အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, February 1, 2015

ဘာကြောင့်အကျိုးကြီးမားရသလဲ

မြတ်ဗုဒ္ဓကို ကြည်ညိုစိတ်ဖြစ်ရုံနဲ့ အနည်းငယ် လှူဒါန်းပူဇော်ရုံနဲ့ ဘာကြောင့် အကျိုးကျေးဇူးကြီးမားရသလဲ၊ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေဟာ ဘာကြောင့် အစွမ်းထက်မြက်ရသလဲ။

ဗုဒ္ဓမြတ်စွာဟာ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ပါပဲ။


ဗုဒ္ဓမြတ်စွာဟာ လူသားတစ်ယောက်ဖြစ်လျက်နဲ့ ဘာကြောင့် နတ်တွေ ဗြဟ္မာတွေထက်တောင် ပိုပြီးမြင့်မြတ်ရသလဲ။

မြင့်မြတ်တာကို ရာထူး ဌာနန္တရ၊ ဓနဥစ္စာတို့နဲ့ တိုင်းတာလို့မရဘူး၊ တန်ခိုးတေဇော် အာနုဘော်တို့နဲ့ လည်းတိုင်းတာလို့မရဘူး၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နဲ့ တိုင်းတာရတယ်။ သတ္တ၀ါတွေကို ယုတ်ညံ့နိမ့်ကျစေတာက လောဘ၊ ဒေါ်သ၊ မောဟ စတဲ့ ကိလေသာတွေပဲ။ ဒီကိလေသာတွေကို သီလ၊ သမာဓိ၊ ပညာတို့နဲ့ အဆင့်ဆင့်ပယ်သတ်ရတယ်။ ကိလေသာ လုံးဝကင်းစင်သွားတဲ့ ပုဂ္ဂိုလ်ဟာ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်။ ကိလေသာကင်းတဲ့ လူတစ်ယောက်ဟာ ကိလေသာမကင်းစင်သေးတဲ့ နတ်တွေ၊ ဗြဟ္မာတွေထက် ပိုပြီးမြင့်မြတ်တယ်။

ဗုဒ္ဓမြတ်စွာဟာ လူနတ်ဗြဟ္မာတွေ အားလုံးထက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားတယ်။ ကိလေသာတွေကိုလည်း ၀ါသနာအထုံအငွေ့မျှ မကြွင်းကျန်ရစ်အောင် ပယ်သတ်ထားပြီးဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဟာ လူနတ်ဗြဟ္မာတို့အထဲမှာ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူတယ်။ နတ်တွေ ဗြဟ္မာတွေဟာ မြတ်စွာဘုရားက သူတို့ထက် မြင့်မြတ်နေတာကို သိကြလို့ ဘုရားကို ရှိခိုးပူဇော်ကြတာပဲ။ ဘီလူး၊ တစ္ဆေ၊ သရဲ စသည်တွေက သူတို့ထက် များစွာ တန်ခိုးပိုကြီးတဲ့ နတ်ဗြဟ္မာတွေကတောင် ဘုရားကို ရိုသေလေးမြတ် ကြတာကိုမြင်လို့ သူတို့လည်း မြတ်စွာဘုရားကို ကြောက်ရွံ့ရိုသေကြတာပဲ။ ခုလို ကိလေသာကင်းစင်ပြီး အမြင့်မြတ်ဆုံးဖြစ်လို့ လူနတ် ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ ဂုဏ်တော်ဟာ “အရဟံ“ ဂုဏ်တော်ပါပဲ။

No comments: