌိဖြုတ်တရား၏ အဓိက အနှစ်ချုပ်မှာ ပုဂ္ဂိုလ်သတ္တ၀ါမရှိဘဲ ဓမ္မသဘောသာရှိကြောင်း ထိုဓမ္မသဘောများသည်လဲ ခိုင်မြဲမနေဘဲ ဖြစ်ပြီးပျက်နေကြောင်း၊ မခိုင်မြဲသော်လည်း အကြောင်းအကျိုးမဆက်ပဲ အစပျောက်ပြတ်စဲ သွားခြင်းမျိုး မဟုတ်ကြောင်း သိရှိစေရန် ဖြစ်ပါသည်။ ယောဂီများသည် ခန္ဓာဥာဏ်ရောက် တရားအားမထုတ်မှီ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်တရား၊ ပဋိစ္စသမုပ္ပါဒ်တရားများကို ကြေကြေလည်လည်ရှိအောင် နာကြားသင်ယူထားကြရပါမည်။
မိုးကုတ်ဆရာတော်ဘုးရားကြီးက (၁) သတိပဋ္ဌာန်၊ (၂) သတိပဋ္ဌာန ဘာဝနာ၊ (၃) သတိပဋ္ဌာန အကျင့်လမ်းဆုံး ဟူ၍ ဟောကြားဆုံးမတော်မူသော ၀ိပဿနာကျင့်စဉ် (၃၀၊၈၊၆၁) တရားတော်နှင့်အညီ ဤစာတမ်း၌ အဆင့်ဆင့် ရေးသားတင်ပြ သွားပါမည်။

(၃) စိတ္တာနုပဿနာရှုပွားပုံ
သတိပဋ္ဌာန်
"စိတ်တွေပေါ်တိုင်း သိတာ သတိပဋ္ဌာန်" ဟု ဟောကြားချက်နှင့်အညီ ယောဂီတို့သဏ္ဍာန်၌ ပေါ်နိုင်သည့် စိတ်အမျိုးအစား(၁၃)မျိုးမှာ-
(၁) မြင်စိတ်၊
(၂) ကြားစိတ်၊
(၃) နံစိတ်(အနံ့ရစိတ်)၊
(၄) စားစိတ်၊
(၅) ယားနာကောင်းစိတ်(ကိုယ်စိတ်)၊
(၆) လောဘစိတ်(လိုချင်စိတ်၊ ရချင်စိတ်၊ စားချင်စိတ်....စသည်..)၊
(၇) ဒေါသစိတ်(မကျေနပ်စိတ်၊ အလိုမကျစိတ်၊ ပျင်းစိတ်......စသည်..)၊
(၈) မောဟစိတ်(တွေဝေစိတ်၊ ငိုက်မျဉ်းစိတ်၊ သံသယစိတ်....စသည်...)၊
(၉) အလောဘစိတ် (ပေးကမ်းလှူဒါန်းလိုစိတ်၊ ကုသိုလ်ကောင်းမှုပြုလိုစိတ်......စသည်...)၊
(၁၀) အဒေါသစိတ် (သနားစိတ်၊ သူတပါးကောင်းကျိုးလိုလားစိတ်...စသည်..)၊
(၁၁) တွေးတောကြံစည်စိတ် (ရောက်တတ်ရာရာ ကြံစည်စိတ်....)၊
(၁၂) လေကိုရှုသွင်းစိတ်၊
(၁၃) လေကိုရှိုက်ထုတ်လိုစိတ်။

အထက်ပါ စိတ်(၁၃)မျိုး မိမိသဏ္ဍာန်၌ ပေါ်နေသည်ကို ပေါ်တိုင်းပေါ်တိုင်း သိအောင်လုပ်ရပါမည်။ အဆင်းတခုခုမြင်တိုင်း မြင်စိတ်ပေါ်သည်ဟု သိရပါမည်။ အသံတခုကြားလျှင် ကြားစိတ်ပေါ်သည်ဟု သိပေးရမည်။ အနံ့တခုခုရတိုင်းလဲ အနံ့ရစိတ် စိတ်ပေါ်သည်(သို့) နံစိတ်ပေါ်သည်ဟု သိပေးရမည်။ လျှာပေါ်တွင် အရသာတခုခု စားတိုင်းစားတိုင်း စားစိတ်ပေါ်နေသည်ဟု သိရပါမည်။ ကိုယ်ပေါ်တွင် ယားခြင်း၊ နာခြင်း၊ ပူခြင်းစသည်ဖြင့် ဘာပဲပေါ်ပေါ် ကိုယ်စိတ်ပေါ်သည်ဟု သိပေးရမည်။ မနောဒွါရတွင်လဲ လိုချင်ရချင်စိတ်ပေါ်လျှင် လောဘစိတ် (သို့) လိုချင်စိတ်ပေါ်သည်ဟု သိရပါမည်။ ကိုယ့်သဏ္ဍာန် ပေါ်သည့်စိတ်ကို ကိုယ်သိနိုင်သလိုသာ သိနိုင်ပါသည်။ ပါဠိအမည်ဖြင့် မှန်ကန်စွာသိနိုင်ဖို့ အရေးမကြီးပါ။ ပေးချင်လျှင် ပေးချင်စိတ် ပေါ်သည်ဟု မကျေနပ်လျှင် မကျေနပ်စိတ်ပေါ်သည်ဟု အသိလိုက်ပေးယုံသာ။ အိပ်ချင်လျှင်လဲ အိပ်ချင်စိတ်ပေါ်သည်ဟု သိပေးရမည်။ (အခြားစိတ်များကိုလဲ ဤနည်းတူ သိကြရပါမည်။) ယောဂီပုဂ္ဂိုလ်သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်များကို ပေါ်တိုင်းပေါ်တိုင်း လိုက်လိုက်သိပေးနေခြင်းသည် သတိပဋ္ဌာန်ပွားများ ကျင့်ကြံရာရောက်သလို မိမိသဏ္ဍာန်ရှိ ခန္ဓာငါးပါးထဲမှ ၀ိညာဏက္ခန္ဓာကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါသည်။ ထိုခန္ဓာသည် ပရမတ်ခန္ဓာအစစ်ပင် ဖြစ်ပါသည်။ ထိုခန္ဓာသည် လုံးရပ်သဏ္ဍာန်၊ ပုံဟန်၊ နိမိတ်မရှိပါ။ သိမှုသဘောသာလျှင် ရှိပါသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးက "ခွေးမဟောင်တဲ့ ခန္ဓာကို ၀ိပဿနာ ရှုရမယ်" ဟုဆုံးမတော်မူပါသည်။ ဤသတိပဋ္ဌာန်အဆင့် ပွားများမှုကို ပိုင်နိုင်လာသော ယောဂီသည် ၀ိပဿနာရှုစရာ အရှုခံခန္ဓာကို ရှာတွေ့လာပြီး ဟု ဆိုနိုင်သကဲ့သို့ ငါမြင်တယ်၊ ငါကြားတယ်၊ ငါတွေးတယ် စသောငါထင်မှု သက္ကာယဒိဋ္ဌိကိုလဲ ပွားများမှုဖြင့် ဖြုတ်ရာရောက်နေပါသည်။

(၄) သတိပဋ္ဌာနဘာဝနာ
သတိပဋ္ဌာန်အဆင့် ပွားများအားထုတ်၍ ခန္ဓာပေါ်တိုင်း(သို့) စိတ်ပေါ်တိုင်းသိလာနိုင်သော ယောဂီသည် သတိပဋ္ဌာနဘာဝနာဖြစ်အောင် ဆက်လက်ရှုပွားရမည်။ သတိပဋ္ဌာန ဘာဝနာဟူသည် ထိုစိတ်၏အပျက်ကို ရှုနိုင်ခြင်းကိုခေါ်သည်။

အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း
ဤရှုပွားနည်းတွင် မိမိသဏ္ဍာန်၌ ပစ္စုပ္ပန်တည့်တည့်အကြောင်းတိုက်ဆိုင်၍ ပေါ်လာသောစိတ်၏နောက်မှ ဥာဏ်လိုက်ရန်ဖြစ်ပါသည်။ ဥပမာ- လိုချင်စိတ်တခုပေါ်လာပါက သတိပဋ္ဌာန်အဆင့်တွင် လိုချင်စိတ်ပေါ်သည်ဟု သိပေးခဲ့ပါသည်။ ယခု သတိပဋ္ဌာနဘာဝနာအဆင့်တွင် ထိုလိုချင်စိတ်နောက်မှ ထိုစိတ်သည် အနိစ္စပဲဟု ရှု/မှတ်/သိပေးရပါမည်။ (အနိစ္စဟုဆိုရာတွင် ပါဋ္ဌိဘာသာဖြင့် သိနားလည်နိုင်လျှင် အနိစ္စဟုသိရပါမည်။ သို့မဟုတ် ဒီစိတ်ကလေးကလည်း မခိုင်မြဲဘူး(သို့) ဖြစ်ပြီးပျက်နေတဲ့သဘောပဲ၊ အပျက်ပဲဟုမိမိနားလည်လက်ခံသဘောကျသလို အသိလိုက်ရပါမည်။) အခြားစိတ်များပေါ်တိုင်းလဲ အလားတူအသိလိုက်ပေးပါ။ ဤအနိစ္စရှုနည်းသည် ဘာကအနိစ္စမှန်း၊ ဘယ်လိုအနိစ္စမှန်း မသိပဲရမ်းရှုနေခြင်းမျိုးမဟုတ်ပဲ မိမိသဏ္ဍာန်ပေါ်လာသော အရှုခံပရမတ်ခန္ဓာကို ဥာဏ်ဖြင့်လက်ညှိုးထိုး၍ "မင်းအနိစ္စပဲ" ဟု ရှုခြင်းမျိုးဖြစ်ပါသည်။

ကိုယ့်စိတ်ကိုယ်အကဲခတ်ရှုပွားနည်း
ဤရှုပွားနည်းတွင် အရှုခံစိတ်တခုခုပေါ်လာသောအခါ ယောဂီပုဂ္ဂိုလ်က ထိုစိတ်ရှိသေးသလား မရှိတော့ဘူးလားဟု အကဲခတ်ရှုပွားရန် ဖြစ်ပါသည်။ ဤရှုပွားနည်းဖြင့် ရှုပွားလိုသောယောဂီသည် စိတ်တွေ၏နိယာမ သဘောတရားအရ "စိတ်နှစ်ခုပြိုင်မပေါ်နိုင် " ဟူသောအချက်ကို သဘောကျလက်ခံထားရပါမည်။ စိတ်တွေပြိုင်ပေါ်နေသည်ဟူသော အထင်မှားသည် "မျက်စိတမှိတ်၊ လျှပ်တပြတ်၊ လက်ဖျစ်တတွတ်အတွင်း စိတ်ပေါင်းကုဋေတသိန်းကျော် တခုနှင့်တခု မပြိုင်ဘဲ ဆင့်ကာဆင့်ကာ ပေါ်သွားသည်" ဟူသော အလွန်လျင်မြန်သော စိတ်အလျင်ကိုနားမလည်နိုင်၊ မသိနိုင်သောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ဤအဆင့်တွင် ယောဂီက မိမိသဏ္ဍာန်ပေါ်လာသော စိတ်ကိုရှိမရှိ အကဲခတ်/တွေး/ဥာဏ်ဖြင့်ကြည့်လိုက်သောအခါ ကြည့်သော၊ တွေးသော၊ အကဲခတ်သောစိတ်သာရှိ၍ ရှေ့ကပေါ်သွားသော စိတ်မရှိတော့ဟု သိ၍မခိုင်မြဲခြင်း အနိစ္စသဘောကို ဥာဏ်၌ထင်မြင်နိုင်ပါသည်။

(၅) ဝေဒနာနုပဿနာ ရှုပွားပုံ
သတိပဋ္ဌာန်
ခံစားမှုသဘောဖြစ်သည့် ဝေဒနာတွေပေါ်တိုင်း သိအောင်ပွားများရပါမည်။
ယောဂီသဏ္ဍာန်၌ ပေါ်နိုင်သည့် ဝေဒနာအမျိုးအစား (၁၂)မျိုးမှာ-
(၁) မြင်သောအခိုက် ဥပေက္ခာဝေဒနာ၊
(၂) ကြားသောအခိုက် ဥပေက္ခာဝေဒနာ၊
(၃) အနံ့ရသောအခိုက် ဥပေက္ခာဝေဒနာ၊
(၄) စားသောအခိုက် ဥပေက္ခာဝေဒနာ၊
(၅) ကိုယ်ပေါ်တွင် ချမ်းသာခိုက် သုခဝေဒနာ၊
(၆) ကိုယ်ပေါ်တွင် ဆင်းရဲခိုက် ဒုက္ခဝေဒနာ၊
(၇) စိတ်တွင် ချမ်းသာခိုက် သောမနဿဝေဒနာ၊
(၈) စိတ်တွင် ဆင်းရဲခိုက် ဒေါမနဿဝေဒနာ၊
(၉) စိတ်တွင်ချမ်းသာသည်လဲ မဟုတ်၊ ဆင်းရဲသည်လဲမဟုတ်ခိုက် ဥပေက္ခာဝေဒနာ၊
(၁၀) စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် လေရှုရှိုက်နေခိုက် သောမနဿ ဝေဒနာ၊
(၁၁) စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် လေရှုရှိုက်နေခိုက် ဒေါမနဿဝေဒနာ၊
(၁၂) စိတ်ချမ်းသာသည်လဲမဟုတ် ဆင်းရဲသည်လဲမဟုတ် လေရှုရှိုက်နေခိုက် ဥပေက္ခာဝေဒနာ ပေါ်နေပါသည်။
ဤအဆင့်တွင် စိတ္တာနုပဿနာရှုပွားပုံအတိုင်း - ဝေဒနာတွေပေါ်တိုင်းပေါ်တိုင်း ဘာဝေဒနာ ဘာဝေဒနာဟု သိအောင်ကြိုးစားရမည်။

သတိပဋ္ဌာနဘာဝနာ
အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း
မိမိသဏ္ဍာန်ပေါ်လာသောဝေဒနာ၏နောက်မှ အနိစ္စဟု သိသောဥာဏ်လိုက်ရမည်ဖြစ်သည်။
(အကျယ်မှာ စိတ္တာနုပဿနာရှုပွားပုံနည်းအတိုင်း ဖြစ်ပါသည်။)
ကိုယ့်ဝေဒနာကို အကဲခတ်ရှုနည်း
စိတ္တာနုပဿနာပါ အကဲခတ်ရှုပွားနည်းအတိုင်း ရှုမှတ်ရပါမည်။ အကဲခတ်သည့်ဥာဏ်ပေါ်ခိုက် ရှေ့ကပေါ်သွားသောအရှုခံဝေဒနာ မရှိတော့ပါ။

(၆) အထွေထွေသိမှတ်ဖွယ်ရာ
အနိစ္စလက္ခဏာ
ဝိပဿနာရှုသောယောဂီသည် ပရမတ်သဘောခန္ဓာ၏ မခိုင်မြဲမှုအနိစ္စကို မြင်ရန်ကြိုးစားကြရမည် ။ အနိစ္စသဘောကိုဥာဏ်ဖြင့်မြင်သိရန် အနိစ္စ၏လက္ခဏာကို သိအောငf ကြည့်ရပါမည်။ "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာဖြစ်ပါသည်။ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" သည်ပင် အနိစ္စလက္ခဏာဖြစ်သည်။ အရှုခံခန္ဓာပေါ် လာသောအခါ ရှိမရှိအကဲခတ်ကြည့်လိုက်သောအခါ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာကို သိ၍ အနိစ္စမခိုင်မြဲခြင်းသဘော ကို ဥာဏ်၌ထင်မြင်လာနိုင်ပါသည်။ (ဤနေရာတွင် လုံးဝမရှိသောသဘောမျိုးမဟုတ်၊ လုံးဝမရှိတာရှုခဲ့လျှင် ပညတ်ဘက်သို့ရောက်သွားပါမည်။ ၂၁၊၄၊၆၄ ဟော စာအုပ်သေး-၂၁၆ စာအုပ်ကြီး-၂၃ တွင် အကျယ်လေ့လာနိုင်ပါသည်။)

ဆင်အိပ်ဥပမာ
ဆရာတော်ဘုရားကြီးသည် ယောဂီများအား ဥာဏ်၌ဖြစ်ပျက်ထင်မြင်ပုံကို နားလည်စေရန်ဆင်အိပ်သည့်ဥပမာဖြင့် ဟောကြားတော်မူပါသည်။ တောအစပ်တွင်ရှိသော အိမ်၌နေသော သူသည် ညအခါအိမ်ရှေ့မှဆင်အော်သံများကို ကြားရသည်။ နံက်သို့ရောက်သောအခါ အိမ်ရှေ့သို့ထွက်ကြည့်ရာတွင် ဆင်လာအိပ်သွားသောလက္ခဏာများဖြစ်သော ခြေရာ၊အိပ်ခဲ့သောနေရာများကို ကြည့်ခြင်းအားဖြင့် ဆင်ကိုမမြင်ခဲ့ရသော်လည်း ဆင်ခြင်ဥာဏ်ဖြင့် ဆင်လာအိပ်ပြီး ပြန်သွားပြီးဟု သိနိုင်ပါသည်။ ထို့အတူယောဂီများကလည်း မိမိ သဏ္ဍာန်ပေါ်နေသည့် ပရမတ်ခန္ဓာကို မိမိဥာဏ်ဖြင့်ပြိုင်ပြီး သိနေသည့်သဘောမဟုတ်ဘဲ ပညာဥာဏ်ဖြင့်ဆင်ခြင်၍ "ဖြစ်လဲဖြစ်ခဲ့ပြီး ယခုမရှိတော့ဘဲ ပျက်သွားပြီး" ဟုဖြစ်မှုပျက်မှုကို သိခြင်းမျိုးဖြစ်အောင် ကြိုးစားပွားများအားထုတ်ကြရပါမည်။

ပင့်ကူဥပမာရှုပွားပုံ
စိတ္တာနုပဿနာ(သို့) ဝေဒနာနုပဿနာရှုပွားရာတွင် ပင့်ကူဥပမာရှုပွားပုံကို ဆက်လက်ဖော်ပြပါမည်။ တောထဲတွင်ပင့်ကူကြီးများသည် ပင့်ကူမျှင်များဖြင့်အိမ်ဖွဲ့ထားပြီး ၄င်းတို့သည် အိမ်၏အလယ်ဗဟို၌ နေကြသည်။ စားစရာအကောင်တခုခု ပင့်ကူအိမ်၌ကပ်လာလျှင် ထိုနေရာ၌ သွားစားပြီးအလယ်ဗဟိုချက်မ၌ ပြန်နေသည်။ ထို့အတူယောဂီများ သည် ဗဟိုချက်မနှင့်တူသော ထွက်လေ၀င်လေနှင့် ယှဉ်တွဲနေသောစိတ်(သို့) ဝေဒနာ၏အပျက်ကို ပင်တိုင်ထားရှု၍ အခြားစိတ် (သို့)ဝေဒနာများပေါ်လာပါက ပေါ်ရာထင်ရှားရာစိတ် (သို့)ဝေဒနာကို ရှုရပါမည်။ ဤနေရာတွင် ပင်တိုင်ရှုပွားပုံသည် အာနာပါနသက်သက် သမာဓိထူထောင်ခြင်းမျိုးမဟုတ်ဘဲ ထိုဝင်လေထွက်လေအခိုက် ယှဉ်သောစိတ်(သို့)ဝေဒနာ၏ အပျက်ကို မိအောင်ရှုရန်ဖြစ်သည်ကို အထူးသတိပြုကြရပါမည်။

ဓမ္မာနုပဿနာရှုပွားပုံ
မိုးကုတ်ဆရာတော်ဘုရားကြီးသည် ဓမ္မာနုပဿနာရှုပွားနည်းကို သစ္စာလေးပါး ထင်မြင်အောင်ရှုနည်း၊ ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်း စသည်ဖြင့် ဟောကြား ဆုံးမ တော်မူပါသည်။ ဤစာတမ်းတွင် ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်းကို တင်ပြသွားပါမည်။ မိမိသဏ္ဍာန်၌ မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတွေ့တိုင်း၊ ကြံတွေးတိုင်း ထိုသဘောတွေကို "ဒုက္ခသစ္စာတွေပဲ" ဟု ဥာဏ်ဖြင့်သိအောင် ကြိုးစားအားထုတ်ကြရပါမည်။ ဤနေရာတွင် ဆရာတော်ဘုးရားကြီးကဘုးရားဟောပါဠိတော် အကိုးအကားများ၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာပါ သစ္စာဖွဲ့ပုံများဖြင့်လည်းကောင်း၊ ဖြစ်ပြီးပျက်သွားသောတရားများသာဖြစ်၍ ဘာပေါ်ပေါ်ဒုက္ခသစ္စာများသာဖြစ်ကြောင်း လက်ခံလာနိုင်အောင် ဟောကြားပြသဆုံးမတော်မူပါသည်။

ဖြစ်ပျက်မုန်းအောင်၊ ဖြစ်ပျက်ဆုံးအောင် ရှုကြပါ။
မိုးကုတ်ဝိပဿနာရှုနည်းအရ ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ အာနာပါနဖြင့် သမာဓိထူထောင်ပါ။ ထို့နောက်ခန္ဓာ၊ အာယတန၊ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားများ နာကြားသင်ယူ၍ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့်ခွာနိုင်အောင် ကြိုးစားကြရပါမည်။ ထို့နောက် ထိုသမာဓိ ဥာဏ်ပညာ အသိဥာဏ်များဖြင့် မိမိသဏ္ဍာန်၌ ပေါ်လာသောခန္ဓာငါးပါးမှတပါး ဖြစ်သောစိတ်(သို့) ဝေဒနာ တွေကို ပေါ်တိုင်းပေါ်တိုင်းသိအောင်ကြိုးစားရပါမည်။ ထို့နောက်ထိုခန္ဓာတွေ၏အပျက်ကို မြင်အောင်ရှုကြရပါမည်။ ထို့နောက် ဒုက္ခသစ္စထင်မြင် လာသည်အထိ ဆက်လက်ရှုပွားကြရပါမည်။ ဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာ သိသောဥာဏ်ကို ကြိမ်ဖန်များစွာဖြစ်အောင် ပွားများကြရပါမည်။ သို့မှသာ ၄င်းဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာကို မလိုချင်သော၊ မုန်းသောဥာဏ်ပေါ်လာပြီး ဆက်လက်ရှုပွားသွားပါက ဖြစ်ပျက်၊ အနိစ္စ၊ ဒုက္ခသစ္စာတို့၏ချုပ်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုနိုင်မည် ဖြစ်သည်။ ယောဂီအပေါင်း တို့သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်(သို့)ဝေဒနာတွေ၏ ဖြစ်မှုပျက်မှုကို သတိထား၊၀ီရိယစိုက်ပြီး ပညာဖြင့် ဖြစ်ပျက်ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်အထိ ကျင့်ကြံပွားများနိုင်ကြပါစေသတည်း။

ကိုနိုင်လင်းဟန်(ဓမ္မရောင်ခြည်) ဓမ္မဒါနအဖြစ်ဖြင့် ရေးသားပေးပို့သည်။

ဗောဓိပက္ခိယတရား ၃၇ ပါး နှင့် အဓိပ္ပါယ်

ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်
ဗောဓိပက္ခယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။ အလွယ်နားလည်အောင် ပြောရရင်ဗောဓိပက္ခိယ ဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရား များလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက
သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣနြေ္ဒ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

သတိပဋ္ဌာန် (၄) ပါး
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်တဲ့ သတိအထူးကို သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ သတိပဋ္ဌာန်လေးပါးရှိပါတယ်။
၁။ ကာယနုပဿနာ သတိပဋ္ဌာန် = ခန္ဓာကိုယ်၌ (၀ါ) ဆံပင် မွေးညင်း စတဲ့ ၃၂ ကောဋ္ဌာသ၌ အသုဘ အခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး၊
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ဝေဒနာတို့ကို ဒုက္ခအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှု မှတ်တဲ့ သတိအထူး၊
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် = စိတ်တို့ကို အနိစ္စအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး၊
၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် = သညာသင်္ခါရဖြစ်သော နီဝရဏစတဲ့ တရားဓမ္မများကို အနတ္တ အခြင်းအရာ အားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး၊

သမ္မပ္ပဓာန် (၄)ပါး
သမ္မပ္ပဓာန် ဆိုတာ ၀ီိရိယကို ပြောတာပါ။ အရိုးကြေကြေ၊ အရေခမ်းခမ်း မဆုတ်မနစ် နောက်မဆုတ်ဘဲ ကြိုးစားအားထုတ်တဲ့ ၀ီရိယစေတသိက်ကို ဆိုလိုပါတယ်။ ဒီသမ္မပ္ပဓာန်လည်း လေးပါးရှိပါတယ်။
၁။ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားများကို ပယ်ဖျောက်နိုင်အောင် အားထုတ်တဲ့ ၀ီရိယ
၂။ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားများကို မဖြစ်ပေါ်အောင် အားထုတ်တဲ့ ၀ီရိယ
၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားများကို ဖြစ်အောင်အားထုတ်တဲ့ ၀ီရိယ
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားများကို ခိုင်ခန့်တိုးပွားအောင် အားထုတ်တဲ့ ၀ီရိယ

ဣဒ္ဓိပါဒ် (၄)ပါး
ပြီးစီးထမြောက်သော ဈာန်မဂ်ဖိုလ် အကျိုးတို့၏ အခြေခံ အကြောင်းတရား၊ တစ်နည်းအားဖြင့် ဈာန်မဂ်ဖိုလ်ရရှိရန် အခြေခံဖြစ်တဲ့ တရားများကို ဣဒ္ဓိပါဒ်လို့ ခေါ်ပါတယ်။ ဣဒ္ဓိပါဒ်လေးပါး ရှိပါတယ်။
၁။ ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ဆန္ဒ
၂။ ၀ီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ၀ီရိယ
၃။ စိတ္တိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ စိတ်
၎။ ၀ီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ပညာ

ဣနြေ္ဒ (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ အစိုးရခြင်းကို ဖြစ်စေသောကြောင့် ဣနြေ္ဒဟုခေါ်သည်။ ၎င်းတို့မှာ
၁။ သဒ္ဓိနြေ္ဒ = ယုံကြည်မှု သဒ္ဓါ(စေတသိက်)
၂။ ၀ီရိယိနြေ္ဒ = ကြိုးစားအာထုတ်မှု ၀ီရိယ(စေတသိက်)
၃။ သတိနြေ္ဒ = မမေ့မလျော့ သတိရှိမှု သတိ(စေတသိက်)
၎။ သမာဓိနြေ္ဒ = တည်ကြည်မှု သမာဓိ(စေတသိက်)
၅။ ပညိနြေ္ဒ = ပညာရှိမှု ပညာ(စေတသိက်)

ဗိုလ် (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ ကြံ့ကြံ့ခံနိုင်ခြင်း (အားအင်) ကို ဖြစ်စေသောကြောင့် ဗလ-ဗိုလ်ဟုခေါ်သည်။ ၎င်းတို့သည် ဣနြေ္ဒငါးပါးအတိုင်း
၁။ သဒ္ဓါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ် ဟုငါးပါးရှိပြီး အရကောက်လည်း အတူတူပဲ ဖြစ်ပါတယ်။

ဗောဇ္ဈင် (၇) ပါး
ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ
၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ

မဂ္ဂင် (၈) ပါး
သစ္စာဉာဏ်ကို ရရာရကြောင်း မှန်ကန်တဲ့ လမ်းကြောင်းကို မဂ္ဂအင်္ဂ = မဂ္ဂင်္ဂ= မဂ္ဂင်လို့ ဆိုပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း မဂ္ဂင် ရှစ်ပါးရှိပါတယ်။
၁။ သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်တဲ့အမြင် (ပညာ)
၂။ သမ္မာသင်္ကပ္ပမဂ္ဂင် = မှန်ကန်တဲ့ အတွေးအကြံ (၀ိတက်)
၃။ သမ္မာဝါစာမဂ္ဂင် = မှန်ကန်တဲ့စကား (သမ္မာဝါစာ)
၎။ သမ္မာကမ္မန္တမဂ္ဂင် = မှန်ကန်တဲ့ အလုပ် (သမ္မာကမ္မန္တ)
၅။ သမ္မာအာဇီဝမဂ္ဂင် = မှန်ကန်တဲ့ အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ သမ္မာဝါယမမဂ္ဂင် = မှန်ကန်တဲ့ အားထုတ်မှု (၀ီရိယ)
၇။ သမ္မာသတိမဂ္ဂင် = မှန်ကန်တဲ့ အောက်မေ့မှု (သတိ)
၈။ သမာသမာဓိမဂ္ဂင် = မှန်ကန်တဲ့ တည်ကြည်မှု (သမာဓိ)

အထက်ပါ တရားအသီးသီးကို ပေါင်းလိုက်ပါက (၃၇)ပါးရှိပြီး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလို့ ခေါ်ပါတယ်။ သစ္စာလေးပါးဗောဓိတရားကို ရရာရကြောင်း တရားများလို့ နားလည်သဘောပေါက်နိုင်ပါတယ်။

သီတဂူဗုဒ္ဓ၀ိဟာရ

Tuesday, July 21, 2015

သစ္စာလေးပါး မြတ်တရား

ဒုက္ခသစ္စာ

မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)

သမုဒယသစ္စာ

နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။ နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊ ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒ္ဒယ သစ္စာပင်တည်း)

နိရောဓသစ္စာ

နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊ မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊ သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။ ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)

မဂ္ဂသစ္စာ

သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာချုပ်ခြင်း သို့ရောက်သော အကျင့်ဟု ခေါ်သည်။

သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။

Tuesday, July 14, 2015

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး၊ ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဓါ၊ လှုပြီးကာမျှ
ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနှင့်။
မစဲညနေ့၊ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု
ယုံကြည်အားရ၊ စိတ်မချနှင့်။
ဓာရဏနှင့်၊ ဓမ္မစကြာ
မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော်၊ မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်
သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်
လုံလောက်လှပြီ၊ မရပ်တည်နှင့်။
ရေကြည်သစ်သီး၊ ဆီမီးလှုမျိုး
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး၊ စိပ်ပုတီးကို
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနှင့်။
ဆက်ကာတစ်မျိုး၊ ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊ သံသရာဝဋ်
ထွက်လွတ်စေကြောင်း၊ လမ်းမှန်ကောင်းဟု
ညွတ်ပျောင်းစိတ်ထဲ၊ ယုံကြည်စွဲလျက်
အမြဲနေ့ည၊ ၀ိပဿနာ၊ ဘာဝနာကို
ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။
(မဟာသဒ္ဓမ္မဇောတိကဓဇ ဦးအောင်သိမ်း)

ဒီကဗျာလေးကို ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတော်မူသော ရဟန်းဘာကြောင့်ပြုရတယ် ဆိုသော စာအုပ်မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။ သူတော်စင်အပေါင်းတို့လည်း ယနေ့မှစ၍ ဘာဝနာ တရား နေ့ညမပြတ်ပွားများအားထုတ်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပြီးလျှင် တဏှာချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြသည့်ကိုယ် ဖြစ်စေ။
ဇော်ကြီး (စကားဝါမြေ)

Sunday, July 12, 2015

ဒါယကာ ၀တ္တရား ၅-ပါး

မေတ္တာစိတ်သက်၊
ဆောင်ရွက်ချစ်ခင်၊
ခင်မင်နှုတ်ချို၊
လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ငါးခုနေ ပြုလေဒါယကာ

၁။ မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့် လည်းကောင်း။
၂။ မေတ္တာနှင့်ယှဉ်သော ၀စီကံမှုဖြင့် လည်းကောင်း။
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့် လည်းကောင်း။
၎။ အမြဲမပြတ်လှူဒါန်းလိုသော စိတ်ထားဖြင့် လည်းကောင်း။
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်းဖြင့် ပြုစုအပ်ကုန်၏။

ရဟန်း ၀တ္တရား ၆-ပါး

မကောင်းမြစ်ထာ၊
ကောင်းရာကိုလှစ်၊
အသစ်ဟောကျူး၊
နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊
မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ

၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်တည်စေကုန်၏။
၃။ ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ကုန်၏။
၎။ မကြားဖူးသောတရားစကားကို ဟောကြားကုန်၏။
၅။ ကြားဖူးသော တရားစကားကို ဖြူစင်စေကုန်၏။
၆။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားကုန်၏။

ရှစ်ပါးသီလ

(၁) ပါဏာတိပါတာ ဝေရမဏိ၊
(သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲရှောင်ကြင်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)

(၂) အဒိန္နာဒါနာ ဝေရမဏိ၊
(သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြင်စောင့်ထိန်းခြင်း)

(၃) အဗြဟ္မစရိယာ ဝေရမဏိ၊
(မကောင်းသော မြင့်မြတ်မှုမရှိသော ကာမဂုဏ်သားတို့၏ အလေ့အထ အကျင့်များမပြုကျင့်ပဲ စောင့်ထိန်းခြင်း)

(၄) မုသာဝါဒါဝေရမဏိ၊
(မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြင်ခြင်း)

(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
(မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲရှောင်ကြင်ခြင်း)

(၆) ၀ိကာလဘောဇနာ ဝေရမဏိ၊
(အချိန်ကာလမဟုတ်သော အဟာရကိုမသုံးဆောင်ပဲ၊ နေ့လွဲ ညစာ မစားသုံးပဲရှောင်ကြင်စောင့်ထိန်းခြင်း)

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓါရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ၊
(ဂီတ၌ပျော်ရွှင်နေခြင်း၊ ပန်းရနံ့များအပေါ်သာယာနေမိခြင်း၊ သီဆို ကခုန်ခြင်း စသောအမှုများတို့ကိုပြုမူချိုးဖေါက်မိခြင်းမရှိရန်စောင့်ထိန်းခြင်း)

(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(တန်ဘိုးကြီးလွန်းသောအသုံးအဆောင်များသုံးစွဲခြင်း၊ မြင့်လွန်းမြတ်လွန်းသော အိပ်ယာနေရာထိုင်ခင်းစသည်ဖြင့် သုံးစွဲခြင်း တစ်တောင်အတိုင်းအတာထက်မြင့်သော ကုတင်တွင် အိပ်စက်ခြင်းစသည်တို့ မပြုပဲ ရှောင်ကြင်စောင့်ထိန်းခြင်း)

ကင်မရာ အသုံးပြုနည်း

ကင်မရာကို ကောင်းစွာ အသုံးချလိုသူများအတွက် နည်းလမ်းကောင်းများကို လေ့လာနိုင်ပါပြီ။ ဓါတ်ပုံကောင်းတစ်ခု ရရှိလာဖို့မှာ ကင်မရာ ကောင်းခြင်းမကောင်းခြင်းနှင့် တိုက်ရိုက် မသက်ဆိုင်သလို မိမိတို့ရရှိထား သော ကင်မရာကို ဘယ်လို ကောင်းစွာ အသုံးချတတ်မယ်ဆိုတာသိရင် ဓါတ်ပုံကောင်းပါတယ်။ ပုံရိပ်တစ်ခု ကြည်လင်ပြတ်သားမှုဆိုတာ အလင်း နဲ့ အမှောင် သိပ်ပြီး အရေးကြီးသလို နောက်ခံ အရောင်ကလဲ အများ ကြီး အရေးကြီးပါတယ်။ ဆက်ပြီး လေ့လာကြည့်ပါ။

အဖေ့ဘဝ


မွေးရပ်ဇာတိ   တောဌာနေ
တောင်ယာလယ်လုပ်   ရိုးရာဓလေ့မို့
ကောက်စိုက်ပျိုးနှုတ်   နေ၀င်မိုးချုပ်၊
သမိုင်းပေးတာဝန်    ကျေပွန်စွာ
စွမ်းစွမ်းတမံ   ဆောင်ရွက်ခဲ့တာ
အဖေ   ငယ်စဉ်ခါ။

အရွယ်ရောက်လို့ ကျောင်းစာသင်
တော်လို့မော်လို့ ပျော်မဆုံးပင်
မူလွန်ကျော်လို့ အလယ်တန်း
ခက်ခဲကြမ်းတမ်း အဖေ့ခရီးလမ်း။

သက်မွေးပညာကျောင်းဆရာ  ဖခင်ဖြစ်သူမှာ
ကွယ်လွန်ရှာတာ(၄၉)  သက်တမ်းရယ်ကမကုန်ဆုံး
ပူဆွေးသောကရောက်ရရှာ  မိခင်ဖြစ်သူပါ
သားသမီးတာဝန်ဆက်လို့ရုန်း  ဈေးတောင်းခေါင်းပေါ်တင်လို့မဆုံး။

ငွေကြေးဓန ဖွတ်မင်းကျတဲ့ ကျနော့ဘဝ
ပညာရေးက တောမှာမပြီးတော့ အခက်ပွေလီ
မောင်တစ်ထန်းရယ်မယ်တစ်ရွက် မဟုတ်ရသမို့  
မယ်တစ်ယောက်ထဲ ရွက်တယ်ထန်းတယ်
ပြောင်သထက်ပြောင် မေမေ့ဥသျှောင်  
ဈေးတောင်းတစ်လုံးက နှစ်လုံးဖြစ်ရပြီ
ကျွဲပုခုံးထ သူ့ရဲ့ဒဏ်ရာ
ပေးဆပ်ခဲ့တဲ့ ကျနော့်အတွက်ရယ်ပါ။

ရွှေမြို့တော်ရောက် ဆွေမျိုးတော်သူ
တူမကြီးရယ် ဒေါ်လေး ကူပေး  စားသောက်နေရေး  
သားမောင်လူလေး ပညာရေးမို့
အမတစ်ယောက်ထံ   မေမေ ကျနော့ကို လိုက်ပို့ပြီ
အချိန်နာရီ ရပ်ကာမနား လည်ပတ်သမို့  (၉) တန်းတစ်နှစ် ပြီးခဲ့ပြီ။

ပညာခရီးလမ်း ဖြောင့်ဖြူးသာယာမရှိခဲ့လို့
ကျောင်းပိတ်ရက်လေး ရွာကိုပြန်   
ဥစ္စာ စီးပွား မချမ်းသာသူ ဖေဖေလိုလူ
မေမေ့ဈေးတောင်း  ငါ့ဈေးတောင်းနှယ် 
မေမေ့ ထန်းပိုး  ငါ့ထန်းပိုးရယ်
အိမ်တိုင်ရာရောက်  လှည့်လည်ရောင်းလို့
ရွဲကုန်သည်ရဲ့  ရွဲကုန်သည်လာပြီဗျို့ မဟုတ်ပေမယ့်
ကုန်စုံသည်ရဲ့  ...ကုန်စုံသည်လာပြီဗျို့xx  အကိုအမတို့  ယူကြမယ်ဗျ.....,xxx
(ပစ္စည်းတွေက  လတ်ဆတ်ပါသနော်  ... ပစ္စည်းတွေက  လန်းဆန်းပါသနော်... )
ယူမယ်ဆို  ဆင်းခဲ့ပါ့လေး..... xxx   
အဲဒီလိုနဲ့  ကျောင်းပိတ်ရက်ရှည် ဈေးလည်ရောင်းလို့ 
မေမေ့အနား တောင်ဝှေးအလား
အဖေ့ဘ၀    ငယ်စဉ်က။

ဇော်ကြီး (စကားဝါမြေ)

Friday, July 10, 2015

ပိဋကတ် သုံးပုံ မြန်မာပြန် စာအုပ်များ

ဝိနည်းပိဋက (မြန်မာပြန်)
ဝိနည်းပိဋက - ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်
ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုပါစိတ်
ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုနီဝိဘင်း
ဝိနည်းပိဋက - မဟာဝဂ် ပါဠိတော် မြန်မာပြန်
ဝိနည်းပိဋက - စူဠ၀ဂ် ပါဠိတော် မြန်မာပြန်
ဝိနည်းပိဋက - ပရိဝါ ပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် (မြန်မာပြန်)
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် သီလက္ခန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် ပါထိက၀ဂ်ပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် န၀ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ၀ိမာန၀တ္ထုပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတ၀တ္ထုပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓ၀ံသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဥှာပါဠိတော် မြန်မာပြန်

အဘိဓမ္မာပိဋက (မြန်မာပြန်)
အဘိဓမ္မပိဋက - ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်
အဘိဓမ္မပိဋက - ၀ိဘင်္ဂပါဠိတော် မြန်မာပြန်
အဘိဓမ္မပိဋက - ပုဂ္ဂလပညတ်ပါဠိတော် မြန်မာပြန်
အဘိဓမ္မပိဋက - ကထာဝတ္ထုပါဠိတော် မြန်မာပြန်

ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံ အကျဉ်း

ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့
ရဟန်းတော် များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင် ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါ မဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင် နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်း မြတ် သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ဝဿာ ဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်း ဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြ ပါတယ်။

ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပို အနေ နဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူ ဖြစ်လို့ လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။

ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှု ရဲ့ ကောင်းမှု ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီး လေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။

လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါ တယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအား လုံးကို ချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိ တဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်း ကြားဖို့စေလွှတ်လိုက်ပါတယ်။

အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ ပြီး ကျောင်းမှာ ရဟန်းတော် များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။

အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြ တာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါ တရား နည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘောပေါက်ကာမြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကိုလှူဒါန်း ခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါ တယ်။

ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူ ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန် ကာလ သတ်မှတ်ချက် အကြောင်းလည်း ပြောဖို့လိုလာပါတယ်။

ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြု လုပ်နိုင်တဲ့ ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်း တဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည် မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပ ပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ် ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီးဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေး စရာ မေးခွန်းတွေ လည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီး လှူဒါန်း မယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံ တော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင် သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန် အဖိုး ထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင် မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေ ကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ ရပါ တယ်။

ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆို သင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရ ဒါနခေါ် သင်္ကန်းအလှူ မြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီး ထူးခြားတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။

ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာလိုအပ်တဲ့ အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့ လည်း အဋ္ဌကထာ ဆရာ များက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ် ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက

၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်း ပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်း အလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။

တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ် မလားနိုင် ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့ သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလ ဒါန အကျိုးကို လည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအား ကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြား အပါယ် လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါး ပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက အကောင်းဆုံး အလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူကို လည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ် သင်္ကန်း အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

အရှင်ဝိစိတ္တ (မနာပ ဒါယီ)

သီလသိက္ခာ

မြတ်စွာဘုရားရှင် သာသနာမှာ ကျင့်ရမယ့် အကျင့်သုံးမျိုး ( သို့မဟုတ်) သိက္ခာသုံးပါး ရှိပါတယ်၊ သီလသိက္ခာ သမာဓိသိက္ခာနဲ့ ပညာ သိက္ခာတို့ပဲဖြစ်ပါတယ်၊ အဲဒီအထဲမှာ သီလဟာ သိက္ခာသုံးရပ်မှာ အခြေခံ အကျဆုံး ဖြစ်သလို ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာကုသိုလ်လို့ ခေါ်တဲ့ ကုသိုလ်အားလုံးရဲ့ အစ မူလ ပဓာနလဲ ဖြစ်ပါတယ်၊ နောက်သိက္ခာနှစ်ပါးကို ဖြည့်ကျင့်လိုတယ်ဆိုရင် သီလသိက္ခာကို အရင်ဖြည့်ကျင့်ရပါတယ်၊ ဘုရားရှင်ရဲ့ တရားတော်တွေမှာတော့ သီလေ ပတိဋ္ဌာယ နရော သပညော စိတ္တံ ပညဉ္စ ဘာဝယေ- ဆိုပြီး မိန့်တော်မူပါတယ်၊ သီလမှာ အခြေခံပြီး သမာဓိနဲ့ ပညာကိုပွားများကျင့်ရင် စိတ်အရှုပ်တွေကို ရှင်းလင်းနိုင်မယ်လို့ ဆိုလိုတာပါ၊ အများသိနေတဲ့ သီလအကြောင်းကိုပဲ မိမိနားလည်သလို ပြောပြချင်ပါတယ်၊

တကယ်တော့ သီလဆိုတာ ကိုယ်နှုတ် အမူအရာတွေနဲ့ မကောင်းမှု ဒုစရိုက်မလွန်ကျူးမိအောင် ကောင်းစွာထားခြင်း စောင့်ထိန်းခြင်းကို သီလလို့ ခေါ်ဆိုတာပါ၊ ခြင် ကြမ်းပိုးစတဲ့ သတ္တ၀ါ အငယ်လေးတွေက စလို့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ အသက်ကို မသတ်တာ၊ လူများပစ္စည်းကို ပိုင်ရှင်မပေးဘဲ ပိုင်ရှင်မသိအောင် မခိုးယူတာ၊ သူတစ်ပါး သားမယားကို မပြစ်မှားတာ၊ မဟုတ် မမှန်တဲ့စကား အကျိုးမရှိတဲ့စကား ကြမ်းတမ်းတဲ့စကား ညီညွတ်နေသူတွေကို ကွဲပြားအောင် ကုန်းတိုက်တဲ့စကား စတာတွေကို မပြောမဆိုတာ၊ သေရည် အရက် မူးယစ်ဆေးဝါးကို မမှီဝဲ မသုံးဆောင်ဘဲ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားတာဟာ သီလပါ၊

စောင့်စောင့်စည်းစည်းနေတော့ သူ့အသက်သတ်ဖြတ်တာ ထိခိုက်နာကြင်အောင် ပြုလုပ်တာ လူများပစ္စည်း အတင်းအဓမ္မ မရယူတာ အိမ်ထောင်ရေး လူမှုရေးဖောက်ပြန်တာ နှုတ်မစောင့်စည်းဘဲ လိမ်ညာ လှည့်ဖျား လှည့်ပတ်ပြောဆိုတာ၊ အရက်သေစာ သောက်စားမူးရစ်တာတွေ မပြုမိတော့ပါဘူး၊ ဒီလို ကာယဒုစရိုက် ၀စီဒုစရိုက်ကို မပြု မပြော မလွန်ကျူးတော့ဘဲ နေတာကို မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းစွာထားတယ်လို့ ပြောဆိုကြတာပါ၊ လူကြီး လူကောင်းဆန်လိုသူ ရင်ကျက်တည်ငြိမ်လိုသူ ဘ၀မှာ စိတ်ချမ်းမြေ့စွာနေလိုသူဟာ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း ထားဖို့ အမှန်တကယ်လိုအပ်လှတယ်. ဒီလို ကောင်းကောင်းထားတတ်သွားပြီဆိုရင် ဒီလူရဲ့ အပြူအမူဟာ ယဉ်ကျေး သိမ်မွေ့ ချိုသာနူးညံ့ပြီး သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး၊
ဒီလို လူတစ်ယောက်ရဲ့ စိတ်ဟာလဲ တကယ့်ကို ကြည်လင်အေးချမ်း လန်းဆန်းတက်ကြွနေမှာ အမှန်ပါ၊

မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေကို ဒုစရိုက်မလွန်ကျူးမိစေဘဲ ကောင်းကောင်းမွန်မွန် စောင့်ထိန်းတဲ့သူဟာ ကောင်းမှုကုသိုလ်တွေ(ကောင်းတာတွေ)ကို ဆင့်ကာ မြှင့်ကာ ကြိုးစားပြုလုပ်လာမှာ သေချာလှပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလံ အာဒိမှိ ကလျာဏံ- ကောင်းမှုအားလုံးရဲ့ အစဟာ သီလပဲလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်၊
သီလရဲ့ အဓိကဆောင်ရွက်မှုကတော့ ဒုဿီလ လို့ခေါ်တဲ့ သီလမရှိခြင်း ကိုယ့်ကျင့်တရားဖောက်ပြန်ခြင်းကို ပယ်ရှားပေးပါတယ်၊ ဒီနေရာမှာလဲ ဒုဿီလ သီလမရှိခြင်း ကိစ္စကို ပယ်ရှားတယ် ဆိုရာမှာ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ စတဲ့ ရှောင်ကြဉ်ရမယ့် ၀ါရိတ္တသီလကို ရည်ရွယ်တာပါ၊

တကယ့်တော့ လက်တွေ့ပြုကျင့်ရမယ့် စာရိတ္တသီလ လို့ခေါ်တဲ့ မိဘကျင့်ဝတ် ဆရာ့ကျင့်ဝတ် လင့်ကျင့်ဝတ် မယားကျင့်ဝတ် တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်တွေ ကျေပွန်သူကို လူတိုင်းက ကဲ့ရဲ့ ပစ်တင် ပြောဆိုခြင်းမရှိသလို ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူ ကိုယ့်ကျင့်တ၇ားနဲ့ပြည့်စုံ လို့ လေးစား ချီးကျူး ပြောဆိုကြမှာ သေချာပါတယ်၊ ဒီလို ချီးကျူးပြောဆိုခြင်းကို သီလရဲ့ ရသ အဖြစ် မှတ်သားနိုင်ပါတယ်၊သီလကို ပြည့်ပြည့်၀၀ စင်စင်ကြယ်ကြယ် စောင့်ထိန်းသူဟာ ကိုယ့်ရဲ့ စင်ကြယ်တဲ့သီလကို သတိရတိုင်း ဆင်ခြင်တွေးမိတိုင်း ၀မ်းမြောက် ၀မ်းသာဖြစ်ရ သလို သီလစောင့်ထိန်းနေစဉ်လဲ လောဘ ဒေါသစတဲ့ စိတ်ညစ်ညူးစရာတွေ ၀င်မလာအောင် အတတ်နိုင်ဆုံး စောင့်စည်းတားမြစ်တာဖြစ်လို့ စိတ်နှလုံးကြည်ရွှင် အေးမြ လန်းဆန်းရပါတယ်၊ ဒုစရိုက်အမှုကို မလွန်ကျူးဘဲ ကိုယ်တွေ နှုတ်တွေကို ကောင်းစွာ စောင့်ထိန်းထားသူဟာ တရားအားထုတ်စဉ်မှာလဲ မိမိရဲ့ စင်ကြယ်တဲ့ အပြစ်ကင်းတဲ့ ကိုယ်နှုတ်အမူတွေဟာ ဥာဏ်မှာထင်လာပြီး တ၇ားဘာဝနာ ရှုမှတ်ရာမှာ အလွန်ထိရောက်တာကို တွေ့ရပါတယ်၊

ဒီလို သီလပြည့်စုံသူ ကိုယ့်ကျင့်တရားကောင်းသူ မိမိရဲ့ ကိုယ်နှုတ်အမူအရာတွေကို ကုသိုလ်ကောင်းမှုမှာ ကောင်းစွားထားနိုင်သူဖြစ်ဖို့ အဓိက အခြေခံအကြောင်းတရား နှစ်မျိုး ရှိဖို့လိုအပ်တယ်။ အဲဒါကတော့ ဟိရီနဲ့ ဩတ္တပ္ပ ဆိုတဲ့ တရား နှစ်မျိုးပါ၊

ဟိရီ-ဆိုတာကတော့ မကောင်းမှုလုပ်ရမှာကို ရှက်တတ်ခြင်း ဖြစ်ပြီး ဩတ္တပ္ပကတော့ မကောင်းမှု ပြုလုပ်ရမှာကို ကြောက်တာဖြစ်ရပါတယ်၊ အရှက် အကြောက်ကင်းမဲ့သူရဲ့ အပြူအမူဟာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတယ် လက်ရဲ ဇက်ရဲ နိုင်လှပါတယ်၊ ဒီနေရာမှာ ရှက်သင့်တာကို ရှက်ခြင်းကြောက်ခြင်းနဲ့ မရှက်သင့်တာကို မရှက်ခြင်း မကြောက်ခြင်းကိုလဲ ခွဲခြားနားလည်သင့်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်က ဘုန်းတော်ကြီးကျောင်းသွားရမှာ ရဟန်းသံဃာတွေကို ရှိခိုးရမှာ စေတီတော်တွေကို ဖူးမြော်ရမှာ တရားစခန်းဝင်ရမှာ ဥပုသ်စောင့်ရမှာ မိဘတွေကို ရိုသေရမှာ စတာတွေဟာ ကုသိုလ်အလုပ်တွေဖြစ်လို့ မရှက်သင့် မကြောက်သင့်တဲ့အလုပ်တွေပါ၊

သူတစ်ပါးကို လိမ်လိမ်လှည့်ဖျား မဟုတ်တာပြော မိဘဆရာတွေရဲ့ စကားကို နားမထောင် မိဘတွေကို စိတ်ဆင်းရဲအောင်လုပ် ကျောင်းပြေး ကျူရှင်ပြေး စတာတွေဟာ မကောင်းမှုတွေဖြစ်လို့ ဒါတွေကို လုပ်ရမှာကို ရှက်တတ် ကြောက်တတ်ရမှာပါ၊ အင်္ဂလိပ် စကားလုံးမှာတော့ Shy နဲ့ Shame လို့ ခွဲခြားပြထားပါတယ်၊ ဒီလို ရှက်သင့်တဲ့နေရာမှာ ရှက်ခြင်း ကြောက်ခြင်းဟာ သီလရဲ့ အနီးကပ်ဆုံး အကြောင်းတရားတွေပါ၊ သီလရဲ့ ဝေးတဲ့အကြောင်းတွေအနေနဲ့ သူတော်ကောင်းကို ပေါင်းဖော် ဆည်းကပ်ခြင်း သူတော်ကောင်းတရားကို ကြားနာခြင်း ကံ ကံရဲ့ အကျိုးကိုယုံကြည်ခြင်း ရတနာသုံးပါး အပေါ်သက်ဝင်ယုံကြည်ခြင်း သတ္တ၀ါ အားလုံးပေါ် မေတ္တာ ကရုဏာထားခြင်း ရှေးက စောင့်ထိန်းခဲ့ဖူးတဲ့ သီလအထုံ ရှိခြင်းတွေဟာ ကိုယ်နှုတ်အမူအရာ ကောင်းစွာထားနိုင်ဖို့ရဲ့ ဝေးသောအကြောင်းတွေပါပဲ၊

ဒီနေရာမှာ ပြောပြချင်တာက- ငါကတော့ မကောင်းတာ မလုပ်ဘူး၊ သူတပါးနစ်နာအောင် မလုပ်ဘူး ဘုန်းကြီးကျောင်းသွားစရာ မလို သီလခံယူဆောက်တည်စရာ မလိုဘူး ဆိုတဲ့ စကားတွေကို ကြားရဖူးပါတယ်၊ တကယ်တော့ သီလစင်ကြယ်ပြီးသူလဲ ထပ်ပြီးစင်ကြယ်အောင် ပါရမီထိုက်တဲ့သီလဖြစ်အောင် အထုံဝါသနာပါတဲ့ သီလဖြစ်အောင် စောင့်ထိန်း ဆောက်တည်သင့်တာမို့ လူတိုင်း လူတိုင်း မိမိတို့ရဲ့ သီလလေးကို အမြဲဖြူစင်နေအောင် စောင့်ထိန်းသင့်တယ် ဆိုတာပါပဲ၊ သိက္ခာသုံးပါးဟာ ပန်းသုံးပွင့်နဲ့တူတယ်ဆိုရင် အခုပြောပြတာကတော့ သီလသိက္ခာ ပန်းတစ်ပွင့်အကြောင်းလို့ ဆိုပါစို့။ ။


သီလရနံ့သည် လေအောက် လေညာ အရပ်မျက်နှာ အားလုံး၌ သင်းပျံမွှေးကြိုင် ရနံ့လှိုင်၏၊
( ဓမ္မပဒ)

သီလပန်းတစ်ပွင့် ဖြူစင်လန်းဆန်းဖို့ (သို့မဟုတ်) သီလသိက္ခာ ပြည့်စုံရေးအတွက် သီလမဂ္ဂင်သုံးပါးကို ဖြည့်ကျင့်ရပါမယ်၊ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံး ဟောကြားတဲ့ ဓမ္မစင်္ကြာ တရားတော်မှာ ရှောင်ရမယ့် အစွန်းနှစ်ပါး လျှောက်လှမ်းရမယ့် မဂ္ဂင်ရှစ်ပါး တရားတွေကို လမ်းညွှန်ပြတော်မူခဲ့တာ အားလုံးသိနားလည်ပြီး သားပါ၊ ဘုရားရှင် လမ်းညွှန်တော်မူတဲ့အတိုင်း မဂ္ဂင်ရှစ်ပါး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ပါမှ စတ္တာရိ အရိယသစ္စာနိ လို့ခေါ်တဲ့ သစ္စာလေးပါးကို ထိုးထွင်း သိမြင်နိုင်မှာပါ၊
ဘုရားရှင် လမ်းညွှန်တော်မူတဲ့ မဂ္ဂင် ရှစ်ပါး ဆိုတာ…

သမ္မာဒိဋ္ဌိ- ကောင်းစွာ သိမြင်မှု
သမ္မာသင်္ကပ္ပ- ကောင်းစွာ ကြံစည်မှု
သမ္မာဝါစာ- ၀စီဒုစရိုက် လေးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြောဆိုမှု
သမ္မာကမ္မ န္တ- ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြုလုပ်မှု
သမ္မာအာဇီဝ- ကာယဒုစရိုက် သုံးပါး ၊၀စီဒုစရိုက်လေးပါးကလွတ်တဲ့ အသက်မွေးမှု
သမ္မာဝါယာမ- သမ္မပ္ပဓာန် တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အားထုတ်မှု
သမ္မာသတိ- သတိပဋ္ဌာန်တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အောက်မေ့မှု
သမ္မာသမာဓိ- ဥပစာရ သမာဓိ အပ္ပနာသမာဓိနဲ့ ပြည့်စုံအောင် ကောင်းစွာတည်ကြည်မှု
တို့ပဲဖြစ်ပါတယ်၊

မဂ္ဂင်ဆိုတာ သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်ဖို့ ကျင့်ကြံတဲ့ အကျင့်လမ်းစဉ်ရဲ့ အင်္ဂါရှစ်ပါးလို့ မှတ်သားနိုင်ပါတယ်၊ ဒီနေရာမှာ သီလပန်းတစ်ပွင့် သို့မဟုတ် သီလသိက္ခာ အကြောင်း တင်ပြဆွေးနွေးနေတာ ဖြစ်လို့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ဘယ်လို စောင့်ထိန်းရမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ မိမိတို့ စောင့်ထိန်းနေကျ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလတွေက မဂ္ဂင်ထိုက်တဲ့ သီလတွေမဟုတ်လား လို့ တွေးစရာ မေးစရာပါ၊

စောင့်ထိန်းဆောက်တည်နေကျ ငါးပါးသီလ ကိုပဲ ကြည့်ကြစို့၊ ရှေ့သိက္ခာ သုံးပါးကို စောင့်ထိန်းလိုက်ရင် ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီးသား ဖြစ်သွားတယ်၊ မုသာဝါဒ ဆိုတဲ့ သိက္ခာကို စောင့်ထိန်းလိုက်တာနဲ့ ၀စီဒုစရိုက်လေးပါးက အထူးရှောင်ကြဉ်စရာ မလိုတော့ပါဘူး၊ သုရာ မေရယ သိက္ခာပုဒ်ကတော့ ကာမဂုဏ်ကို မှားယွင်းစွာ ခံစားတာဖြစ်လို့ ကာမေသု မိစ္ဆာ စာရထဲမှာ အကျုံးဝင်သွားပါတယ်၊ ဒီနေရာမှာ ကာမဂုဏ်ဆိုတာ ၀တ္ထုကာမဂုဏ်ကို မှားယွင်းစွာ သုံးစွဲတယ်လို့ ဆိုလိုတာပါ၊

ဒီလို ငါးပါးသီလကို ဖြူဖြူ စင်စင် သန့်သန့်ရှင်းရှင်း စောင့်ထိန်းသူဟာ အသက်မွေးမှုလဲ စင်ကြယ်လာမှာ သေချာလှပါတယ်၊ ဒါဆိုရင် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းသူဟာ သီလမဂ္ဂင်ကို ဖြည့်ကျင့်နေတာလို့ ပြောနိုင်တယ်၊ ဘုရားရှင် ဟောကြားတဲ့ စာပေတွေမှာ သီလနဲ့ပတ်သက်ပြီး သုံးတဲ့နေရာမှာ အာဒိဗြဟ္မစရိယက သီလ- မြတ်သော အရိယာမဂ်အကျင့်ရဲ့ အစဦးဆုံး သီလ လို့ သုံးပါတယ်၊ အာဒိဗြဟ္မစရိယက သီလဆိုတာ ယနေ့ခေတ်မှာ ထင်ရှားတဲ့ အာဇီဝမဋ္ဌမက သီလကို ပြောတာပါ၊ မိစ္ဆာဇီဝ- မှားယွင်းတဲ့ အသက်မွေးမှုမှ ရှောင်ကြည်ခြင်းလျှင် ရှစ်ခုမြောက်ရှိသော သီလ လို့ ဆိုလိုပါတယ်၊ အာဇီဝမဋ္ဌမက သီလရှစ်ပါး ဆိုတာ တခြားမဟုတ်ပါဘူး.. ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးနဲ့ မိစ္ဆာဇီဝ တစ်ပါး ဒီရှစ်ပါးကို အာဇီဝမဋ္ဌမက သီလ လို့ခေါ်တာပါ၊ ဒီလိုဆိုတော့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးပါးနဲ့ မိစ္ဆာဇီဝ-အသက်မွေးမှု မှားခြင်း ဆိုတာကို ရှောင်ကြဉ်လိုက်ရင် မဂ္ဂင် သီလဖြစ်သွားပါတယ်၊ ( အာဇီဝမဋ္ဌမက သီလရှင်းတမ်းနဲ့ ဆောက်တည်ပုံကို www.tknn.org မှာ ကြည့်ရှု လေ့လာနိုင်ပါတယ်)၊ မဂ္ဂင် ကျင့်စဉ် အနေနဲ့ သီလကို ပြောပြတာပါ၊

ပါရမီထိုက်တဲ့ သီလဖြစ်ဖို့လဲ ဒီအတိုင်းပါပဲ ၊ ပါရမီမှာ အဆင့် သုံးဆင့်ရှိပါတယ်၊ ရိုးရိုးပါရမီ် အဆင့်မြင့် ဥပပါရမီနဲ့ အမွန်မြတ်ဆုံး ပရမတ္ထပါရမီ ဆိုပြီး သုံးမျိုးကွဲပြား ပါတယ်၊ ဒီနေရာမှာ သီလ ကို ရိုးရိုး စောင့်ထိန်းရင် သီလ ရိုးရိုးပါရမီ ပါ၊ ကိုယ့်ရဲ့ လက်တွေကို ဖြတ် ခြေတွေကိုဖြတ် ကျောက်ကပ်တွေထုတ်ပေမယ့် ကိုယ့်ရဲ့ သီလကို ဆက်ပြီး စောင့်ထိန်းတာက အဆင့်မြင့် သီလဥပပါရမီပါ၊ အသက်ကိုစွန့်ပြီး စောင့်ထိန်းတဲ့ သီလကိုတော့ အမွန်မြတ်ဆုံး သီလ ပရမတ္ထပါရမီ လို့ ခေါ်ပါတယ်၊ ကိုယ့်အသက် သေချင် သေသွားပါစေ ကိုယ့်စောင့်ထိန်းတဲ့ သီလ ကိုယ်ကျင့်တရားကို မစွန့်လွှတ်တဲ့ သူမျိုးပေါ့၊
ဘုရားလောင်းရဲ့ ဖြစ်တော်စဉ်တွေမှာ ဒါန အရာပဲဖြစ်ဖြစ် သီလအရာပဲ ဖြစ်ဖြစ် ဥာဏ်ယှဉ်ပြီး ပါရမီ မြောက်ဖြစ်အောင် စောင့်ထိန်းလာတာကို လေ့လာ တွေ့ရှိနိုင်ပါတယ်၊

ဒီလို မဂ္ဂင်ထိုက်တဲ့ သီလ၊ ပါရမီ မြောက်တဲ့သီလ သစ္စာတရားတို့ရဲ့ လမ်းစဖြစ်တဲ့သီလကို ဖြူဖြူ စင်စင် ကြိုးစားစောင့်ထိန်းရင် မိမိတို့ရှာဖွေနေတဲ့ သစ္စာရှာပုံတော်ခရီးက ဖြောင့်ဖြူးမှာဖြစ်သလို တကယ်လို့ ဒီဘ၀မှာ သစ္စာတရားကို ရှာမတွေ့သေးဘဲ သံသရာမှာ ကျင်လည်ရအုံးမယ်ဆိုရင်….

၁။ သီလပြည့်စုံသူဟာ မမေ့မလျော့ ကြိုးစားတဲ့အတွက် စည်းစိမ် ဥစ္စာများ ရရှိခြင်း၊
၂။ မိမိရဲ့ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ သတင်းဟာ နေရာတိုင်းကို ပြန့်နှံခြင်း၊
၃။ ဘယ်နေရာ ဘယ်ပရိသတ်တွေဆီကို သွားသွား ကြည်လင်ရွှင်ပြ ရဲတင်းစွာ သွားလာနိုင်ခြင်း၊
၎။ မတွေ မဝေသေရခြင်း၊(ကြည်ကြည်လင်လင် သေရခြင်း)
၅။ သေပြီးနောက် နတ်ပြည်ရောက် ရခြင်း- စတဲ့ အကျိုးထူးတွေကို ခံစားရမယ်လို့ ဘုရားရှင် ဟောပြတော်မူတယ်၊ မွေးဖွားလာရင် သေရမှာ သေချာပါတယ်၊ မသေခင် ကြားကာလ လေးတစ်ခုမှာ ကောင်းသတင်းတွေ ကောင်းတဲ့လုပ်ရပ်တွေ ချန်ထားနိုင်အောင် ကြိုးစားရပါတယ်၊ ဆရာတော်ကြီး တစ်ပါး အမိန့်ရှိသလို များများလည်းယူသွား များများလည်းချန်ထားနိုင်အောင် တန်ဖိုးရှိတဲ့ လူ့ဘ၀လေးကို အကျိုးကျိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားကြပါစို့..

ဘုရားရှင် ဟောပြနေတာကတော့…
တောင်ဇလပ်ပန်း ကြက်ရုံးပန်း စံပယ်ပန်းတို့ရဲ့ ရနံ့ဟာ လေညာကို မရောက်နိုင်၊
သူတော်တို့ရဲ့ သီလရနံ့ ကသာ လေအောက် လေညာပျံ့နှံ့ပြီး အရပ်မျက်နှာတိုင်း ဂုဏ်သတင်းမွှေး ပါတယ် -တဲ့။ သင်းပျံ့တဲ့ မွှေးကြိုင်တဲ့ ဂုဏ်သတင်းအတွက် သီလပန်းတစ်ပွင့်ကို အမြဲလန်းဆန်းအောင် ကြိုးစားစောင့်ရှောက်ရင်း ပန်ဆင်ကြစို့လား။ ။



ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊
ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာစင်ကြယ်သော
သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။
ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊အယူလည်းဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)


သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊ စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ်စောင့်ထိန်းထားတဲ့ သီလ ညှိုနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင် သီလပျက်စီးဖို့ သေချာသလောက်ရှိပါပြီ၊

ဒီနေရာမှာ ကိုယ့်စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို လွန်ကျူးဖောက်ဖျက်မှ သီလညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲဖြစ်ဖြစ် အလယ်သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ်စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာတွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ ပြီဆိုရင်တော့ သီလဟာ လုံးဝပျက်စီးတော့မှာပါ။

ဒီလို သီလညှိုးနွမ်းစေတဲ့အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့ မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊ အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့ အမွှေးအကြိုင်တွေနဲ့ ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊
၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊
၃။ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊
၎။ စောင့်စည်းဆင်ခြင်မှုမရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊
၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊
၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊
၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ် ရမှာပဲလို့ တောင့်တသာယာခြင်း တို့ပဲဖြစ်ပါတယ်၊


ဒီမေထုန်ငယ် ၇ ပါးဟာ သီလဖြူစင်ရေး သစ္စာရှာဖွေရေးမှာ အလွန်သတိထားသင့်သလို တရားကို လက်တွေကျကျ ကျင့်ကြံနေသူ လူဖြစ်စေ ရဟန်း သီလရှင်ဖြစ်စေ ကိုယ့်သီလလေး မညှိုးနွမ်းဖို့ ဂရုစိုက်ရမယ့် အချက်တွေလဲ ဖြစ်ပါတယ်၊ ကိုယ့်စိတ်ကို အကောင်းဆုံး အရည်အသွေးရအောင် ပြုစုလေ့ကျင့်တဲ့နေရာမှာ မထင်မှတ်တာလေးတွေကလဲ အတားအဆီးဖြစ်နေတတ်တယ်ဆိုတာကို ဘုရားရှင်က မီးမောင်းထိုးပြတာပါ၊

မိမိတို့ ရဟန်းတော်များ သီလရှင်များအနေနဲ့ကတော့ သီလနဲ့ပတ်သက်ပြီး အထူးထူး ဆင်ခြင် သတိပြုရပါတယ်၊ စောင့်ထိန်းစရာ စည်းကမ်းသိက္ခာပုဒ်တွေ များပြားရုံသာမက အာရုံတွေအပေါ် စောင့်စည်းမှု စားသုံးဆင်ခြင်ရာမှာ စောင့်စည်းမှုစတဲ့ သီလတွေကလဲ ရှိနေပြန်တာမို့ ပိုလို့ သတိထားကြရပါတယ်၊

ဒီနေရာမှာ ရဟန်းတစ်ပါး ( သီလရှင်တစ်ပါးက ) လူတွေအထင်ကြီး အံ့ဩလာအောင် ကြည်ညိုစရာလေးနေပြတာ၊
ဒကာ ဒကာမတွေကို မြှောက်ပင့်ပြောဆိုတာ၊
ကိုယ်လိုချင်တာကို အရိပ်အရောင်ပြ ပြောဆိုတာ၊
ဒကာ ဒကာမတွေ ကြောက်ရွံ့ပြီး ပေးလှူလာအောင် ဖိနှိပ်ပြောဆိုတာ ကဲ့ရဲ့တာ တွေဟာလဲ သာသနာ့ငန်ထမ်းများရဲ့ သီလညှိုးနွမ်းကြောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်၊

ဒါကြောင့်ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ ဘယ်လောက်အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊
ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊
ကောင်းစွာစင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။
ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊အယူလည်းဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့- လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့ ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်နိုင်အောင် ကြိုးစားကြပါစို့။ ။



(ရတနာ့ဂုဏ်ရည် (တောင်မြို့ဆရာတော်ဘုရားကြီး)

သီလ၀ိသုဒ္ဓိ

သီလ၀ိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်း..
သီလ၀ိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ၀ိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင်ကြယ်ခြင်းဟု ၀ိသေသတပ်ကာ ပြောနိုင်ပေ၏။ ၀ိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ၀ိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ်ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူးအရေးကြီးလှပေ၏။ သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း လွတ်မြောက်ရာအမှန် ၀ိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။ ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်ကာ စိတ္တ၀ိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ၀ိပဿနာဉာဏ် အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ်စေရန် ကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း အသိပေး ဆုံးမကြခြင်း ဖြစ်၏။

သီလဟူသည်
သီလ၀ိသုဒ္ဓိဟူသော စကားတွင်ပါဝင်သည့် သီလ၏အဓိပ္ပါယ်နှင့်စပ်၍ “သူ့အသက်သတ်ခြင်း အစရှိသည်ကို ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏ စေတနာစသော တရားတို့သည် သီလမည်ကြောင်း” ၀ိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုရှင်းပြ၏။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်တွင်ကား “သူ့အသတ်သတ်ခြင်းစသည်မှ ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏ စေတနာသည် သီလမည်ကြောင်း၊ ထိုအကျင့်ကိုကျင့်သော သူတို့၏ ရှောင်ကြဉ်မှု ၀ိရတိစေတသိက်ခေါ် စေတသိကသည် သီလမည်ကြောင်း၊ ပါတိမောက္ခ သံဝရ သီလစသော ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်ကြောင်း၊ သီလဆောက်တည်ထားသူ၏ ကာယဒွါရ ၀စီဒွါရ၌ဖြစ်သော မကျူးလွန်ကြောင်း ကုသိုလ်စိတ္တုပ္ပါဒ်ခေါ် အ၀ီတိက္ကမသည် သီလမည်ကြောင်း” စသည်ဖြင့် သီလ၏အဓိပ္ပါယ် အကျယ်ဖွင့်ပြထား၏။ ထို့ကြောင့် အထက်ပါအဖွင့်များအရ သီလဟူသည် ရှောင်ကြဉ်ကြောင်း၊ ဖြည့်ကျင့်ကြောင်း၊ တားမြစ်ပိတ်ဆို့ကြောင်း၊ မကျူးလွန်ကြောင်း တရားများကို လိုက်နာဖြည့်ကျင့်လျက်၊ ဆောင်ရန်ရှောင်ရန်များကို စောင့်ထိန်းကျင့်သုံးနေသော သူ၏ စေတနာစသည်ကို ဆိုကြောင်း နားလည်သဘောပေါက်နိုင်ပေ၏။

သီလအမျိုးအစားများ
သီလမှန်သမျှ ရဟန်းသီလ၊ လူသီလ စသည်ဖြင့် မည်သည့်သီလပင်ဖြစ်စေ “ကာယကံ၊ ၀စီကံတို့ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်လျက် သိမ်းဆည်းသိုမှီးထားခြင်း” သီလန လက္ခဏာ ရှိသဖြင့် အကွဲအပြားမရှိ တစ်ပါးတည်း ဖြစ်သော်လည်း အမည်ပညတ်များအရ သီလအမျိုးမျိုး ရှိကြောင်း စာပေတွင် ဖွင့်ပြထား၏။ စာပေအဖွင့်များအရ သီလသည် စာရိတ္တသီလ၊ ၀ါရိတ္တသီလစသည်တို့၏ အစွမ်းဖြင့် နှစ်မျိုးနှစ်စား၊ ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ စသည်တို့၏ အစွမ်းအားဖြင့် သုံးမျိုးသုံးစား၊ ဘိက္ခုသီလ၊ ဘိက္ခုနီသီလ၊ အနုပသမ္ပန္နသီလ၊ ဂဟဋ္ဌသီလ စသည်တို့၏ အစွမ်းအားဖြင့် လေးမျိုးလေးစား၊ ပဟာနသီလ၊ ဝေရမဏိသီလ၊ စေတနာသီလ၊ သံဝရသီလ၊ အ၀ိတိက္ကမသီလ စသည်တို့၏ အစွမ်းအားဖြင့် ငါးမျိုးငါးစား ကွဲပြားကြောင်း စသည့် သီလ၏ကွဲပြားမှု အမည်နာမများကိုလည်း သိရှိနိုင်ကြမည်ဖြစ်၏။ အခြားအမည်ကွဲများဖြင့် အစုများ အများအပြား ရှိသော်လည်း ဤ၌ ဖော်ပြပါမျှသာ မိတ်ဆက်သဘောအားဖြင့် တင်ပြလိုပါ၏။ စင်စစ်သီလသည် မည်မျှပင် အမျိုးအမည် ကွဲပြားသော်လည်း အစွမ်းသတ္တိမှာ “မည်သည့်သီလမဆို ကာယကံနှင့် ၀စီကံတို့ကို ထိန်းသိမ်းစောင့်ရှောင်ခြင်း သီလန အစွမ်းသတ္တိ” ရှိနေခြင်းပင် ဖြစ်၏။ ထို့ကြောင့် ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်း၊ ကျင့်ဝတ်ပဋိပတ်များကို ဖြည့်ကျင့်ခြင်းများကို ဖြည့်ကျင့်နေသူများသည် ကာယကံ ၀စီကံများကို ထိန်းသိမ်းနေသူများ ဖြစ်သဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလစင်ကြယ်ခြင်း ရှိနေသူများဟု ဆိုခြင်းဖြစ်ပါ၏။

ဤ၌သီလနှင့် ပတ်သက်၍ အမျိုးအစား ကွဲပြားမှုများ ရှိကြောင်းစာပေတွင် ဖွင့်ဆိုပြသည်မှာ ကျင့်ကြံလိုက်နာ သူများ၏ စိတ်စေတနာကို လိုက်၍ ကွဲပြားမှုများ ရှိနေသဖြင့် ထိုစေတနာသို့လိုက်ကာ အမည်နာမ သတ်မှတ်ပြရခြင်း ဖြစ်ပေ၏။ နှစ်ပါးစုသီလ၊ သုံးပါးစုသီလ စသည်ဖြင့် ဖော်ပြရခြင်း ဖြစ်၏။

ဥပမာအားဖြင့် နှစ်ပါးစု သီလတွင် စာရိတ္တသီလ၊ ၀ါရိတ္တသီလစသည်ဖြင့် ခွဲခြားရာတွင် “မြတ်စွာဘုရားက ဤအရာကို ပြုကျင့်အပ်၏ဟု ပညတ်သော သိက္ခာပုဒ်ကို ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်ကြောင်း၊ ဤအရာကို မကျင့်အပ်ဟု တားမြစ်ပယ်အပ်သော အရာကို မပြုကျင့်ဘဲ ရှောင်ကြဉ်ခြင်းသည် ၀ါရိတ္တသီလမည်ကြောင်း” စသည်ဖြင့် ပြုကျင့်လိုက်နာသူများ၏ စေတနာအလိုက် ခွဲခြားပြခြင်းဖြစ်၏။ ထို့အတူ သုံးပါးစု သီလတွင်လည်း “သူတပါးတို့ ချီးမွမ်းထောမနာ ပြုသည့် အကျော်အစောကို နှစ်သက်တောင့်တသည်ဖြစ်၍ ဆောက်တည်ကြောင်း ဖြစ်သော သီလသည် ဟီန(အညံ့စား)သီလ မည်ကြောင်း၊ ကုသိုလ်ကောင်းမှု၏ အကျိုးကို လိုလားတောင့်တ၍ ဆောက်တည်အပ်သော သီလသည် မဇ္ဈိမ(အလတ်စား)သီလ မည်ကြောင်း၊ ဤအကျင့်သီလသည် အရိယာသူတို့ကောင်းတို့ ပြုသင့်ပြုအပ်သော အရာဖြစ်သည်ဟု အရိယာသူတော်ကောင်း အဖြစ်ကို အမှီပြု၍ ဆောက်တည်အပ်သော သီလသည် ပဏီတ (အကောင်းစား)သီလ မည်ကြောင်း” စသည်ဖြင့် သုံးပါးကွဲပြားမှုကို ခွဲခြားပြ၏။ လေးပါးအစု သီလတွင်လည်း “ရဟန်းတော်များ ဖြည့်ကျင့်ရမည့် ၀ိနည်းသိက္ခာပုဒ်များသည် ဘိက္ခုသီလမည်ကြောင်း၊ ရဟန်းမများ ပြုကျင့်လိုက်နာရမည့် ၀ိနည်း သိက္ခာပုဒ်များသည် ဘိက္ခုနီသီလ မည်ကြောင်း၊ သာမဏေယောက်ျား၊ သာမဏေမိန်းမများ ကျင့်သုံးရသည့် ဆယ်ပါးသီလနှင့် ကျင့်ဝတ်သိက္ခာပုဒ်များသည် အနုပသမ္ပန္နသီလ မည်ကြောင်း၊ လူပုဂ္ဂိုလ်များ စောင့်ထိန်းရမည့် နိစ္စသီလခေါ် ငါးပါးသီလများနှင့် ရှစ်ပါး၊ ကိုးပါးစသည့် ဥပုသ်သီလများသည် ဂဟဋ္ဌသီလ မည်ကြောင်း” စသည်ဖြင့် လေးပါးအစု ဖြစ်ပုံကို ခွဲခြားပြခြင်း ဖြစ်၏။ ပါးပါးအစု သီလတွင်လည်း “သူ့အသက် သတ်ခြင်းကို ပယ်ခြင်းသည် ပဟီနသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ၀ိရတီသည် ဝေရမဏိသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော စေတနာသည် စေတနာသီလမည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ စောင့်စည်းပိတ်ဆို့ခြင်း သံဝရသည် သံဝရသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းဟူသော အကုသိုလ်အမှုကို မကျူးလွန်ခြင်းသည် အ၀ိတိက္ကမသီလ မည်ကြောင်း” စသည်ဖြင့် ငါးပါးအစု ကွဲပြားပုံကို ခွဲခြားပြ၏။ ဤကား စာပေတွင် ဖွင့်ဆိုပြသည့် သီလအမျိုးအစားများအကြောင်း မိတ်ဆက်တင်ပြခြင်းသာ ဖြစ်ပါ၏။ အကျယ်ကို ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် လေ့လာနိုင်ပါသည်။

ဤသို့ အမျိုးအမည်အားဖြင့် သီလအမျိုးမျိုး ကွဲပြားနေသော်လည်း အစွမ်းသတ္တိမှာ အထက်တွင် ဆိုခဲ့သကဲ့သို့ ကာယကံနှင့် မနောကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အစွမ်းသတ္တိသာ ဖြစ်သဖြင့် သီလစောင့်ခြင်းဖြင့် ကိုယ်နှင့်နှုတ်ကို စောင့်စည်းပြီး မိမိ၏ အကျင့်သီလကို ဖြူစင်စေရန် ကြိုးစားကြရမည်သာ ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက အသိပေး ဆုံးမတော်မူခြင်း ဖြစ်၏။

သီလဖြူစင်ခြင်းနှင့် ညစ်နွမ်းခြင်း
သီလသည် စောင့်သူ၏ စေတနာသို့လိုက်ကာ ဖြူစင်ခြင်း၊ ညစ်နွမ်းခြင်းများ ရှိတတ်၏။ ထိုသီလဖြူစင်ခြင်း၊ သီလညစ်နွမ်းခြင်းတို့နှင့် စပ်လျဉ်း၍လည်း “သီလကျိုးပြတ်ခြင်း အစရှိသည်တို့သည် သိလ၏ ညစ်နွမ်းခြင်းဖြစ်ပြီး မကျိုးမပြတ်ခြင်း စသည်သည် သီလ၏ဖြူစင်ခြင်းပင် ဖြစ်ကြောင်း” စာပေတွင် ဖွင့်ဆိုရှင်းပြ၏။ သီလကျိုးပြတ်သည်ဆိုရာတွင် သီလကျိုးပြတ်မှုကို ဖြစ်စေနိုင်သည့် လာဘ်လာဘ၊ အခြံအရံ အပေါင်းအသင်း၊ အသက်စသည်တို့နှင့် စပ်လျဉ်းသည့် အကြောင်းများ၊ ကာမဂုဏ်မေထုန်နှင့် စပ်လျဉ်းသည့် အကြောင်းများ စသည်တို့ကြောင့် ကျိုးပြတ်နိုင်ကြောင်းနှင့် သီလ၏ မကျိုးမပေါက်ခြင်းဟူသည် ခပ်သိမ်းသော သိက္ခာပုဒ်တို့ကို မဖျက်ဆီး မလွန်ကျူးသော အားဖြင့်လည်းကောင်း၊ မေ့လျော့၍ ပျက်ကုန်သော်လည်း ကုစားကောင်းသော သိက္ခာပုဒ်တို့ကို ကုစားသော အားဖြင့်လည်းကောင်း၊ မေထုန်အမှုများနှင့် ယှဉ်စပ်ခြင်း မရှိသော အားဖြင့်လည်းကောင်း၊ ထို့အပြင် အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ သူတပါးကို အတင်းအဖျင်းပြုခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း၊ လှည့်ပတ်ခြင်း၊ ကြွားဝါခြင်းစသည့် အယုတ်တရားတို့၏ မဖြစ်ခြင်းလည်းကောင်း၊ အလိုနည်းခြင်း၊ ရောင့်ရဲခြင်းစသည့် ဂုဏ်ကျေးဇူးတို့ကို ဖြစ်စေခြင်းဖြင့် လည်းကောင်း စသည့်အကြောင်းများကြောင့် သီလ၏ မကျိုးမပြတ်ခြင်းကို ဖြစ်စေနိုင်ကြောင်း သီလဖြူစင်ခြင်း၊ သီလညစ်နွမ်းခြင်း အကြောင်းများကို နားလည်သဘော ပေါက်နိုင်ပေ၏။

သီလ၀ိသုဒ္ဓိဖြစ်ခြင်း
အထက်ပါ အဖွင့်များအရ ဤ၌ သီလ၀ိသုဒ္ဓိခေါ် သီလဖြူစင်ခြင်း၏ အဓိပ္ပါယ်ကို “အကြင်သီလတို့သည် လာဘ်အစရှိသည်ကြောင့် မပျက်စီးကုန်၊ မေ့လျော့မှုကြောင့် ပျက်ကုန်သော်လည်း တစ်ဖန်ကုစားခြင်းငှါ တတ်နိုင်ကောင်း၏၊ မေထုန်နှင့် ယှဉ်ခြင်းကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းစသည့် မကောင်းမှုတို့ဖြင့် လည်းကောင်း မနှိပ်စက်ကုန်သည်လည်း ဖြစ်ကုန်၏၊ ထိုကဲ့သို့သော သီလမျိုးကို မကျိုးကုန်သော သီလ၊ မပေါက်ကုန်သောသီလ၊ မကျားမပြောက်ကုန်သော သီလတို့ဟူ၍ လည်းကောင်း ဆိုအပ်၏၊ ထိုသို့ မကျိုးမပေါက် မကျားမပြောက်သော သီလရှိသည်၏ အဖြစ်ကို သီလ၏ဖြူစင်ကြောင်း ဝေါဒါနဟု ဆိုအပ်၏..” ဟူသော ၀ိသုဒ္ဓိမဂ်အဖွင့်အတိုင်း သိရှိနိုင်မည်ဖြစ်၏။ ဆိုလိုသည်မှာ သီလ၀ိသုဒ္ဓိဖြစ်ရန် မိမိတို့၏ သီလကို စွမ်းနိုင်သမျှ မကျိုးမပေါက်စေရန် သီလကျိုးပျက်စေနိုင်သည့် အရာများကို ရှောင်ကြဉ်ခြင်းဖြင့် သတိတရား လက်ကိုင်ထားကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

သီလ၀ိသုဒ္ဓိ၏ အကျိုး
ထိုသို့ သီလဖြူစင်၍ သီလနှင့် ပြည့်စုံခဲ့ပါလျှင်ကား မည်သူမဆို သီလ၀ိသုဒ္ဓိဖြစ်သဖြင့်
၁။ မေ့လျော့မှု မရှိခြင်းဟူသော အကြောင်းကြောင့် စည်းစိမ်ဥစ္စာအစုကို ရရှိခြင်း
၂။ ကောင်းသတင်းဖြင့် ကျော်စောရခြင်း
၃။ မည်သည့်ပရိတ်သတ် အတွင်းသို့ မဆို အကြောက်အရွံ့မရှိ ၀င်ရောက်နိုင်ခြင်း
၎။ သေခါနီးအခါတွင်လည်း တွေဝေကြောက်ရွံ့ခြင်းမရှိဘဲ သေနိုင်ခြင်း
၅။ သေပြီးနောက်တွင်လည်း ကောင်းသည့် သုဂတိဘုံဘ၀တွင် ဖြစ်ရခြင်း ဟူသော အကျိုးတရားတို့နှင့် ပြည့်စုံနိုင်သည့် အပြင် အထက်အထက် မဂ်ဉာဏ်များကို ရရှိစေနိုင်သည့် လှေကားစောင်းတန်း တစ်ခုသဖွယ်လည်း ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာ မိန်တော်မူခဲ့ပေ၏။ ထို့ကြောင့် သီလ၀ိသုဒ္ဓိဖြစ်မှုသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် မြတ်နိဗ္ဗာန်သို့ အထောက်အကူ ဖြစ်စေသည်သာမက အနီးဆုံးအကြောင်းအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကောင်းကျိုးများလည်း ဖြစ်စေနိုင်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလဖြူစင်မှုသည် မိမိတို့အတွက် အလွန်အရေးပါသည့် အခြေခံ အကျင့်တရား ဖြစ်သဖြင့် အခြေခံ အကျင့်ကို မကျိုးမပေါက်စေရန် စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးပြီး သီလဖြူစင်ခြင်းဖြင့် စိတ်ကိုလည်း ဖြူစင်စေကာ စိတ်ဖြူစင်မှုကို အရင်းပြုလျက် သမာဓိတည်အောင် ကြိုးစားရင်း သမာဓိကို အခြေခံ၍ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ပန်းတိုင် လှမ်းကိုင်နိုင်မည့် ၀ိပဿနာဉာဏ်ကို ရင့်သန်စေရန် အထူးကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ သီလဖြူစင်ခြင်းဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစေရန် အားကိုးတစ်ခုအဖြစ် လက်ကိုင်ပြုသင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ကျမ်းကိုး = ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၊ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ

ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်းç ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး။ ။ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံ ရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာ အမျိုးမျိုး ဖြင့် လာရှိ သော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌ ကထာ လာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာ ဘာသာ သက်သက်ဖြင့် ပြလိုက်၏။
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေç လက်ç ဖ၀ါးçမညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့်သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသောရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။

အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။

ခိုးခြင်း ၂၅-ပါး။ ။ ပါရာဇိကဏ် ပါဠိတော် ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်း တော်များ အတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန် သိက္ခာပုဒ်၏ အသေးစိတ် ရှင်းလင်းချက် ၂၅-ပါး။

(၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
(က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ ၀န်ချ လိုက်လျှင် ပါရာဇိက၊
(ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆို စွပ်စွဲ၍ ထမ်းဆောင် လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူ ခြင်းမျိုး၊ သူ့ကိုယ် ပေါ်မှ ချလိုက်သည်နှင့် ပါရာဇိက၊
(ဂ) အ၀ဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာ ဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ ၀န်ချသည်နှင့် ပါရာဇိက၊
(ဃ) ဣရိယာပထ၀ိကောပန- ထမ်းပိုးဆောင်ရွက် လာ သော သူတစ်ပါး ဥစ္စာကို ထမ်းဆောင် လာသူ နှင့်တကွ ထမ်းလာသည့် ဥစ္စာ ကိုပါ ခိုးယူ အံ့သော အကြံဖြင့် ပစ္စည်းရော လူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယ ခြေလှမ်းကြွ သည်နှင့် ပါရာဇိက၊
(င) ဌာနာစ၀န- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူ လိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်း မျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍပဉ္စကပြီး၏။

(၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ ဟရဏ အ၀ဟရဏ ဣရိယာပထ ၀ိကောပန ဌာနာစ၀န နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။

(၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အ၀ိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး။
(က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
(ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
(ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
(ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့ အခါကို စောင့်ပြီး ခိုးယူ လိုက်ရ မည်ဟု စေခိုင်း ထားလျက် ခိုးယူ စေခြင်းမျိုး၊
(င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ၀န်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။

(၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
(က) ပုဗ္ဗ ပယောဂ- ၎င်းင်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
(ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍ ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
(ဂ) သံဝိဓါ ၀ဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက် လျက် ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်း ခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်း အတိုင်း ခိုးယူသော် ပါရာဇိက၊
(င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခု ထား၍ ခိုးခိုင်းခြင်း မျိုး၊ နိမိတ် ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ် ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။

(၅) ထေယျာ ၀ဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါ နည်း ငါးမျိုးဖြင့် ခိုးယူ ခြင်းမျိုး။ (က) ထေယျာ ၀ဟာရ- နံရံစသည် ဖေါက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူ ခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက် စီးနင်း ပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာ တို့သည် ရသင့်သော အခွင့်ထက် အာဏာ ပြ၍ ပိုမို ကောက်ခံ ခြင်းမျိုး၊
(ဂ) ပရိကပ္ပါဝဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်း တွင်းသို့ ၀င်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သော အခါ အထည် မဟုတ်ဘဲ ချည်ခင် တွေဖြစ် နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေ ပါက ပါရာဇိကကျ၏။
၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်း အတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာ သယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
အကယ်၍ တစ်စုံတစ်ယောက် နှင့်မှ မတွေ့ရပါမူ ခိုးယူ သွားအံ့ ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချ ထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ၀ဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်း ရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ၀ဟာရ ပဉ္စကပြီး၏။

ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။ (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊ (၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊ (၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊ (၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊ (၅) ၀ိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊ (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူç ကလေးသူငယ်ç အကျင့်သီလဂုဏ် ရှိသူçတို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုး ဒါးပြ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့် ကိုင်းတော ကျူတော၊ ပင်ချင်း ယှက်သည့် တောအုပ်ကြီး စသည့် အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ် ပေးရန် ၎င်းတို့နှင့် ကြိုတင်၍ အကျွမ်းတ၀င် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်း ဥစ္စာ ပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြား စေရန် အထူး လုံခြုံသော နည်းလမ်း ဥပါယ်တို့ ဖြစ်၏။


အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှု အပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄)အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကိုမရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။

ကာမေသုမိစ္ဆာစာရ အင်္ဂ ၄-ပါး။ ။ ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။
(၁) အ ဂမနိယ ၀တ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လုံ့လလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။

ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး လာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ၀တ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

အုပ်ထိန်းသူ ရှိသော မိန်းမ ၂၀။ ။ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာ အပ်သော မိန်းမ ၂၀-ဟူလို။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) Óတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။

မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာ လွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည် ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ ]လက်ထပ်ပြီးသူ} လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
မယားမြောက်ကြောင်း ဆယ်ပါး
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ၀ါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍ နေသော မိန်းမ၊
(၁၅) သြဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန် ငှားရမ်း ထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်းင်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိ မယားဖြစ်၍ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကို လိုမူ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ ဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။

မယားခိုး အပြား ၇-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်çခြင်ထောင်တွင်းသို့ ၀င်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ၀င်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ ယောက်ျား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန် ငယ် ၇-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ ယောက်ျား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတော အောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘ၀ ဉပစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘ၀၌ နတ်မင်းကြီး ဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။

မေထုန် မမှီဝဲ အပ်သော မိန်းမ ၁၄-ပါး။ ။ထို ဆယ့်လေးယောက်တို့တွင် အချို့ ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောက၀တ် ဥပဒေများက တားမြစ်၍ အပြစ် ရှိသည်၊

အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ၊ အလိုမရှိသူ၊ ညစ်နွမ်း မသန့်စင်သူ ၊ မချစ်ခင်သူ၊ ပြည့်တန်ဆာမ၊ အရွယ်ကြီးရင့်သူ၊ ရောဂါသည်မ၊ ကိုယ်အင်္ဂါ ချို့တဲ့သူ၊ ကိုယ်ဝန်ဆောင်မ၊ ရန်သူမ၊ အင်္ဂါဇာတ်၌ အနာရှိသူ၊ လင်ရှိသူ ၊ မာတုရက္ခိတ စသည်ရှိသူ၊ သီလရှင်မ။ (မိမိရဲ့ ဇနီးသည်ပင် ဖြစ်စေကာမူ ထို ၁၄ယောက် စာရင်း ၀င်နေလျက် မေထုန် မှီဝဲသော် ကာမေသု မိစာ စာရကံ ထိုက်သည်ဟုလည်း မှတ်သား ဖူးပါသည်။

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ကာမသျှတြကျမ်း ။ (၁) ဘုန်းကံ ယုတ်လျော့ခြင်း ၊ (၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊ (၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊ (၄) အသား၊ အရေ၊ ဦးခေါင်း ပူလောင်ခြင်း၊ (၅) အရောင် အဆင်း ဖျော့တော့ ပျက်စီးခြင်း၊ (၆) ချောင်းဆိုး သွေးပါ အဆုပ်နာ
မြစ်ချောက် ရောဂါ စွဲကပ် တတ်ခြင်း၊ (၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊ (၈) အသက် တိုခြင်း။

မုသာဝါဒ အင်္ဂါ ၄-ပါး။ ။လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်းင်း အင်္ဂါ၎-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ၀ိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ၀ါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လဉပခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။

မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ ။မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။

အရက်သောက်ခြင်းအပြစ် ၆-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက် လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာ ပြစ်လည်း ကြီးလေးလှ၏။

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆- ပါးကား၊ သောက်စား သေစာ အပြစ်တည်း။

အရက်မျိုး ၅-ပါး။ ။ လူမပြုသော်လည်း အလိုအလျောက် ဖြစ်နေ တတ်သော မေရယခေါ် အရက်မျိုး ငါးပါး။ (၁) ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသ၀- သစ်သီးရည်မှဖြစ်သော အရက်၊
(၃) မဓွာသ၀- မုဒရက်ရည်မှ ဖြစ်သော အရက်၊
(၄) ဂုဠာသ၀- ကြံရည်မှ ဖြစ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့ စုပေါင်း၍ ဖြစ်သော အရက်။

Credit to: မခွန်မြလှိုင်