အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Monday, June 13, 2016

တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ

လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ခြင်္သေ့လိုလဲ မဟောက်နဲ့
၂။ ဖားငယ်လိုလဲ မကြောက်နဲ့
၃။ တောင်လိုလဲ မမောက်နဲ့
၎။ မြစ်လိုလဲ မကောက်နဲ့
၅။ တွင်းလိုလဲ မစောက်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ ( ၄ ) ပါး
•••••••••••••••••••••••••••••••••••••
၁။ သစ္စာ - ကတိ သစ္စာတည်
၂။ ဓမ္မော - တရားဥပဒေ လမ်းကြောင်းအတိုင်း ကျင့်သုံးရမည်
၃။ ဒိတိ - တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၎။ စာဂေါ - အသက်စွန့်ရန် အသင့်ရှိရမည်

အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃။ ရန်ငြိုးဖွဲ့ခြင်း
၎။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူဆူခြင်း
၆။ ဝန်တိုခြင်း

စည်းရုံးရေး လမ်းစဉ် သင်္ဂဟ တရား ( ၄ ) ပါး
••••••••••••••••••••••••••••••••••••••••
၁။ ဒါန - ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း အကူအညီပေးခြင်း
၂။ ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သော စကားကို ပြောဆိုခြင်း
၃။ အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင် ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎။ သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်းတူ ဒုက္ခခံခြင်း

မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မိန်းမကျူးသောသူ တစ်ယောက်
၂။ သေရည်သောက်စား သူတစ်ယောက်
၃။ အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎။ အမျက်ဒေါသကြီးသူ တစ်ယောက်
၅။ မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း( ၃ ) ပါး
••••••••••••••••••••••••••••••••••••••••••
၁။ ယုတ်မာသောသူကို ပညာသင်မိသောကြောင့် ပျက်စီးရခြင်း
၂။ မကောင်းသောမိန်းမ မယားပြုမိသောကြောင့် ပျက်စီးရခြင်း
၃။ မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ ( ၈ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မင်းမရှိသည့် တိုင်းပြည်
၂။ ရေမရှိသည့် မြစ်
၃။ သစ်မရှိသည့် တောခြောက်
၎။ အတောက်မရှိသည့် မီး
၅။ စည်းမရှိသည့် ရွာ
၆။ ကြာမရှိသည့် ကန်
၇။ အောင်လံမတည်သည့် ရထား
၈။ လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆ ) ခု
••••••••••••••••••••••
၁။ ပျင်းရှိခြင်း
၂။ မေ့လျော့ပေါ့ဆခြင်း
၃။ အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎။ အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅။ စည်းကမ်းမရှိခြင်း
၆။ အလုပ်ကို အချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသော အကျင့် ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ နေမြင့်အောင် အိပ်ခြင်း
၂။ ပျင်းရိခြင်း
၃။ နုတ်လက်ကြမ်းတမ်းခြင်း
၎။ နိုး၍ ထပ်ခဲခြင်း
၅။ တစ်ယောက်တည်းခရီးသွားခြင်း
၆။ ပဒါနကံပြုခြင်း

Thursday, January 7, 2016

ခြေဖနောင့်နာ သက်သာစေရန်

ကျွန်တော့် ဘယ်ဘက်ခြေထောက် နာနေတာ နှစ်နဲ့ချီကြာနေခဲ့ပါပြီ၊ ခြေထောက် ဆိုတာထက် ခြေဖနောင့်ပိုင်းကဆိုရင် ပိုတိကျလိမ့်မယ်... ခုတစ်လောမှာ ပိုပို ဆိုးလာပါတယ်..

ဒဏ်ကြေလိမ်းဆေး မှန်သမျှ အင်္ဂလိပ်လူးဆေး၊ မြန်မာလူးဆေးတွေ စုံအောင်လူးပေမယ့် ခဏပဲ သက်သာတယ်။ တော်ကြာ လမ်းပြန်လျှောက်တာနဲ့ မိနစ် နှစ်ဆယ်လောက်ဆိုရင် နာလာပါရော။
နားရက်လေးများ အပြင်ထွက်မိရင် စိတ်အပန်းပြေတာနဲ့ မကာမိအောင် ဒုက္ခပေးပါတယ်၊ ဒါကြောင့်မို့ အပြင်လဲ သိပ်မသွားဖြစ်တော့ဘူး။

နီးစပ်တဲ့သူတွေက ပြောတော့ အဲဒါ ဖနောင့်ကျေတာတဲ့၊ sole ထူထူပါတဲ့ ဖိနပ်မျိုး ဝယ်စီးဖို့ အကြံပေးကြတယ်၊ ဒါဆိုရင် သက်သာသွားမယ်တဲ့။ ဖြစ်နိုင်ပါတယ် ကျွန်တော် များသောအားဖြင့် စီးနေတာက 'converse' 'everlast' တို့က ထုတ်တဲ့ အဝတ်ဖိနပ်တွေ ဆိုတော့ sole က တော်တော်ပါးတာပေါ့။

အဓိက ကတော့ ကျွန်တော့် ဘော်ဒီဝိတ် နည်းနည်းချင်း တက်လာတာပါ၊ အလုပ်ကလဲ အထိုင်အလုပ် ဖြစ်ပြန် အိမ်ပြန်ရောက်တဲ့ အခါမှာလည်း TV သို့မဟုတ် Computer ရှေ့က မထသူမို့ အလုပ်အသွား အပြန်လောက်ကလွဲရင် လမ်းမလျှောက်ဖြစ် သလောက်ပါပဲ။

အခုလို ဝိတ်ချဖို့ လိုပြီဆိုတာ သိလိုက်တဲ့ အချိန်မှာတော့ ပြေးဖို့၊ Joggle လုပ်ဖို့ မပြောနဲ့ လမ်းတောင် အဝေးကြီး မလျှောက်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ ညစာကို လျှော့စားပြီး sole ထူထူနဲ့ ဖိနပ်မျိုးကိုပဲ လိုက်ရှာရပါတယ်။ ဒီကြားထဲမှာ သက်သာလို သက်သာငြား ခြေဖနောင့်မှာ ခုတဲ့ စီလီကွန် တစ်စုံ SG$36 နဲ့ ဝယ်သုံးပေမယ့်လည်း သိပ်အဆင်မပြေပါဘူး..

Walking Shoes ကိုတော့ ငယ်ငယ်ထဲက မနှစ်သက်ခဲ့တဲ့သူမို့ မစဉ်းစားတော့ပဲ ခရီးသွားတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ 'Skechers' တစ်ရံကို ဒီဇိုင်း မကြိုက်ပဲ ကျိတ်မှိတ် ဝယ်လိုက်ပါတယ်။ စီးကားစမှာ ဟုတ်သလိုလို ရှိသော်လည်း အရင်ထက်စာရင် လမ်းကို နည်းနည်းကြာကြာ လျှောက်နိုင်တာက လွဲလို့ မထူးခြားမလာပါဘူး၊ ခြေဖနောင့်က နာမြဲ နာလျှက်ပါပဲ..

ဒီလိုနဲ့ သက်သာအောင်နေရင်း တစ်နေ့တော့ အကြံရပြီး အဲဒီ ခြေဖနောင့်နာ (Heel Pain) အကြောင်းကို Internet မှာ ရှာဖတ်လိုက်မိပါတယ်၊ အခြားဖြေရှင်းနည်း (သို့) Treatment တစ်ခုခုများ သိရလေမလားလို့...
အဲဒီလို ရှာဖတ်မိလိုက်တာ တစ်ကယ့်ကို အကျိုးရှိသွားပါတယ်၊ အဖြေတွေ့သွားပါတယ်။

"လူတစ်ယောက်ရဲ့ ခြေဖျားပိုင်းမှာ အရိုး (၂၆)ချောင်းရှိပြီး၊ ခြေဖနောင့်ရိုးက အကြီးဆုံးလို့ ဆိုပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို ထောက်ခံထားနိုင်ဖို့ သဘာဝတရားက ခြေဖနောင့် အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
ခြေဖနောင့်ဟာ ကျွန်တော်တို့ ပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါမျိုး ခြေဖျား မြေကြီးပေါ်ကျတဲ့ ဒဏ်ခံနိုင်အောင်အပြင် နောက်ခြေတစ်လှမ်းအတွက် စပရင်ကဲ့သို့ ပြန်တွန်းကန်ပေးပါတယ်။
ပညာရှင်များရဲ့ အဆိုအရ လမ်းလျှောက်တဲ့ အခါ မိမိခန္ဓာကိုယ် အလေးချိန် ၁.၂၅ဆ နဲ့ ပြေးတဲ့အခါမှာ ၂.၇၅ဆ ရဲ့ ဝန်ကို ခြေဖျားက ထမ်းရတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ ကြာလာတဲ့အခါမှာ ခြေဖနောင့်ရဲ့ ခုခံနိုင်စွမ်းအား ကျဆင်းလားပြီး နောက်ဆုံးမှာ နာကျင်မှု ဝေဒနာကို ခံစားရတယ်"

လို့ ဖတ်လိုက်ရပါတယ်။

ခြေဖနောင့်နာ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ပါသလို၊ မဖြစ်အောင် ကာကွယ်နည်း၊ ဖြစ်လာတဲ့အခါ သက်သာအောင် ပြုလုပ်နည်း တွေကိုပါ အထိုက်လျှောက် စုံလင်စွာ ဖတ်ရှုနိုင်ပါတယ်..
ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် ဘာသာပြန်ခြင်းငှာ ကျွန်တော်မစွမ်နိုင်းတဲ့ အတွက် စိတ်ဝင်စားသူများ အောက်ပါ လင့်ခ်တွင် မူရင်းအတိုင်း ဖတ်ရှုပါလို့ မေတ္တာရပ်ပါတယ်...

>> မူရင်းအတိုင်း အသေးစိတ် ဖတ်ရှုရန်

ဆက်ပါဦးမည်...
စာဖတ်ပြီးသွားတဲ့အခါ ဖနောင့်နာရသော အကြောင်းရင်းများထဲမှ ကျွန်တော်ရဲ့ ပြဿနာဟာ ဘာကြောင့်လဲ ဆိုတာ ကောင်းကောင်း သဘောပေါက်သွားပါတယ်၊ ကျွန်တော့် ခြေဖဝါးရဲ့ ပုံစံနဲ့ အဆင်ပြေမယ့် Insole တစ်စုံ မဖြစ်မနေလိုနေပါပြီ...

Funan Digital Mall ဒုတိယထပ်မှာ ရှိတဲ့ ခြေဖဝါး ပလာစတာမိုလ် လုပ်တဲ့ဆိုင်ကို ရောက်ပါတယ်။
မိမိခြေထောက်ရဲ့ အခွင်းအခွက် ပုံစံအတိုင်း ပလာစတာမိုလ် လောင်းပြီးမှ ရလာတဲ့ Sole ကို စီးမယ့် ဖိနပ်အတွင်းမှာ ခံစီးရမှာဖြစ်ပါတယ်။
မိုလ်ပြီးအောင် စောင့်ရမယ့် အချိန်က တစ်ပါတ်လောက် ကြာမှာဖြစ်ပြီး ဈေးနှုန်းက ခြေဖဝါးတစ်စုံ အတွက် SG$360 ကျမှာ ဖြစ်ပါတယ်။
တော်တော် ဈေးများပါတယ် ကျွန်တော် အဲဒီလောက်ကြီးတော့ မတတ်နိုင်ပါဘူး၊ ခြေထောက်ကို ဆေးခန်းပြ ဓါတ်မှန်ရိုက်ကြည့်ရ ကောင်းမလား စဉ်းစားပါတယ်၊ တစ်ခုခုဆိုရင်လဲ ကုမ္ပဏီက 70% ပြန်ရှင်းပေးတော့ သိပ်ပြဿနာ မရှိပါဘူး။

ဒါပေမယ့် အဖြေကသိပြီးသား ဆိုတော့ မထူးဖူးဆိုပြီး Internet, YouTube ကနေထပ်ပြီး Sole တွေ အကြောင်းလိုက်ရှာပါတယ်၊ တွေ့ပါပြီ... 

'Sole Supports' နဲ့ 'Superfeet' နှစ်မျိုးကို YouTube ကနေ ရှာတွေခဲ့ပါတယ်။ Superfeet ကို ပိုပြီး စိတ်ဝင်စားတာကြောင့် မူရင်းဆိုက်မှာ ဝင်ကြည့်တော့ USA နဲ့ UK အတွက်ပဲ support လုပ်ထားတာ တွေ့ရပါတယ်။

>> Superfeet.com

>> Superfeet.com

ဒါကြောင့်မို့ ဘယ်နေရာမှာ ဝယ်လို့ ရမလည်းဆိုတာ ထပ်ရှာကြည့်တော့ OnlineStore တစ်ခုမှာ ဝယ်လို့ရတာ သွားတွေ့ပါတယ်။

ဒါပေမယ့် size တွေခွဲထားတာကြောင့် တစ်စုံတစ်ရာမှားခဲ့ရင် ပြန်လဲဖို့ အခက်အခဲရှိတဲ့ အတွက် စင်ကာပူမှာ ရနိုင်မယ့် နေရာကိုသာ ဇောင်းပေးပြီး အသေးစိပ် ထပ်ရှာဖြစ်ခဲ့ပါတယ်။
စင်ကာပူ ကျွန်းတစ်ခုလုံးမှာ Superfeet ကို ရနိုင်တဲ့ တစ်ဆိုင်တည်းသော ဆိုင်ကို ကံကောင်းစွာနဲ့ ရှာတွေ့ခဲ့ပါတယ်။

စကားချပ်။ ။အပြင်မှာတော့ အခြားမည်သည့် ဆိုင်များတွင် ရောင်းသေးသည် မသိပါ၊ Online မှာတော့ ထိုတစ်ဆိုင်ကိုသာ စစ်စစ်ပေါက်ပေါက် ရှာတွေ့ခဲ့ပါတယ်...



Superfeet မှာ အမျိုးအစား ငါးမျိုးမက ရှိပြီး shoes အမျိုးအစားတွေ အတွက် အရောင်တွေနဲ့ ခွဲခြားထားပါတယ် (Green, Blue, Black, Pink, Red...)။ တစ်ခုချင်းစီးရဲ့ သက်ရောက်မှုကလည်း အနည်းငယ် ကွဲပြားပါတယ်။

လက်ရှိစီးနေတဲ့ မိမိဖိနပ်အတွက် Superfeet Insole ကို ဝယ်မည်ဆိုပါက အဆိုပါ ဖိနပ်အတွင်းမှ sole အရောင်ကို ထုတ်ကြည့်ပြီး Superfeet ရဲ့ အရောင်ကို အလွယ်တစ်ကူ ရွေးချယ် နိုင်ဖို့ ခွဲခြားထားတာ ဖြစ်ပါတယ်၊ ဝယ်မယ်ဆိုရင်တော့ ကိုယ်တိုင် စီးကြည့်ပြီးမှ သင့်လျှော်ရာကို ရွေးချယ်ပါ။ 

Insole size တွေကို အောက်ပါအတိုင်း (C,D,E,F) ခွဲထားပါတယ်..

Insole size: C Men’s Shoe size: 5.5 – 7
Women’s Shoe size: 6.5 – 8

Insole size: D Men’s Shoe size: 7.5 – 9
Women’s Shoe size: 8.5 – 10

Insole size: E Men’s Shoe size: 9.5 – 11
Women’s Shoe size: 10.5 – 12

Insole size: F Men’s Shoe size: 11.5 – 13
Women’s Shoe size: 12.5+

Green နဲ့ Black မှာ Carbon, Copper ဆိုပြီး ခံနိုင်ရည် ပိုကောင်းတဲ့ အထူးအမျိုးအစား ထပ်ခွဲထားပါတယ်၊ ဈေးနှုန်းကလည်း ပုံမှန်နဲ့ SG$30 လောက် ကွာဟပါတယ်။
အားလုံးထဲမှာ popular အဖြစ်ဆုံးကတော့ Green ပါ၊ သူက လူတော်တော်များများနဲ့ အဆင်ပြေပါတယ် ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကို စီးကြည့်ပြီးတဲ့နောက်မှာ Green (Carbon) ကို ရွေးချယ် ဝယ်ယူခဲ့ပါတယ်။ Carbon ကတော့ ဘော်ဒီဝိတ်ကို ပိုပြီးခံနိုင်တဲ့ အတွက် ရွေးချယ်ခဲ့ရတာပါ၊ အဲဒီအတွက် SG$85 လျှောကနဲ ထွက်သွားပါတယ်..



Superfeet က ပုံမှန်လမ်းလျှောက်သူများ အတွက်သာမက နေ့စဉ် ပုံမှန်ထက် ပို၍လမ်းလျှောက် ကြရသော လုပ်ငန်းခွင်မှ ဝန်ထမ်းများ၊ အားကစားသမားများ သာမက ခရီးကြမ်းထွက်တက်သော ခရီးသွားများ အတွက်ပါ အထူးသင့်လျှော်တဲ့ Insole တစ်ခု ဖြစ်ပါတယ်။

Superfeet insole တစ်စုံကို ဖိနပ်ထဲ ထည့်စီးပြီး ဆိုင်က ထွက်လာတော့ အစပိုင်းမှာ ခိုးလို့ခုလု ဖြစ်နေပေမယ့် ဆယ့်ငါးမိနစ်လောက်အကြာ ဖိနပ်နဲ့ sole တစ်သားထဲ ကျသွားတဲ့ အခါမှာတော့ သတိတောင် မထားမိတော့ပါဘူး၊ သေချာတာကတော့ ဆိုင်က စထွက်လာထဲက နာကျင်မှုကို လုံးဝ (လုံးဝ) မခံစားရတော့တာပါပဲ။

အဲဒီနေ့က ကျွန်တော် အများကြီး လမ်းသလားပစ်လိုက်တယ်...

>> စင်ကာပူတွင် ဝယ်ယူနိုင်သော လိပ်စာ <<

CAMPER'S CORNER
51 Waterloo Street, #01-01
Singapore 187969
PH: (65) 6337 4743
Web Site: Camper's Corner

(ကျွန်တော်ကဲ့သို့ ဝေဒနာ ခံစားနေရသူများအတွက် စေတနာသက်သက်ဖြင့် ဤဆောင်းပါးကို ရေးသားပါသည်၊ မည်သည့်ပစ္စည်းကိုမှ ကြေငြာခြင်း မဟုတ်ပါကြောင်း)
 
ကိုမိုးသိကြားရဲ့ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။ (ကိုဇော်ကြီး) 

Thursday, December 17, 2015

ဉာဏ်ရည်အမျိုးအစားများအကြောင်း သိကောင်းစရာ

လူတစ်ယောက်ရဲ့ ဉာဏ်ရည်အကြောင်း ပြောဆိုကြမယ်ဆိုရင် Intellectual Quotient (IQ) ဆိုတာကို ထည့်ပြောလေ့ရှိပါတယ်။ ဒါဆို Intellectual Quotient (IQ) ဟာ ဘာလဲ။ IQ တစ်ခုတည်းနဲ့ လူတွေရဲ့ ဉာဏ်ရည်ကို သတ်မှတ်လို့ ရပါသလား။ စိတ်ပညာရှင်တွေရဲ့ အဆိုအရတော့ ဘ၀အောင်မြင်မှုနဲ့ ပတ်သက်လာရင် IQ ရဲ့အရေးပါမှုကို (၂၀)ရာခိုင်နှုန်းလောက်ပဲပါဝင်ပြီး တခြားဉာဏ်ရည်တွေက (၈၀)ရာခိုင်နှုန်းလောက် ပါဝင်တယ်လို့ သိရပါတယ်။ ဒါဆို IQ အပြင် တခြားဘယ်လိုအမျိုးအစား ဉာဏ်ရည်တွေ ရှိပါသေးလဲ။ ဒါတွေအားလုံးကို လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။

IQ (Intellectual Quotient)
 --------------------------------
IQ ဟာ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်မှု၊ ကျိုးကြောင်းဆန်းစစ်နိုင်မှု၊ သချာင်္ပြဿနာတွေ ဖြေရှင်းနိုင်မှု၊ တစ်ခုခုကို ပုံဖော်ဖို့နဲ့ နားလည်မှုအတိုင်းအတာတို့နဲ့ ပတ်သက်ပါတယ်။ တနည်းပြောရရင် IQ ဆိုတာက ဗဟုသုတအချက်အလက်တွေကို မှတ်မိတွေးခေါ်နိုင်စွမ်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တက်နေတဲ့ အခြေခံ ပညာရေးကနေ အဆင့်မြင့်ပညာရေးအထိ စာသင်ကျောင်းတွေအားလုံးက ကျွန်တော်တို့ရဲ့ IQ မြင့်တက်လာဖို့ ကိုပဲ အာရုံစိုက်လေ့ကျင့်သင်ကြားပေးနေပါတယ်။
IQ မြင့်သူတွေရဲ့ ၀ိသေသလက္ခဏာတွေကတော့ -
- ယုတ္တိဆန်ဆန် စီစစ်ဝေဖန်ပိုင်းခြားနိုင်ခြင်း
- စူးစမ်းလေ့လာတတ်ခြင်း
- ပြဿနာဖြေရှင်းမှုစွမ်းရည်ကောင်းခြင်း
- စာဖတ်ဝါသနာပါပြီး ဘာသာစကားကို ထိထိရောက်ရောက်သုံးနှုန်းတတ်ခြင်း
- ကိန်းဂဏန်းတွေ၊ စာလုံးတွေနဲ့ပတ်သက်ပြီး ထူးထူးခြားခြား မှတ်သားနိုင်ခြင်း
- ဘယ်ကိစ္စမဆို စိတ်ဝင်စားမှုရှိခြင်း တို့ပဲဖြစ်ပါတယ်။

EQ (Emotional Quotient)
--------------------------------
EQ ဆိုတာကတော့ မိမိကိုယ်ကို သိမြင်ခံစားနိုင်မှု၊ မိမိပတ်ဝန်းကျင်က ပြောင်းလဲမှုတွေကို ခံစားနိုင်မှုတို့နဲ့ ပတ်သက်တဲ့ ဉာဏ်ရည်ဖြစ်ပြီး အချိန်အခါ၊ မျှဝေခံစားတတ်မှု၊ ပြောဆိုဆက်ဆံမှုစွမ်းရည်တို့နဲ့လည်း ဆိုင်ပါတယ်။ ပြောဆိုဆက်ဆံမှုဆိုတဲ့နေရာမှာ အသံနဲ့ပြောဆိုတာပဲ မဟုတ်ပါဘူး။ နှလုံးသားထဲက ရင်းရင်းနှီးနှီး ဆက်ဆံတတ်တာမျိုးကိုပါ ဆိုလိုပါတယ်။ ဒါ့အပြင် အမှားကို ၀န်ခံနိုင်တဲ့ သတ္တိ၊ ကွဲပြားခြားနားမှုတွေကို လက်ခံနိုင်စွမ်း စတာတွေလည်း ပါဝင်ပါတယ်။ သေချာတာကတော့ အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် EQ ကောင်းဖို့လိုပါတယ်။
EQ ကောင်းသူတွေရဲ့ ၀ိသေသလက္ခဏာများ
- ခံစားချက်တွေကို တိုက်ရိုက်ရှင်းလင်းစွာ ဖော်ပြနိုင်ခြင်း
- ထိတ်လန့်မှု၊ စိုးရိမ်မှု၊ အပြစ်၊ စိတ်ပျက်စရာတွေနဲ့ မျှော်လင့်ချက်ပျောက်ဆုံးမှု စတဲ့ မကောင်းတဲ့အတွေးတွေရဲ့ လွှမ်းမိုးမခံရခြင်း
- အရိပ်အကဲနားလည်ခြင်း
- စိတ်ခံစားချက်တွေကို အကျိုးအကြောင်းညီညွတ်မှု၊ ယုတ္တိကျမှု စစ်မှန်မှုတွေနဲ့ ထိန်းညှိနိုင်ခြင်း
- ကိုယ့်အားကိုယ်ကိုးပြီး လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်ခြင်း
- မိမိကိုယ်ကို စိတ်အားတက်ကြွနေအောင် လှုံဆော်နိုင်ခြင်း
- လုပ်ပိုင်ခွင့်အာဏာ၊ ဓနဥစ္စာတွေကို မက်မောလေ့မရှိပဲ ထင်ပေါ်ကျော်ကြားမှု၊ အများကလက်ခံနိုင်မှုကိုပဲ အာရုံစိုက်တတ်ခြင်း။
- အစုအဖွဲ့လိုက်အတူတကွ အလုပ်လုပ်တတ်ပြီး ဆက်ဆံရေးကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်။

PQ (Physical Quotient)
-----------------------------
PQ က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ နှလုံးခုန်နေဖို့၊ အဆုတ်တွေ လေရှုဖို့၊ ပြန်လည်ကုစားတတ်ဖို့၊ ရယ်မောတတ်ဖို့၊ နှာချေတတ်ဖို့ အစရှိသဖြင့် ကျွန်တော်တို့ရဲ့ ဦးနှောက်က တွက်ချက်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ Physical Quotient (PQ)ကတော့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေက အလုပ်လုပ်နိုင်စွမ်းကို ဆိုလိုပါတယ်။ မျက်လုံးနဲ့ လက်ရဲ့ ဟန်ချက်ညီလှုပ်ရှားနိုင်စွမ်း ကောင်းတာကို ဆိုလိုပါတယ်။ PQ ကောင်းဖို့ အဓိကလိုအပ်တဲ့သူတွေကတော့ အားကစားသမားတွေ၊ စစ်သည်တော်တွေ၊ တိုက်ခိုက်ရေးသမားတွေ၊ အကသမားတွေနဲ့ အခြားတီးမှုတ်ဖျော်ဖြေရေးသမားတွေပဲ ဖြစ်ပါတယ်။

CQ (Creativeity Quotient)
---------------------------------
တီထွင်ဖန်တီးနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးဖြစ်ပါတယ်။ တွေးခေါ်မျှော်မြင်နိုင်စွမ်း၊ ဖြစ်နိုင်ချေတွေ အကျိုးဆက်တွေနဲ့ ဆက်စပ်စိတ်ကူးတွေကို စဉ်းစားနိုင်စွမ်းနဲ့ ဆက်စပ်ပါတယ်။
CQ ကောင်းသူတွေက -
- ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကွဲပြားခြားနားတဲ့ ရှုထောင့်တွေ၊ ချဉ်းကပ်မှုတွေကနေ လိုက်လျောညီထွေစွာ တွေးခေါ်တတ်သူတွေဖြစ်ပါတယ်။
- တွေးနေဖို့ကို အားသန်ပြီး ဆန်းသစ်မှု၊ ထူးခြားမှုရှာဖွေကာ အချက်အလက်တွေကို အမျိုးမျိုးပေါင်းစပ်ကြည့်ဖို့ ကြိုးစားတတ်ကြပါတယ်။
- အလှအပကို သိရှိခံစားလွယ်ပြီး အလှအပတန်ဖိုးကိုလည်း အလေးထားတတ်ကြပါတယ်။
- အာရုံအမျိုးမျိုးကို ဟန်ချက်ညီညီ အသုံးချပြီး သူမတူတဲ့ ဖြေရှင်းချက်တွေကို ဖော်ထုတ်နိုင်ကြပါတယ်။

AQ (Adversity Quotient)
-------------------------------
AQ ကတော့ လူသားတွေရဲ့ကိုယ့်အားကိုယ်ကိုးနိုင်စွမ်း၊ ရှောင်လွှဲမရအောင် ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ပြီး လှုပ်ရှားရှင်သန်နေထိုင်နိုင်စွမ်းနဲ့ ပတ်သက်ပါတယ်။ စိတ်ဖိစီးမှု၊ ဒုက္ခ၊ စိတ်ဝေဒနာ၊ ၀မ်းနည်း ပူဆွေးမှု စတာတွေကို တုံ့ပြန်တဲ့ ဉာဏ်ရည်ဉာဏ်သွေးဖြစ်ပါတယ်။ အခက်အခဲတွေကြုံလာရတဲ့အခါမှာ စိတ်အေးအေး၊ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တာက AQ ကောင်းမကောင်းဆိုတာနဲ့ ဆက်စပ်နေပါတယ်။

SQ (Spiritual Intelligence)
---------------------------------
SQ ကတော့ ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တန်ဖိုးတွေကို ထိန်းသိမ်းနိုင်စွမ်းနဲ့ ကျွန်တော်တို့ရဲ့ စိတ်ဝိဉာဉ်ကို ဘ၀ ယုံကြည်မှု၊ ရည်မှန်းချက်စတာတွေနဲ့ ချိတ်ဆက်ပေးတဲ့ ဉာဏ်ရည်ဖြစ်ပါတယ်။ ဒီဉာဏ်ရည် ဉာဏ်သွေးကြောင့်ပဲ ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာမှာတန်ဖိုးအရှိဆုံးသတ္တ၀ါတွေလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ SQ ရဲ့အခြေခံ ဉာဏ်ရည်တွေကတော့ Intellectual Quotient (IQ), Emotional Quotient (EQ), Creativity Quotient (CQ) နဲ့ Adversity Quotient (AQ)တို့ပဲ ဖြစ်ပါတယ်။ IQ, EQ, CQ နဲ့ AQ တို့က SQ ကောင်းဖို့ လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။
SQ ကောင်းသူတွေရဲ့ ၀ိသေသလက္ခဏာတွေကတော့ -
- ပြုပြင်ပြောင်းလဲလွယ်ခြင်း
- သည်းခံနိုင်ခြင်း
- မိမိအခြေအနေကို သဘောပေါက်နားလည်ခြင်း
- စိန်ခေါ်မှုတွေကို ချိန်ဆဖြတ်ကျော်သွားနိုင်ခြင်း
- လူမှုရေးအခြေအနေ၊ သဘာဝအခြေအနေတို့ကို နားလည်ပြီး ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်း
- ရည်မှန်းချက်ဖြင့် လွှမ်းမိုးနိုင်ခြင်း
- ကွဲပြားခြားနားသည့်အရာများအကြား ဆက်စပ်မှုကို သိရှိခြင်း
- အားလုံးအတွက် ဟန်ချက်ညီမှုကို မပျက်ယွင်းစေပဲ ထိန်းသိမ်းမြှင့်တင်နိုင်ခြင်း
- အရာအားလုံးနဲ့ပတ်သက်သည့် အခြေခံသိသင့်သိထိုက်သမျှကို မေးမြန်းတတ်ခြင်း
- ဓလေ့ထုံးစံတွေကို ဆန့်ကျင်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

Sunday, November 29, 2015

တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးဖက်ဝင် မဲဇလီပင်လေးများအကြောင်း

မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။ . ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို 'မည်ဇရီပင်' ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့ နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍ အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာ ခဲ့ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး တချို့ကတော့ မဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟုလည်း ကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလ ဟုလည်းကောင်း ခေါ်ဆိုကြပါတယ်။ မဲဇလီဖူး ဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွား တတ် ပါတယ်။ . မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း ချန်ထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထက် ကုန်းဘောင်ခေတ် ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍ သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ ပါပဲ။ တန်ဆောင်မုန်း ဟူသော အရေးအသားကို လေ့လာကြည့်တဲ့ အခါ၊ ပုဂံခေတ် ကျောက်စာများတွင် 'တန်ဆောင်မှုန်' ဟုရေးထိုး၍ တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ 'မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တ ကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း သာခုထင်ရှား' ဟူသော စပ်ဆိုထားခြင်းက တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင်သိရှိ နိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာ ယာဆုံးလတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့ သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်း ကြီးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍ အိပ်စက်လိုက်ရာ တန်ဆောင် မုန်းလဆန်း ၁၂ ရက်မှ နိုးထသဖြင့် တန်ဆောင်မုန်းလကို 'နတ်နိုးလ' ဟု ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ် ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုး ကင်းစင်နေ တာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာ တစ်စုံထွန်းလင်း နေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေး များလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။ . မဇ္ဈိမဒေသမှလာတဲ့သာရ ကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင် အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြသည်ဟုဆိုပါတယ်။ ဒါကြောင့် ထို အချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင် ခြင်းဟာ အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင် ပါတယ်တဲ့။ ထိုသို့ စီရင်ရာမှာလည်းလမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာ အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ်စားသုံးပေးသွားရမှာပါ။ ဤသို့ စားသုံးလျှင် ရုပ်ရည် အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် စေကြောင်း၊ ဘုန်းကြီး၍ ဥာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။ ဒါ ကြောင့်လည်း တန်ဆောင်းမုန်းလပြည့်နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့ သတ် မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေး ဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
 
မဲဇလီနှင့် ကျန်းမာရေး
****************
ရုက္ခဗေဒအမည်အရCassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ်အလေးချိန်ရှိ တဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ သုည ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ ဒသမ သုညမီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅ဝဝ၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို့  အသီးသီးပါရှိကြပါ တယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှား ရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့်steroids တွေလဲ ပါရှိကြပါ သေးတယ်။ . (၁) ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေတာကြောင့် ရှေးတိုင်းရင်း သမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် အိပ် မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှု၊ပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါ တယ်။ . (၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။ . (၃) သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားက နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ . (၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံး ရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါ တယ်။ . (၅) မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတဝိုက်ကွင်းပေးပါ။ . (၆) ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့် ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ် တန့်ပါလိမ့်မယ်။ . (၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကိုဆတူရော၍ သုံးခွက်တစ် ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ . (၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္ထရည်)နှင့် သံပရာရည် ရောစပ် တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်ပါ တယ်။ . (၉) ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာအဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါ တယ်။ . (၁ဝ) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိ သတ္တ ဝါတွေ အကိုက်ခံရပါက၊ မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။ . (၁၁) နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံ ခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။ . (၁၂) အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့ မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်း ပေးပါ။ . (၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။ . (၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်း စေပါတယ်။ . (၁၅) အစာချေစနစ်ကို ကောင်းမွန်စေရုံ သာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။ . (၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကို ဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ပေး ပါတယ်။ . (၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင်အူမကြီးနှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စတဲ့ ကပ်ပါး ကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။ . (၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်း ကျိုးပြုပါတယ်။ . (၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။ . (၂ဝ) မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်း သောဓာတ်များကို လောင်ကျွမ်းစေပါ တယ်။ . (၂၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ် သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ များ မဖြစ်စေနိုင်ပါ။ . (၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေစားသုံး သင့်ပါတယ်။ . (၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီ ဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ ဆိုပါတယ်။ . တန်ဆောင်မုန်းလပြည့်ညမှာ ကာလသား တွေဟာ အိမ်တတာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိ ကြတဲ့ 'ကျီးမနိုးပွဲ' (ဝါ) 'စောရပွဲ' ဟာလည်း ချစ်စရာ့ မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေး ပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ညလေးမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူး သုပ်လေး စားရင်း၊ ရောဂါဘယကင်းဝေးကြပါစေ။

Thursday, October 15, 2015

မိဘဂုဏ်(၁၂)ပါး

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

Thursday, August 27, 2015

တိုင်းရင်းသား (၁၃၅) မျိုး

တိုင်းရင်းသား (၁၃၅) မျိုးကို အပြည့်စုံ တင်ပြလိုက်ပါတယ်...

ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guar
(၆) ခခူ Hkahu
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(၉) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu

ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw

ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)

ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu

ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon

မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။
(၉၅) မွန် Mon

ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet

ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅) ၀ Wa

အားလုံးအတွက်အသုံးတည့်မယ့် လူဦးရေ ( ၁၃၅ ) မျိုးပါ။
အရှင်နာယက ရန်ကုန်ဗုဒ္ဓတက္ကသိုလ် လမ်းဘေးစာသင်ဝိုင်းရန်ကုန်

ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့
ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့...
ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။
ဥပမာပြောရရင် ....
♦ သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
♦ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊
♦ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို
နတ်ပြပေးရတယ်ဆိုတဲ့အချက်၊
♦ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး
မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။


ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ
ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။

ဝါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ
အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ
ဖြစ်လာကြတာကို တွေ့ရပါတယ်။
ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ
လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့
ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။

ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။ ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။

ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အများကြီးပါ။ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သားတို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။ ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာလတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များဝါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်းလှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။

♦ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊
ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့
အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။
ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလိုမျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။

♦ ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို
ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ
အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ
နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့
လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။
သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း
အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။

မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Tuesday, July 7, 2015

ရှေးမြန်မာတို့ ၏ ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ

၁ နှစ်မြောက် = စက္ကူရတု...
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
၇၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = န၀ရတ်ရတု

=======================================
အကြိမ်ရေ ရေတွက်ပုံ

၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿမ
၁၁=ဧကာဒဿမ
၁၂=ဒွာဒဿမ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ

==========================================

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ

တစ်ဆယ် ဆယ်လီ=၁၀၀(တစ်ရာ)

တစ်ရာ ဆယ်လီ=၁၀၀၀(တစ်ထောင်)

တစ်ထောင် ဆယ်လီ=၁၀၀၀၀(တစ်သောင်း)

တစ်သောင်း ဆယ်လီ=၁၀၀၀၀၀(တစ်သိန်း)

တစ်သိန်း ဆယ်လီ=၁၀၀၀၀၀၀(တစ်သန်း)

တစ်သန်း ဆယ်လီ=၁၀၀၀၀၀၀၀(တစ်ကုဋေ)

ကုဋေပေါင်း သိန်းတစ်ရာ=တစ်ပကောဋိ

ပကောဋိပေါင်း သိန်းတစ်ရာ=တစ်ကောဋိပကောဋိ

ကောဋိပကောဋိပေါင်း သိန်းတစ်ရာ=တစ်နဟုတ

နဟုတပေါင်း သိန်းတစ်ရာ=တစ်နိန္နဟုတ

(ဤမျှလောက်ကိုသာလျှင် သင်္ချာတတ်သော လောကီပုဂ္ဂိုလ်တို့ ရေတွက်နိုင်သည်။ဤထက်အလွန်ကား ဘုရား၊
ရဟန္တာတို့မှသာ ရေတွက်နိုင်သည်။)

နန္နဟုတ တစ်သိန်းတို့၏ တစ်ရာ=တစ်အက္ခောဘိဏီ

အက္ခောဘိဏီ တစ်သိန်းတို့၏ တစ်ရာ=တစ်ဗိန္ဒု

ဗိန္ဒု တစ်သိန်းတို့၏ တစ်ရာ=တစ်အဗ္ဗုဒ

အဗ္ဗုဒ တစ်သိန်းတို့၏ တစ်ရာ=တစ်နိရဗ္ဗုဒ

Credit - Myanmar Sar

Thursday, March 19, 2015

သင်္ကြန်အကြောင်း သိကောင်းစရာ

သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေ
အားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။ "ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ " သင်္ကြန္တ" တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ် ဆိုကြခြင်း ဖြစ်ပါ၏ ။

သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေ ရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့
သင်္ကြန်၊ ထိုင်း တို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊
လာအို တို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင် လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်
ကူး ပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်။


သင်္ကြန်အကျဉ်း ဆိုလိုရင်း
 အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်
ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်း
တစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို
အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။ ဒီိတော့သင်္ကြန်ဆိုတာပြောင်းလဲ
ခြင်း၊ ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။


သင်္ကြန် အကျယ် သိမှတ်ဖွယ်
သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ် ။ ဒါကြောင့်
အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ် ။
ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့ အဿဝနီ နက္ခတ် ပထမ ပတ်သို့ စတင်ဝင် ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည်ဝင်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။

စူဠ မဟာ သင်္ကြန်အခါ
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယင်း ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။ ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့် နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ်ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်" ဟု ၎င်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟု ၎င်း အလေး အမြတ်ပြုမှတ်သားလျက် သင်္ကြန်ပွဲတော်ကို ဆင်နွှဲ ကျင်းပ ကြပါတယ် ။ ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ် အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ် သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ်

သင်္ကြန် ကြို..အကျ ...အယူ အဆ
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။
သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆို သော နေ့ကိုတော့ "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။

သင်္ကြန်ကျရက် ဤသို့တွက်
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်
အတက် ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ ပင်
ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂
မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။


သင်္ကြန်ပုံပြင် ဖတ်လိုလျှင်
တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း သိကြား မင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။ ထို့နောက် ရှုံးတဲ့သူက ခေါင်းဖြတ် ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံး အဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက် သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်း ကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။ ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်းလက် ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်း စဉ်းစားမိသည်မှာ...။ မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာ မီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွား လိမ့် မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင်တစ်ယောက်ကြ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်အပ်နှံပေးထားလိုက်ပါတော့သတဲ့ ။ ထို နတ်သမီးတွေ ရဲ့တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက် ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့....။ မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာ လည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။ ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။

မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်က
ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း
လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲ
အောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာလုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။ အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက်မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ် ။သင်္ကြန် အစ၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ....။

ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော်ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင်
ရုဒံ = ငိုကြွေးခြင်းကိုသော် ၎င်း၊
မေထုနဉ္စ = မေထုံမှီဝဲခြင်းကိုသော် ၎င်း၊
မံသံ = ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော် ၎င်း၊
သူရ = သေရည်သေရက်သောက်ခြင်း ကို သော် ၎င်း၊
ကောဓောစ = အမျက်ထွက်ခြင်းကိုသော် ၎င်း၊
ရုဓံ = သွေးထုတ်ခြင်းကို သော် ၎င်း၊
တေလိကံ = ဆေးဆီလိမ်းခြင်းကိုသော် ၎င်း၊
နကေရ- မပြုရာ၊ မရောင်း အပ်။ ဣမာနိဒသ ကမ္မာနိ- ဤသို့ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ-
သိကြားမင်း သော်၎င်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။

မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ
 (၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
 (၂) လိင်ဆက်ဆံခြင်း။
 (၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
 (၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
 (၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
 (၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
 (၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
 (၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
 (၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
 (၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်...။

ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင်
မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်
သားရပါတယ်....။ ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင် ထား၊ မြင်းမိုရ် ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန်အလိုတည်း”

အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။ ဒါကြောင့်သင်္ကြန်အတွင်းမှာ မကောင်းသော အပြု အမူ အပြောအဆို အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။

သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို
သုံးစွဲ နေတာကို တွေ့ရပါမယ် ။ "အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့်
"အန္တ-အဆုံး "ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။ ယင်းအလို အားဖြင့်
"အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်

အတာရက်ကို ဤသို့ဆို
 "အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်
ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။ ဒါကိုပင် အတာစားသည်
ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။

အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။
"အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ် သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထား တာတွေ လေ့လာ ဖတ်ရှု့ရပါတယ်

အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာ ရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..။

အတာအိုး အတာပန်း
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇) ရက်သား သမီး တို့အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်စေ ရေပြည့်အိုးမှာထည့်ကြလေ့ရှိပါတယ် ။
စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊
သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာကိုယ်
စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ် .။

ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ် ။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။ ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရသည်။ အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။ သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။

(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)

သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ
ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂ
လာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ ကြပါ တယ် ။ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါအတိုင်း ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်

"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။
ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်း
သို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊
လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။

တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုး
တို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။ သတ
သဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
 ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင်
သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်...။

နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်းလဲ ခြင်းလို့ နားလည်ခဲ့ရပါပြီ .. ဒီ ပြောင်းလဲ ခြင်းဟာဘယ်တော့
မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...။ ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင်ကျင်လည်ခဲ့ ရအုံး
မယ်ဆိုရင်ဖြင့် နိမ့်တုံတခါ မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော် ရုံနဲ့အဆုံးမသတ်
နိုင်တော့ ဘူးလို့ တွေးမိပါတယ်....

လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ
တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွား တတ်
ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကို
သိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကိုသာ မိမိနဲ့ တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်...။

ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့တစ်နေရာ
တည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့ ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ
..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည်စသည် ဖြင့် ပြောင်းရွှေ့
ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ
အထိ ပြောင်းရွှေ့ရအုံးမယ်..

သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲ
ချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား...တန်ဖိုးကြီးပြီး မြင့်မြတ်
သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော
ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား...။

ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း
နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်
ကောင်းမှု့တွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်
တွေကို နှစ်ခဲ့ ကြပါစို့လား ... နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်
လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ..။

မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ ။
ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)

မှတ်ချက်။ ။ သင်္ကြန်နီးလာတော့ သင်္ကြန်ပို့လေးရေးချင်မိတယ်(သူများတွေအားကျလို့ :P)... ရေးသာရေး
ချင်တာ ဘာမှထွက်မလာဘူး... သင်္ကြန်ရဲ့ အကြောင်း(သမိုင်းကြောင်း)လေးလည်းသေချာသိချင်တာမို့အွန်လိုင်းမှာ ရှာကြည့်ပါစေသော်လည်းမတွေ့(ကိုယ်တိုင်ကလည်းညံ့ပါတယ်။ စာရေးရမှာလည်းပြင်းတော့
ကော်ပီလုပ်ပြီးတင်ချင်လို့ရှာတာ လိုချင်တာမရဘူး)... ဒါကြောင့် အရှင်နန္ဒ၀ံသ ရေးထားတဲ့ဆောင်းပါး
လေးကို ပြန်လည်ရေးသားတင်ပြလိုက်ပါတယ် ခင်ဗျာ... ။

ရာဇာထွေး

Friday, March 28, 2014

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များ

၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း
၂။ ဘားလမ်း (Barr Street ) = မဟာဗန္ဓုလပန်းခြံလမ်း
၃။ လွစ္စ်လမ်း (Lewis Street) = ဆိပ်ကမ်းသာလမ်း
၎။ ဖယ်ရာလမ်း (Phayre Road) = ပန်းဆိုးတန်းလမ်း
၅။ မဂိုလမ်း (Mogul Road) = ရွှေဘုံသာလမ်း
၆။ ကာနယ်လမ်း (Canal Street) = အနော်ရထာလမ်း (လမ်းမတော် ကျုံကြီးနား)
၇။ ဖရေဇာလမ်း (Fraser Road) = အနော်ရထာလမ်း (ကျောက်တံတား၊ ပန်းဘဲတန်းအနီး မြို့လယ်ခေါင်)
၈။ စထရန်းလမ်း (Strand Road) = ကမ်းနားလမ်း
၉။ စပတ်လမ်း (Sparks Road) = ဗိုလ်အောင်ကျော်လမ်း
၁၀။ သော်မဆင်လမ်း (Thompson Road) = ဗိုလ်တထောင်ဘုရားလမ်း
၁၁။ မောင်ထော်လေးလမ်း (Maung Htaw Lay Street) = ဗိုလ်ဆွန်ပက်လမ်း
၁၂။ ကော်မရှင်နာလမ်း (Commissioner's Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်ဆေးရုံကြီးရှေ့လမ်း)
၁၃။ မောင့်ဂိုမာရီလမ်း (Montgomery Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း
၁၄။ ဘဂိုးဒါးလမ်း (Pagoda Road) = ရွှေတိဂုံဘုရားလမ်း
၁၅။ အက်ဒွပ်လမ်း (Edward Street) = ကုန်ဈေးတန်းလမ်း
၁၆။ ဂေါ်ဒွင်လမ်း (Godwin Road) = လမ်းမတော်လမ်း
၁၇။ ခရစ်လမ်း (Christ Street) = ဗိုလ်မြတ်ထွန်းလမ်း
၁၈။ ယောက်လမ်း (York Street) = ယောမင်းကြီးလမ်း
၁၉။ စတော့ကိတ်လမ်း (Stockade Road) နှင့် ဂျူဒါအီစကယ်လမ်း (Judah Ezekiel Road) = သိမ်ဖြူလမ်း
၂၀။ မောင်ခိုင်လမ်း (Maung Khaing Street) = ဗိုလ်ရွဲလမ်း
၂၁။ ဟယ်လ်ပင်လမ်း (Halpin Road) = ပြည်ထောင်စုရိပ်သာလမ်း
၂၂။ ကင်းဘဲလ်လမ်း (Campbell Road) = ငါးထပ်ကြီးဘုရားလမ်း
၂၃။ ဒတ်ဖရင်လမ်း (Dufferin Road) = စန္ဒကူးလမ်း
၂၄။ ကုတ်ကိုင်းလမ်း (Kokine Road) = ကမ္ဘာအေးဘုရားလမ်း
၂၅။ မဂျစ်လမ်း (Masjid Road) = သမိန်ဗရမ်းလမ်း
၂၆။ လန်ကက်စတာလမ်း (Lancaster Road) = န၀ဒေးလမ်း
၂၇။ မစ်ရှင်လမ်း (Mission Road) = အလုံလမ်း
၂၈။ ပရုမ်းလမ်း (Prome Road) = ပြည်လမ်း
၂၉။ စတီဗင်ဆန်လမ်း (Stevenson Road) = လှည်းတန်းလမ်း
၃၀။ ဗိုးလ်လမ်း (Voyle Road) = ဦးဝိစာရလမ်း
၃၁။ ၀င်ဒါမီယာလမ်း (Windermere Road) = သံလွင်လမ်း
၃၂။ ၀င်ဆာလမ်း (Windsor Road) = ရှင်စောပုလမ်း
 ၃၃။ ကီလီလမ်း = ၀ါးတန်းလမ်း (လမ်းမတော်)
၃၄။ မော်တင်လမ်း = လမ်းသစ်လမ်း (လမ်းမတော်)
၃၅။ စိန်ဂျွန်းလမ်း = မင်းရဲကျော်စွာလမ်း (လမ်းမတော်)
၃၆။ အောလီဖင်းလမ်း = ရွှေတောင်တန်းလမ်း (လမ်းမတော်)
၃၇။ စတီဘင်ဆင်လမ်း = လှည်းတန်းလမ်း (လမ်းမတော်)
၃၈။ လတ္တာလမ်း = လသာလမ်း (လသာ)
၃၉။ ကရစ္စလမ်း = စဥ့်အိုးတန်းလမ်း (လသာ)
၄၀။ ဂွတ္တလစ်လမ်း = ဆရာစံလမ်း (ဗဟန်း)
၄၁။ လင့်ခ်လမ်း = ရွှေဂုံတိုင်လမ်း (ဗဟန်း)
၄၂။ လောင်းဝစ်လမ်း = အင်းယားမြိုင်လမ်း (ဗဟန်း)
၄၃။ ဂွတ္တလစ်ရိပ်သာလမ်း = သာယာဝတီလမ်း (ဗဟန်း)
၄၄။ ၀ိတိုရိယအဲဗင်းနယူးလမ်း = ဂျိုးဖြူလမ်း (ဗဟန်း)
၄၅။ ကင်းဂျော့အဲဗင်းနယူးလမ်း = ကွမ်းခြံလမ်း (ဗဟန်း)
၄၆။ ချင်းချောင်းအဲဗင်းနယူးလမ်း = ကမ္ဘောဇလမ်း (ဗဟန်း)
၄၇။ ရဲဒီယာအဲဇင်းနယူးလမ်း = ၀င်္ကာဘာလမ်း (ဗဟန်း)
၄၈။ ဟာမစ်တစ်လမ်း = သာသနာ့ရိပ်သာလမ်း (ဗဟန်း)
၄၉။ တာဝါလိမ်းလမ်း = ဗိုလ်ချုပ်ပြတိုက်လမ်း (ဗဟန်း)
၅၀။ မောင့်ပုလဲဆင့်လမ်း = ပုလဲလမ်း (ဗဟန်း)
၅၁။ ပတ်လိန်းလမ်း = နတ်မောက်လမ်းသွယ် ၁ လမ်း (ဗဟန်း)
၅၂။ ပတ်အဲဗင်းနယူးလမ်း = နတ်မောက်လမ်းသွယ် ၂ လမ်း (ဗဟန်း)
၅၃။ ကွန်ဘိုကေးရှင်းလမ်း = ဘွဲ့နှင်းသဘင်လမ်း (ကမာရွတ်)
၅၄။ ချန်စလာလမ်း = အဓိပတိလမ်း (ကမာရွတ်)
၅၅။ စိန်ဗင်ဆင့်လမ်း = ဇောတိကလမ်း (ကမာရွတ်)
၅၆။ မာတင်အဲဗင်နယူးလမ်း = ခပေါင်းလမ်း (ကမာရွတ်)
၅၇။ နစ်ကလပ်အဲဗင်းနယူး = နှင်းပန်းလမ်း (ကမာရွတ်)
၅၈။ ပီတာလမ်း = ကြယ်ပြာလမ်း (ကမာရွတ်)
၅၉။ အာတီးယားလမ်း = သီရိမင်္ဂလာလမ်း (ကမာရွတ်)
၆၀။ ကော်ပိုရေးရှင်းလမ်း = စည်ပင်လမ်း (ကျောက်တံတား)
၆၁။ ရှပ်ဇရပ်ဇ်လမ်း = ဘဏ်လမ်း (ကျောက်တံတား)
၆၂။ စိန်မိုက်ကယ်လမ်းကျယ် = မဏိမေခလာလမ်း (ကြည့်မြင်တိုင်)
၆၃။ စိန်မိုက်ကယ် ၁ လမ်း = ရေတွင်းကုန်း ၁ လမ်း (ကြည့်မြင်တိုင်)
၆၄။ စိန်မိုက်ကယ် ၂ လမ်း = ရေတွင်းကုန်း ၂ လမ်း (ကြည့်မြင်တိုင်)
၆၅။ ဝိုင်းလမ်း = သိန္နီလမ်း (ကြည့်မြင်တိုင်)
၆၆။ ဘလုတ်လမ်း = ဗာဒံပင်လမ်း (ကြည့်မြင်တိုင်)
၆၇။ ဟာဂျီ အေ နှင့် ဘီ လမ်း = သရက်တော ၁ လမ်း (ကြည့်မြင်တိုင်)
၆၈။ ဟာဂျီ ၂ လမ်း = သရက်တော ၂ လမ်း (ကြည့်မြင်တိုင်)
၆၉။ ဟာဂျီ ၃ လမ်း = သရက်တော ၃ လမ်း (ကြည့်မြင်တိုင်)
၇၀။ ဟာဂျီ ၄ လမ်း = သရက်တော ၄ လမ်း (ကြည့်မြင်တိုင်)
၇၁။ ကိုတင်းလမ်း = သစ်ခွပန်းလမ်း (ကြည့်မြင်တိုင်)
၇၂။ ချင်းချောင်း ၁ လမ်း = ဒေါန ၁ လမ်း (ကြည့်မြင်တိုင်)
၇၃။ ချင်းချောင်း ၂ လမ်း = ဒေါန ၂ လမ်း (ကြည့်မြင်တိုင်)
၇၄။ ချင်းချောင်း ၃ လမ်း = ဒေါန ၃ လမ်း (ကြည့်မြင်တိုင်)
၇၅။ ချင်းချောင်း ၄ လမ်း = ဒေါန ၄ လမ်း (ကြည့်မြင်တိုင်)
၇၆။ ချင်းချောင်း ၅ လမ်း = ဒေါန ၅ လမ်း (ကြည့်မြင်တိုင်)
၇၇။ ဘောဂါတန်းလမ်း = ဘောဂလမ်း (ကြည့်မြင်တိုင်)
၇၈။ ဝင်ဆာလမ်း = ရှင်စောပုလမ်း (စမ်းချောင်း)
၇၉။ ဟုမ်းလမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၀။ အင်းနစ်လမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၁။ ကာလီမာလမ်း = မဟာဘောဂလမ်း (စမ်းချောင်း)
၈၂။ ခရစ်ရှနာလမ်း = ရန်ကင်းလမ်း (စမ်းချောင်း)
၈၃။ ဂုရုလမ်း = သုခမိန်လမ်း (စမ်းချောင်း)
၈၄။ စုပရာမန်းနီးလမ်း = ရတနာလမ်း (စမ်းချောင်း)
၈၅။ စူရတီပန်းခြံလမ်း = ပန်းခြံလမ်း (စမ်းချောင်း)
၈၆။ ဒူဗလီလမ်း = မြေနီကုန်းဈေးလမ်း (စမ်းချောင်း)
၈၇။ နာသာလမ်း = မြဝတီလမ်း (စမ်းချောင်း)
၈၈။ မော်ဂင်ဝတ်လမ်း = ဓမ္မာရုံလမ်း (စမ်းချောင်း)
၈၉။ မူဆာကြီးလမ်း = အောင်တော်မူလမ်း (စမ်းချောင်း)
၉၀။ မဟာမက်ပတေးလမ်း = စေတနာလမ်း (စမ်းချောင်း)
၉၁။ မူလာအီစမန်လမ်း = ပဒေသာလမ်း (စမ်းချောင်း)
၉၂။ မဒရာစာလမ်း = ဗိုလ်မိုးလမ်း (စမ်းချောင်း)
၉၃။ ယူနီယံလမ်း = ပြည်ထောင်စုလမ်း (စမ်းချောင်း)
၉၄။ ရှောလမ်း = ခတ္တာလမ်း (စမ်းချောင်း)
၉၅။ ရစ်ရှီလမ်း = သပြေညိုလမ်း (စမ်းချောင်း)
၉၆။ လက်ချမီးလမ်း = သုခလမ်း (စမ်းချောင်း)
၉၇။ အင်ဂလန်မင်လမ်း = သီရိမင်္ဂလာလမ်း (စမ်းချောင်း)
၉၈။ အလဝါလမ်း = သော်တာလမ်း (စမ်းချောင်း)
၉၉။ ဂျိုးဇက်လမ်း = မြန်မာ့ဂုဏ်ရောင်လမ်း (တာမွေ)
၁၀၀။ ဂေါ်ဒွင်လမ်း = မြို့မကျောင်းလမ်း (ဒဂုံ)
၁၀၁။ စင်ဂနယ်ပဂိုးဒါးလမ်း = အလံပြဘုရားလမ်း (ဒဂုံ)
၁၀၂။ ဘောင်ဒရီလမ်း = ဓမ္မစေတီလမ်း (ဒဂုံ)
၁၀၃။ စတီးဝပ်လမ်း = မော်ကွန်းတိုက်လမ်း (ဒဂုံ)
၁၀၄။ ဆင်းဒဝစ်လမ်း = နတ်သျှင်နောင်လမ်း (ဒဂုံ)
၁၀၅။ ဆင်မဆင်လမ်း = ပန်တျာလမ်း (ဒဂုံ)
၁၀၆။ လင့်ခ်လမ်း = သံတမန်လမ်း (ဒဂုံ)
၁၀၇။ ထရန်စပို့လမ်း = အာဇာနည်လမ်း (ဒဂုံ)
၁၀၈။ နယူးလင့်လမ်း = စကားဝါလမ်း (ဒဂုံ)
၁၀၉။ လင်တက်စတာလမ်း = နဝဒေးလမ်း (ဒဂုံ)
၁၁၀။ လီဒီစလမ်း = ခရေပင်လမ်း (ဒဂုံ)
၁၁၁။ ဝင်ဒါမီယာအောက်လမ်း = ချင်းတွင်းလမ်း (ဒဂုံ)
၁၁၂။ ဝင်ဒါမီယာကုတ် = ရွှေလီလမ်း (ဒဂုံ)
၁၁၃။ ဝင်ဒါမီယာဂါးဒင်း = ဥယျာဉ်လမ်း (ဒဂုံ)
၁၁၄။ ဝင်ဒါမီယာပတ်ခ် = ဇော်ဂျီလမ်း (ဒဂုံ)
၁၁၅။ ဝင်ဒါမီယာကရဲဆင့်လမ်း = ပန်းဝါလမ်း (ဒဂုံ)
၁၁၆။ ကဲင့်လမ်း = စမုံလမ်း (ဒဂုံ)
၁၁၇။ ချပ်ခ်ျလမ်း = အိမ်တော်ရာလမ်း (ဒဂုံ)
၁၁၈။ ဇဖါးရှားလမ်း = ဇီဝကလမ်း (ဒဂုံ)
၁၁၉။ ဖရေဇာလမ်း = တော်ဝင်လမ်း (ဒဂုံ)
၁၂၀။ ဖော်ဆိုက်လမ်း = ကင်းဝန်မင်းကြီးလမ်း (ဒဂုံ)
၁၂၁။ ဘဒ်လမ်း = ပဒုမ္မာလမ်း (ဒဂုံ)
၁၂၂။ လှိုက်လမ်း = မင်းကျောင်းလမ်း (ဒဂုံ)
၁၂၃။ လော့ဖို့ဒ်လမ်း = စွယ်တော်လမ်း (ဒဂုံ)
၁၂၄။ အီဒင်လမ်း = ဗိုလ်တထောင်ဈေးလမ်း (ပုဇွန်တောင်)
၁၂၅။ ကေလမ်း = ကရမက်လမ်း (ပုဇွန်တောင်)
၁၂၆။ ကိတ်လမ်း = ကြာညိုလမ်း (ပုဇွန်တောင်)
၁၂၇။ ဂျေလမ်း = နံသာဖြူလမ်း (ပုဇွန်တောင်)
၁၂၈။ နေကရွန်းလမ်း = နေကြာလမ်း (ပုဇွန်တောင်)
၁၂၉။ ပို့ကော်မရှင်နာလမ်း = ရေဝန်လမ်း (ပုဇွန်တောင်)
၁၃၀။ ဟိဝ်လမ်း = စိန်ခြယ်လမ်း (ပုဇွန်တောင်)
၁၃၁။ လင်းစဒေါင်းလမ်း = ရာဇဓိရာဇ်လမ်း (ဗိုလ်တထောင်)
၁၃၂။ ကလပ်လမ်း = ၅၅ လမ်း (ဗိုလ်တထောင်)
၁၃၃။ တင်းပယ်လ်လမ်း = ဝတ်ကျောင်းလမ်း (ဗိုလ်တထောင်)
၁၃၄။ ဒပ်ဖရင်လမ်း = စန္ဒကူးလမ်း (ဗိုလ်တထောင်)
၁၃၅။ မေရိုးလမ်း = မေယုလမ်း (ဗိုလ်တထောင်)
၁၃၆။ သွန်မဆင် ပထမရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၁ လမ်း (ဗိုလ်တထောင်)
၁၃၇။ သွန်မဆင် ဒုတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၂ လမ်း (ဗိုလ်တထောင်)
၁၃၈။ သွန်မဆင် တတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၃ လမ်း (ဗိုလ်တထောင်)
၁၃၉။ သွန်မဆင် စတုတ္ထရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၄ လမ်း (ဗိုလ်တထောင်)
၁၄၀။ ဟိဇယ်ဝတ်လမ်း = ဧရာမြိုင်လမ်း (ဗိုလ်တထောင်)
၁၄၁။ အဒမိမ်ဆင်လမ်း = ၅၄ လမ်း (ဗိုလ်တထောင်)
၁၄၂။ ဂရန့်လမ်း = ကြာဖြူလမ်း (ဗိုလ်တထောင်)
၁၄၃။ ဘက်ထရီလမ်း = ဝရစိန်လမ်း (ဗိုလ်တထောင်)
၁၄၄။ လစ်ဖိလမ်း = မီးပြလမ်း (ဗိုလ်တထောင်)
၁၄၅။ အယ်လ်ဂျင်လမ်း = ဧကရာဇ်လမ်း (ဗိုလ်တထောင်)
၁၄၆။ ဘရွတ်ကင်းလမ်း = ဗိုလ်ကလေးဈေးလမ်း (ဗိုလ်တထောင်)
၁၄၇။ စပတ်လမ်း = ဗိုလ်အောင်ကျော်လမ်း (ဗိုလ်တထောင်)
၁၄၈။ ကနေဒီလမ်း = ဦးအောင်မြတ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၄၉။ ကင်းအက်ဒွပ်အဲဗင်းနယူး = ဗိုလ်မင်းခေါင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၀။ လစ်ကင်းလံစစ်စတားလမ်း = ဒေါ်သိန်းတင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၁။ အီဗင်ဆင်လမ်း = မြယာကုန်းလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၂။ ဘိုးလိန်းလမ်း = ဗညားဒလလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၃။ စိန်အန်ထော်နီလမ်း = ဦးဖိုးကျားလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၄။ နီကိုလ်းလမ်း = ငမိုးရိပ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၅။ မတ္တရီကာလမ်း = သစ္စာလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၆။ အဲရိုးလိန်းလမ်း = နောင်ရိုးလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၇။ သမိုင်းလင့်ခ်လမ်း = ကျိုက်ဝိုင်းဘုရားလမ်း (မရမ်းကုန်း)
၁၅၈။ ဒူးဘန်းလမ်း = မေလိခလမ်း (မရမ်းကုန်း)
၁၅၉။ ယာဒီလမ်း = သလ္လာဝတီလမ်း (မရမ်းကုန်း)
၁၆၀။ ကိုဟင်းလမ်း = ရွက်လှလမ်း (မရမ်းကုန်း)
၁၆၁။ ကရ်စ်ခ်လမ်း = သိင်္ဂီလမ်း (သင်္ဃန်းကျွန်း)
၁၆၂။ ချန်စဖို့လမ်း = အောင်သီရိလမ်း (သင်္ဃန်းကျွန်း)
၁၆၃။ စော်လမွန်လမ်း = ဥယျာဉ်လမ်း (သင်္ဃန်းကျွန်း)
၁၆၄။ တင်းပယ်လ်လမ်း = ဘောဂလမ်း (သင်္ဃန်းကျွန်း)
၁၆၅။ ကာပင်တိုင်လမ်း = ယုဇနလမ်း (သင်္ဃန်းကျွန်း)
၁၆၆။ ပနဒီယာလမ်း = သော်ကလမ်း (သင်္ဃန်းကျွန်း)
၁၆၇။ ဘာတာဖီလ်းလမ်း = နှင်းဆီကုန်းလမ်း (သင်္ဃန်းကျွန်း)
၁၆၈။ ဘတ်စ်လမ်း = မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၆၉။ မဟူရာဂျာလမ်း = မဟာမြိုင်လမ်း (သင်္ဃန်းကျွန်း)
၁၇၀။ ရှီမူရမ်လမ်း = အောင်မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၇၁။ ရမ်းမင်းလမ်း = ယုဝလမ်း (သင်္ဃန်းကျွန်း)
၁၇၂။ ဝိတိုရိယလမ်း = ရတနာလမ်း (သင်္ဃန်းကျွန်း)
၁၇၃။ ဝီလျံလမ်း = သီတာအေးလမ်း (သင်္ဃန်းကျွန်း)
၁၇၄။ ဟာဒင်လမ်း = အောင်သုခလမ်း (သင်္ဃန်းကျွန်း)
၁၇၅။ ဟာမစ်ရှင်လမ်း = ဟင်္သာတလမ်း (သင်္ဃန်းကျွန်း)
၁၇၆။ အဗူးကေတဘာလမ်း = ကြိုးစက်ရုံလမ်း (သင်္ဃန်းကျွန်း)
၁၇၇။ အားနိုလ်းလမ်း = ပြည်တော်သာလမ်း (သင်္ဃန်းကျွန်း)
၁၇၈။ ကောလိပ်လမ်း = သခင်မြပန်းခြံလမ်း (အလုံ)
၁၇၉။ ကူရှင်လမ်း နှင့် အနောက်လမ်း = အောင်ရတနာလမ်း (အလုံ)
၁၈၀။ ဆူပါပင်လမ်း = ငုဝါလမ်း (အလုံ)
၁၈၁။ ဖူးကားလမ်း = စကားစိမ်းလမ်း (အလုံ)
၁၈၂။ ဖိုက်ခ်ျလမ်း = ရှမ်းလမ်း (အလုံ)
၁၈၃။ ချန်းမာဖီလမ်း = နှင်းဆီလမ်း (အလုံ)
၁၈၄။ စတားရက်လမ်း = နွယ်သာကီလမ်း (အလုံ)
၁၈၅။ နော်မန်ကျောင်းလမ်း = နံ့သာလမ်း (အလုံ)
၁၈၆။ ဖွိုင်လမ်း = ရန်ပိုင်လမ်း (အလုံ)
၁၈၇။ ဘင်တန်လမ်း = သီတာလမ်း (အလုံ)
၁၈၈။ ဆရာမတ်ကြီးလမ်း = ဝေဘာဂီလမ်း (အလုံ)
၁၈၉။ ပိုင်းလမ်းဖြတ်လမ်း ၁ = သိန္နီဖြတ်လမ်း ၁ လမ်း (အလုံ)
၁၉၀။ ပိုင်းလမ်းဖြတ်လမ်း ၂ = သိန္နီဖြတ်လမ်း ၂ လမ်း (အလုံ)
၁၉၁။ ပိုင်းလမ်းဖြတ်လမ်း ၃ = သိန္နီဖြတ်လမ်း ၃ လမ်း (အလုံ)
၁၉၂။ ဖရင်ကလင်လမ်း = သဇင်လမ်း (အလုံ)

Sunday, March 2, 2014

ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်...
... Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး

Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ )
beet root - မုန်လာဥနီ ( အလုံး ပုံ )
White radish / turnip - မုန်လာဥဖြူ အကြီး။
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ ( တရုပ် )
White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် )
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး

capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ။
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်။
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး။
Cinnamon bark - သစ်ဂျပိုးခေါက်။
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား။

salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf -ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း။
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley- တရုပ်နံနံ
coriander leaf/ seeds - နံနံရွက်။ နံနံပင်။
mustard seeds - မုန့်ညင်းစေ့။
mustard leaf - မုန့်ညင်းရွက်။
mint - ပူစီနံ။
tamarind - မန်ကျည်းသီး။
turmeric powder - နနွင်းမှုန့်။
saffron - ဂုန်မာန်။
 
Credit to - Amara Learning Center

Thursday, February 27, 2014

ကုန်းဘောင်မင်း ၁၁-ဆက်


ကုန်းဘောင်မင်း ၁၁-ဆက်။ ။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀, တိုင်အောင် သာကီနွယ်ရိုး သတိုး အဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်ဖြစ်သော ဟံသာဝတီပါမင်းတရားကြီး
လက်ထက် ရတနာပူရ အ၀နေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေ ဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ်
ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော "ဂဗ္ဘေ"ဓါတ်ရိုက်၍ "ကုန်းဘောင်" မြို့တော်ဟု သမုတ်လေသည်၊ ထိုသည့် ကုန်းဘောင်မင်း ၁၁-ဆက်တို့ကို အကျဉ်းမျှပြအံ့။
(၁) ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့်
၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ် ဟူသေး၏။)
(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း၊ နောင်တော်ကြီးလည်းခေါ် မဟာနန္ဒ
ကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပ၀ရ ဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်တော် ဦးလောက်။
(၃) ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အ၀မြို့တည်၊ ဆင်ဖြူ
ရှင်မင်းတရား၊ သီရိပ၀ရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော် ၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ ဒုတိယသားတော်၊ငယ်မည် ဦးရွ။
(၄) သားတော် စဥ့်ကူးမင်း မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ်
၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။
(၅) ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ "နောင်တော်ကြီးဘုရား၏သားတော်" ငယ်မည် မောင်မောင်။
(၆) ဘိုးတော် ပဒုံမင်းခေါ် ဘိုးတော်ဦးဝိုင်းခေါ် ဆင်ဖြူများရှင်မင်းတရားကြီးခေါ် ဘိုးတော်
ဘုရားခေါ် အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပ၀ရ၀ိဇယာနန္တ ယသတြိ ဘ၀နာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။
(၇) ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထ
အ၀မြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘ၀နာဒိတျ ပ၀ရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့
တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
(၈) ညီတော် သာယာဝတီမင်း ကုန်းဘောင်မင်းလည်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာ
အမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပ၀ရာဒိတျ လောကာဓိပတိ ၀ိဇယ မဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
(၉) သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပ၀ရ
မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ
မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင်မင်းတရားကြီး သိရီပ၀ရ ၀ိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။
(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊
သိရီပ၀ရ ၀ိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ကုလားဖြူတို့က မင်းနှစ်ပါးဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး သိမ်းပိုက်ကြီးစိုးလျက် မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘ၀ထားကာ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။
 
ဖျာပုံတိုက်သစ်ဆရာတော်

Saturday, February 22, 2014

မြန်မာစကားပုံများ (က မှ အ အထိ)

မြန်မာစကားပုံများ (က မှ အ အထိ)
=====================

က
...
၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”

၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”



၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်”


၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”



၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”



၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရိုးသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ၀င်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”



၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”



၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီးလောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”



၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”



၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”



၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”



၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊ တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.ကားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”



၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”



၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”



၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”



၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”



၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”



၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”



၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”



၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”



၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”



၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”



၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"

Saturday, November 9, 2013

လူတွေ မသိတဲ့ စုဘုရားလတ်ရဲ့  အတွင်းရေးအကြောင်း



စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား.. လင်ကို အ...ရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား... ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦ ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား... ♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား... ♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား... ♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား... ♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား... ♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား... ♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား... ♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား... ♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား... ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော... ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ... ၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။ ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။ အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ... သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့..... လေးစားတယ်ဗျာ...

Monday, October 14, 2013

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁။ အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ်ကို မိမိ လိမ်လည် နေ ခြင်းဖြစ်သည်။

၎။ အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။
...
၅။ အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျ ဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အား ငယ်မှု ဖြစ်သည်။

၈။ အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ် သည်။

၉။ အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။်ကိုယ်ပိုင်အနာဂတ် မျှော်လင့် ချက်ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်း မွန်ခြင်းဖြစ်သည်။

၁၁။ အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေး သံသရာဖြစ်သည်။

၁၂။ အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံနိုင်စွမ်းရှိသော စိတ်ဓာတ် ဖြစ်သည်။

၁၃။ အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။ အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

( ဗုဒ္ဓ စာပေ...မှ )