အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

ဒေါ်စုခင်ပွန်း ပရော်ဖက်ဆာမိုက်ကယ်အဲရစ် ရဲ့ပုံရိပ်လွှာ



သြော် ဒီလမ်းပေါ်မှာလျှောက်တတ်သူတစ်ဦး၊ မြန်မာပြည်ကို လွမ်းနေတဲ့၊မြန်မာပြည်က ချစ်တဲ့သူကို လွမ်းနေတဲ့ သူတစ်ဦးဟာ ကုလားအုတ်စီးကရက်ကို တလိပ်ချင်းဆက်ဖွာရှိုက်ရင်း လိပ်ပြာလွင့်နေတဲ့ သူတစ်ယောက်လို ဟောဒီ လမ်းမပေါ်မှာ လျှောက်လာတတ်တာ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်မ မြင်ယောင်မိပါပြီ။ တိဗက်ယဉ်ကျေးမှု ကျွမ်းကျင်ပညာရှင်စိန့်အန်တိုနီကောလိပ်(St Antony’s College) ရဲ့ အဲဒီ ပရော်ဖက်ဆာဟာ ဒီလမ်းပေါ်မှာ မြန်မာပြည်သူ ကျွန်မနဲ့ ဆုံရင်တော့ သတိဝင်လာသလို ဝမ်းသာအားရ ယဉ်ကျေးလှစွာ၏ နှုတ်ဆက်ရှာရဲ့။

ပြီးတော့ ကျွန်မကို ပြောရှာတဲ့၊သူတတ်တဲ့ မြန်မာစကားလေးကလည်း ဘယ်လောက်အားရှိဖို့ ကောင်းသလဲ။သူ့စိတ်ရင်းကို ဘယ်လောက်တောင် ဖော်ပြသလဲ။ ‘ဘာပဲဖြစ်ဖြစ် ပြေးလာခဲ့နော်’ တဲ့။ သူပြေးလာခိုင်းတဲ့ သူ့အိမ်ဟာ အောက်စဖို့ဒ်မြို့လေး ရဲ့ အမှတ် ၁၅၊Park Town မှာရှိပါတယ်။ကျွန်မနဲ့ မမကို ဖိတ်ပြီး သူ့အိမ်မှာ လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံခဲ့တာ။
လာပါဦး၊ လာပါဦး.......
တွေ့ရတာ ဝမ်းသာလိုက်တာ................
ကော်ဖီ သောက်မလား၊ လက်ဖက်ရည်ပဲလား..............

သူတတ်သမျှ မြန်မာ စကားလေးတွေနဲ့ ဧည့်ခံနေရှာတဲ့ ပရော်ဖက်ဆာဟာ စိတ်ရင်း သဘောထား ပြည့်ဝသူ တစ်ယောက်ဆိုတာ ကျွန်မ သိနေသလိုပါပဲ။
ဒီမှာကြည့်ပါဦးတဲ့..
မမနဲ့ ကျွန်မကို သူက ပြရှာတယ်။
အိပ်ခန်းထဲမှာ ပန်းချီကားတစ်ချပ်၊အိပ်ယာတစ်ခု၊ခေါင်းအုံးတစ်လုံး.... သူက ချစ်တဲ့သူရဲ့ (တရုတ်ပန်းချီဆရာ လက်ရာ)
ပန်းချီကားကြီးကို ခေါင်းရင်းမှာထောင်လို့။
ကျွန်မက မျက်ရည်ကျတော့ သူက မျက်ရည်စတွေနဲ့ ‘မငိုပါနဲ့၊ မငိုပါနဲ့၊ သူ့အတွက် ဝမ်းမနည်းပါနဲ့၊

She is still going strong’ ပါတဲ့။ ပြီးတော့မှ ‘When, When ဘယ်တော့လဲ၊ဘယ်တော့လဲ’ တဲ့။ဧည့်ခန်းက ဘုရားပန်းတွေ ဝေနေအောင် ထိုးထားတဲ့ ကြည်ညိုစရာ ဘုရားစင်လေးကိုငေးကြည့်ရင်းမျက်ရည်ဝေရုံကလွဲလို့ ကျွန်မက ဘာများဖြေနိုင်မှာတဲ့လဲ။ချစ်တဲ့သူနဲ့ သူဒီတစ်ခါပြန်တွေ့ ပြီးရင်တော့ ဘုန်းကြီး ဝတ်တော့မတဲ့.....
သူ့ဘေးနားက သားငယ်ကလေး ‘ကင်’ ရဲ့(မြန်မာပြည်မိခင်ဒေါ်စုကိုလာတွေ့သူ )
မျက်လုံးစိမ်းလေးတွေကို လည်း ကျွန်မမှာ သနားအားနာလှပါရဲ့။
အို- ကျွန်မ မတွေးချင်ပါဘူး။
သူ့အတွက် ကျွန်မ ဆုတောင်းမပြည့်ခဲ့ပါဘူး။ကျွန်မတို့တွေ့ဆုံကြ အပြီး ခုနှစ်လအကြာ ၁၉၉၉ ခုနှစ်ရဲ့ နွေဦး မတ်လ နှစ်ဆယ့်ခွန်မှာ၊သူ့ရဲ့အသက် ၅၃နှစ်မြောက် မွေးနေ့မှာတော့ သူ့ချစ်တဲ့သူကို မြန်မာပြည်သူလူထု သန်းငါးဆယ်ကျော်ရဲ့ လက်ထဲကိုစိတ်ချလက်ချအပ်နှံလို့ ဘယ်တော့မှ ပြန်မလာနိုင်တဲ့ခရီးဆီကို ထွက်ခွာသွားခဲ့ရှာပါပြီ။

နုနုရည်(အင်းဝ)

No comments: