အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, February 1, 2015

“ဗုဒ္ဓေါလောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ“


ခပ်သိမ်းသော သတ္တ၀ါတို့ ချမ်းသာကြီးပွားအကျိုးများကြစေခြင်း အကျိုးငှာ ဗုဒ္ဓမြတ်စွာသည် လောက၌ ပွင့်ထွန်းတော်မူလာခဲ့တယ်။ ယခုအခါဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ တရားတော်များဟာ ပြတ်ပြတ်သားသား အထင်ကရ တည်ရှိနေပါသေးတယ်။ မြတ်ဗုဒ္ဓရဲ့ ကိုယ်ဟားတော်အဖြစ် ထားရှိခဲ့တဲ့ ဓါတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒေဿစေတီ၊ ပရိဘောဂစေတီ တို့ကလည်း အထင်အရှား တည်ရှိနေကြပါသေးတယ်။ ဤစေတီမြတ်များ ကို ဆည်းကပ်ကိုးကွယ်တတ်ရင် သက်တော်ထင်ရှား မြတ်ဘုရားကို ဖူးတွေ့ရသလိုပဲ ...အကျိုးကျေးဇူး အလွန်များနိုင်ပါတယ်။ ပီပီပြင်ပြင် ထင်ထင်ရှားရှားရှိနေကြတဲ့ မြတ်ဗုဒ္ဓရဲ့ တရားအဆုံးအမများကို သင်လိုက်နာကျင့်သုံးတတ်မယ်ဆိုရင် လူ့ချမ်းသာ နတ်ချမ်းသာလောက်ကို အလွယ်ကလေး ရနိုင်ပါတယ်။ အမြင့်မြတ်ဆုံးချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကိုလည်း ဤဘ၀တွင်ပင် သင်မျက်မှောက်ပြုနိုင်ပါတယ်။ အဲဒီတော့ သတ္တ၀ါအများ ကြီးပွားချမ်းသာဖို့အတွက် ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာတာဟာ သင့်အတွက်ကော ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတာဖြစ်ပြီလား။ ဒီလိုအခွင့်ကောင်း အခါကောင်းဆိုတာ ဘ၀တစ်ကုဋေ နေလို့မှ တစ်ကြိမ်ကြုံတွေ့ဖို့မလွယ်ဘူး။ ကျောက်သံပတ္တမြားတွေကို အလိုရှိသလောက် ကောက်ယူနိုင်တဲ့ ရတနာ တောင်ထိပ်ကို သင်ရောက်နေတာထက် အဆကုဋေကုဋာမက ပိုပြီး အကျိုးကျေးဇူးများနိုင်တဲ့အခွင့်အခါကောင်းပါပဲ။ သင် လက်ရှိရင် ပြည်တန်ကျောက်မျက်ရတနာများကို ကောက်ယူနိုင်သလို သင့်မှာ ဘုရား တရား သံဃာ ကိုယုံကြည်တဲ့ သဒ္ဓါ ရှိရင် တန်ဖိုးမဖြတ်နိုင်တဲ့ ကုသိုလ်တရားတို့ကို အလွယ်တကူ ရယူနိုင်မှာပါပဲ။ ပြည်တန် ကျောက်မျက်ရတနာတွေက ဒီတစ်ဘ၀မှာသာ အကျိုးပြု နိုင်ပါတယ်။ ရတနာမြတ်သုံးကို အခြေခံတဲ့ ကုသိုလ်တရားတွေက ဘ၀ကုဋေကုဋာ ကောင်းစားအောင် အကျိုးပြုနိုင်တဲ့အပြင် အပါယ်ဘ၀များသို့ မကျရောက်အောင်လည်း တားဆီးပေးနိုင်ပါတယ်။

No comments: