အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Thursday, September 26, 2013

မေမေ့မှာတမ်း


 
မေမေ့ဆီက မှာတမ်းတစ်ဆောင်ရောက်လာတယ်။ စာရေးသူနိုင်ငံရပ်ခြားကို ထွက်လာပြီးအလုပ်လုပ်ခဲ့သမျှ မေမေ့နဲ့ညီအကိုမောင်နှမများအတွက်ကို အဓိကထားလုပ်ကိုင်ခဲ့တာပါ။ လုပ်သမျှငွေလေး၊ စုဆောင်းရသမျှလေးတွေကို မပျောက်ပျက်အောင်ဆိုပြီးတော့ မြေကွက်တစ်ကွက်ဝယ်ဖို့အကြောင်းလေးရေးပေးလာတော့.. အရင်ဆုံးဝမ်းသာရတာက.. မေမေ့လက်ရေးလေးတွေကို မြင်လိုက်ရတာဘဲ။ မေမေ့လက်ရေးတွေကိုလေ ကျနော်အရမ်းဖတ်ချင်တာ.. ကျနော့်ဘ၀အတွက် အရေးကြီးတဲ့အချက်တွေထဲက တစ်ခုပေါ့။ မေမေ့လက်ရေးမလှမပ မညီမညာ သတ်ပုံမမှန်ပေမယ့်... ကျနော်လေ.. မေမေ့လက်ရေးလေးတွေကို ဘယ်အရာနဲ့မှ... အစားထိုးရမှာမဟုတ်ပါဘူး။ စာရေးသူငယ်စဉ်ဘ၀ကတည်းက ဖခင်ကြီးကွယ်လွန်ရှာတော့... မေမေလုပ်တဲ့သူက သားသမီးတွေရဲ့ ပညာရေး/ကျန်းမာရေး အစစအရာရာ မလစ်ဟင်းရအောင် နေ့ရော ညပါ တာဝန်တွေ ကျေပွန်ခဲ့သူပါ။ အရောင်းအ၀ယ်ကို ဦးစားပေး လုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပေမယ့် လယ်ယာလုပ်ငန်းကိစ္စတွေကိုလည်း မလစ်ဟင်း စေခဲ့သူပါ။ အများတကာ လယ်/ယာ/ချောင်း လုပ်ကိုင်ရမယ့်အချိန်တွေဆို ရှေ့တန်းကနေ ဦးအောင် လုပ်လိုက်ရမှ ကျေနပ်သူကြီး။ အရောင်းအ၀ယ်ကိုလည်း အိမ်မှာ အိမ်ဆိုင်လုပ်ငန်းလေးနဲ့မကျေနပ် ချောင်းတစ်ဘက်မှ တခြားရွာများဆီကို ပါ နေ့ရော ညပါ ရောင်းခဲ့တာ။ စာရေးသူ ငယ်ငယ်ကလေ ... မေမေပြန်လာ ချိန်မိုးချုပ်ချုပ်ကို တခြားရွာအထိ သွားကြိုရတယ်။ ဓါတ်မီးတစ်ဖက် လှံတစ်ဖက်ပေါ့။ မေမေ့စိတ်နဲ့ဆို တော့ အများတကာပြောတဲ့ သရဲတစ္ဆေခြောက်တယ်ဆိုတဲ့ နေရာတွေ ဖြတ်သွားတာတောင် ကြောက်တတ်နိုင်ပါဘူး။ အခုလည်းကြည့်လေ သာသနာရေးလုပ်ငန်းတွေကို လုပ်ချင်ပါတယ်တဲ့။ သားမောင် မနေသာပြီ။ မေမေ့ဆန္ဒ သား ဆန္ဒ ပေါ့။ မေမေက ဘုရားရွှေချ ထီးတော်တင် ချင်တယ်။ ရိပ်သာ ဆောက်ချင်ပါတယ်တဲ့။ သားတော်မောင်ကလဲ ဒါနပါရမီဖြည့်ရတော့မည်။ အဲတော့ အရပ်ကူပါ လူဝိုင်းပါပေါ့။ ရှိစုမယ့်စု သူငယ်ချင်းအပေါင်းအသင်းများကို အလှူခံရတော့ပြီ။ ဒီအတွက်အလှူတော်ငွေ ထည့်ဝင်လှူဒါန်းကြတဲ့ အပေါင်းအသင်းများကိုလည်း စာရေးသူ ဒီနေရာမှနေပြီး အထူးအထူး ကျေးဇူးတင်ပါကြောင်း ပြောကြားအပ်ပါသည်။ အဓိက လှူဒါန်းကြသူတွေထဲမှ PSA, Singapore မှ ညီအကိုများကို ကျေးဇူးတင်ရမှာပါ။ သားတော်မောင်ကလည်း သာသနာရေးလုပ်ငန်းတွေကို စိတ်ဝင်စားတော့ ရဟန်းတက်ပြီ၊ တူတော်မောင်တွေကို ရှင်ပြု/နားသ အလှူတော်မင်္ဂလာကိုပါ ပေါင်းစုလို့ အလှူကြီး ပေးနိုင်ခဲ့ပြီ။ များလူ သာဓုခေါ်စေသော်။

 







 

No comments: