အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Monday, October 14, 2013

ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ

သားရေ
သားလိုအရွယ်အဖေ့ငယ်ဘဝ
ချပြရရင် မယ်မယ်ရရ ဘာမှမရှိပါဘူးကွာ
ပတ်ဝန်းကျင်က အညတရ
မိဘတွေက ဆင်းရဲလှ
အဖေ့ကိုယ်၌က ထုံအအ
အဲဒီလိုနဲ့ လူ့ဘဝကို...
ပုပ္ပါးတောင်ခြေ ကျောက်ပန်းတောင်းဆိုတဲ့
နယ်မြို့လေးက စခဲ့ ။

ခေတ်စနစ်ဆိုးကြီးထဲလူဖြစ်ခဲ့ရတဲ့
ကလေးတစ်ယောက်ဘဝမှာ
အတွေးတွေက ဒွိဟ
ရည်မှန်းချက်က မှုံပြပြ
ပိုင်ဆိုင်တာက သုည
နေရတာက မပြည့်မစုံဘဝနဲ့ပေါ့။

" စားဝတ်နေ "အရေးသုံးပါးနဲ့
လုံးထွေးပြေးလွှားရုန်းကန်နေတဲ့အဖေ့မိဘ
သားကိုကျောင်းထားတာ
ဆရာဝန်ဖြစ်ဖို့
အင်ဂျင်နီယာဖြစ်ဖို့
အဲလို ရည်ရွယ်ချက်ကြီးကြီးမထား
အစဉ်အလာနဲ့ဝတ္တရား
မပျက်ပြားရအောင်ဆိုပြီထားခဲ့တာပါ ။

မှုံတေတေ အဖေ့ကျောင်းသားဘဝ
မပြည့်စုံမှုတွေက စခဲ့
ကျောက်သင်ပုန်း၊ ကျောက်တံ
ဗလာစာအုပ် နဲ့ ခဲတံ
ဘာသာရပ်လိုက်အစုံအစိ မရှိ
သင်္ချာကုန်တဲ့အခါ
မြန်မာစာမှာပေါင်းရေး
အင်္ဂလိပ်စာအုပ်နောက်ဖက်မှ လှမ်ရေးရင်း
စာအုပ်သစ်လေးရဖို့ စောင့်ခဲ့ရ
ယ္ခုသားမှာလို တပွေ့တပိုက်ကြီးမရှိတဲ့ဘဝပါ။

ညရောက်ပြီလားဆိုရင်
ရေနံဆီမီခွက်က အလင်းရောင်နဲ့
ပြူးပြဲနေအောင် မျက်လုံးဖြဲ
အသံဗြဲကြီးနဲ့ စာကျက်ခဲ့ရ
လျှပ်စစ်မီဆိုဝေလာဝေး
ဘတ္ထရီအိုးနဲ့မီသီးလေးတောင်မရှိ
ပြန်တွေးကြည့်ရင်
ရေနံဆီမီခွက်နဲ့ ဟောဒီအဖေ
လင်ကွန်းရဲ့ ငယ်ဘဝထက်တောင်သာလေမလား?
သိုသော်....သမ္မတလင်ကွန်းလောက်တော့
ဒီအဖေ မတော်၊ မထူးချွန်ခဲ့ပါ ။

ထုံပေပေ အဖေ့သဏ္ဌာန်
ဂုဏ်ရွှေငွေ မရှိမှန်လည်း
မာနနဲ့ဇွဲမှာ အတန်းထဲ ပထမစွဲခဲ့
သူဌေးသားတွေလိုမဝတ်နိုင်
သူတို့လို မစားနိုင်
ကျောင်းစာတော့ပြိုင်ခဲ့
အဆင့်ကိုကြည့် အတန်းထဲ တစ်နှစ်သုံးမှာရှိခဲ့ ။

မဆလခေတ်ပျက်
လမ်းစဉ်လူငယ်လဲဖြစ်ခဲ့
ဘောလုံးကန်၊ခြင်းခတ်၊စစ်တိုက်တမ်းဆော့
လှုပ်လှုပ်ရှားရှား အားကစား
ကာယအချိန်များမှာ ပျော်ခဲ့ ။

ကျောင်းနဲ့လမ်းစဉ်လူငယ်မှာ
နို့ဆီနဲ့သကြား၊ဘီစကစ်များပေးပလားဆို
အပြေးအလွားတန်းစီထုတ်
ခြေကုန်သုတ် အိမ်အပြန်
အကြိုက်နှံကာ စားခဲ့
ထိုစကားများ သားပြန်ကြားတော့
ထူးဆန်းထွေလာ အံဖွယ်ကမ္ဘာပေါ့။

အဖေ့အတွက်ကျောင်းဝတ်စုံ
အပြေးအလွှားကြည့်ပါမှ သုံးစုံတည်း
တထွန်နဲ့မာစရိုက် ကျောင်းဝတ်စုံ
အဖေ့အတွက်တော့သုံးမကုန်တဲ့ပဒေသာပင်
ဝတ်စရာတွေတစ်ပုံတစ်ပင် အပြည့်
သားပိုင်တဲ့ဗီဒိုကြီးတစ်လုံးနဲ့ယှဉ်ကြည့်တော့
မိုး နဲ့ မြေကြီး ။

ငယ်စဉ်အဖေ့ဘဝ
အကောင်းဆုံးအစားအစာ
ကြံသကာ နဲ့ ကပ်စေးနှဲ
တစ်နှစ်တစ်ခါမှမြင်ရတဲ့ "ရှားမီချိုချင်"
အဖိုးချိုပြန် ရေခဲချောင်းဆယ်ပြားတန်
ဓါးလှီးတဲ့ရေခဲချောင်းဆို အဖေ့တွက်မလို (မစားနိုင်လို့)
ထိပ်မှာပဲပါရေခဲချောင်း အဖေနဲ့လုံးဝမပေါင်း (ပိုက်ဆံမရှိလို့)
ခါးပိုက်ထောင်ထဲက ပဲကြီးလှော်
ထန်းလျက်နဲ့ တွဲစော်
အဖေ့အတွက် မဟာပွဲတော်
သားရဲ့လက်မှာ စားဖို့ အမြဲဆုပ်
နိုင်ငံခြားလုပ် မုန့်ပုံးနဲ့ချောကလက်
အဖေ့ငယ်ဘဝမှာ တပ်မက်ခဲ့ဘူးတယ် ။

တေဇ၊ရွှေသွေး၊မိုးသောက်ပန်းနဲ့စာစောင်တွေ
အဖေ့ဝယ်ကိုယ်ပိုင်မရှိ
ကိုယ်စီကိုသူမလာ
ကိုယ်ကသူ့စီသွားခဲ့တယ်(သူငယ်ချင်းထံမှငှါး)
ဦးပေါ်ဦးနဲ့သိခဲ့
စကားတောင်စားနဲ့ သိခဲ့
မင်းသုဝဏ်နဲ့ သိခဲ
အောင်ဆန်းနဲ့ သိခဲ့
သိုသော်.....အဖေနဲ့သိတဲ့သူ နည်းခဲ့
သိသင့်တဲ့လူတွေနဲ့ အလှမ်းဝေးခဲ့
သားကတောလူတွေအားလုံးနဲ့သိရမယ်။

ခေတ်ပညာမတတ်ရှာတဲ့ အဖေ့မိဘ
စာအုပ်စာပေနဲ့အလွန်ဝေး
သားရဲ့အဘ အဖေ့အဖေ
ဘာကြောင့်ခေတ်ပညာမတတ်
သားရဲ့အဘ ကိုးနှစ်သားသူ့အဖေဆုံး
သားလိုအရွယ် အဘမှာအဖေမရှိ
လေးတန်းနဲ့ကျောင်းထွက်
ရိုးအတဲ့မိခင်နဲ့သူ့ညီကို လုပ်ကိုင်ကျွေးခဲ့
ခေတ်ပညာမတတ် ဘုန်းကြီးစာတတ်တယ်
ဘာသာရေးစာတော်တော်ရောက်ခဲ့
ဟောဒီ့သားအဖေ ဘွဲရခဲ့
ပါဠိစာပေဘာမှမသိ ငါဆိုတဲ့ဘဝင်ပဲရှိ
လောကသဘော ပြီးပြည်စုံတယ်မရှိ
အေဘီစီ အစအဆုံးမသိတဲ့ အဖေ့အဖေ
နိုင်ငံခြားမှာနှစ်ကြာစွာနေပြီးငွေရှာဖူးတယ် ။

အဖေနဲ့ သားရဲ့အဘ အတူနေရတာနည်းခဲ့
အဖေ့အဖေဟာ မိသားစုဘဝပန်းတိုင်ရောက်ဖို့
သံလက်ကိုင်ပြီး ချီတက်ခဲ့
သူ့သားရဲ့ဘဝပုံပေါ်လှပဖို့
အဲဒီ့သံလက်နဲ့ ပန်းပုထုခဲ့
တစ်သက်စာစကားတစ်ခွန်းနဲ့ဆုံးမ
"လူပီသဖို့ ရိုးသားမှုရှိရမယ်"
အဲ့ဒီအချိန်က အဖေ နားမလည်ခဲ့
လူပီသတာ၊ ရိုးသားတာ ဘာမှမသိ
ယ္ခုသားကိုပြောပြမယ်
ရိုးသားဖို့ သီလရှိရ
သီလခိုင်မြဲဖို့ ယုံကြည်မှုရှိရ
သီလ၊ယုံကြည်မှုကို သတိနဲ့ထိန်းရ
ဒီသုံးချက်ပြည်စုံမှ ရိုးသားမှုဂုဏ်မြောက်
ဒီသုံးချက်က ဝါးသုံးချောင်းထိပ်ဆိုင်ထောင်
အောက်ခြေကားထာပုံနဲ့တူ
ဝါးတစ်လုံးလဲ ကျန်ဝါးတွေပါပြို
ပါးစပ်ကျယ်နိုင်သလောက် အလုပ်ခက်တယ် ။

မပြည်စုံမှုနဲ့ အဖေ့ငယ်ဘဝ
ရိုးသားမှုတွေ ချမ်းသာခဲ့
အဲ့ဒီချမ်းသာတဲ့ ရိုးသားမှုက အားလုံးကိုနိုင်ခဲ့
တွေ့ကြုံခဲ့အကျိုးတွေကို ဒါငါ့ဘဝလိုလက်ခံခဲ့
လောကသဘော
အမြဲ မဆိုး/မကောင်း ၊ မမှောင်/မလင်း
ဒါသူ့အဆင်းနိယာမ
သိပါမှ လူပီသစွာနေနိုင်တယ် ။

အဖေ့ငယ်ဘဝ သံလက်နဲ့ပုံထုခံခဲ့ရ
အခုသားဘဝ ဒီဖေပေးတဲ့လူပီသမှုနဲ့စပါ။

ငယ်ဘဝက ဇွဲ၊သတ္တိနဲ့ ရုန်းထခဲ့တဲ့ဒီအဖေ
သားကိုအမြင့်ရောက်အောင်ထမ်းတင်ဖို့
ဒူးတစ်ဖက်လှေကားလိုထောက်ထိုင်
ရင်ကိုမော့ ပခုံးကိုအသင့်ပြင်
သားတက်အလာလမ်းစောင့်
အားကို နိုင်အောင်စု
ခါးကို သန်အောင်ပြုမို့
အဖေ့ပခုံးပေါ်ခုတက်လိုက်ပါသားငယ်။ ။

ကျော်မိုး ( စကားဝါမြေ )

No comments: