အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Tuesday, July 7, 2015

လမြတ်ဝါဆို

``သန္ဓေ, တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လ၀ါဆို´´ဟူသည်နှင့်အညီ မြန်မာ ၁၂-လတို့တွင် လေးခုမြောက်ဖြစ်သော ၀ါဆိုလ၌ ဂေါတမဘုရားအလောင်းတော်သည် ပဋိသန္ဓေနေတော်မူခဲ့သည်။ ဘုရားအဖြစ်ကိုကျင့်ရန် တောထွက်တော် မူခဲ့သည်။ ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံးတရားဦးဓမ္မစကြာကို ဟောကြားတော်မူခဲ့သည်။ ထို့ပြင် ဤ၀ါဆိုလ၌ ဘုရားရှင်သည် ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးဦးတို့ရှေ့၌ ဘုရားအဖြစ်ကို ၀န်ခံတော်မူခဲ့သည်။ ဓမ္မစကြာတရားတည်းဟူသော တရားရတနာ စတင်ပေါ်ပေါက်ခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးဦးတည်းဟူ သော သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သည်။ ``ဧဟိ ဘိက္ခု´´ဟူသောစကားကို စတင်ကြားခွင့်ရခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် ဤ၀ါဆိုလကို လထူးလမြတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။


``၀ါဆိုလ´´ဟူရာ၌ ၀ါ-မှာ ၀ါသ-ဟူသောပါဠိမှဆင်းသက်လာပြီး ``နေခြင်း´´ဟု အဓိပ္ပါယ်ရသည်။ ဆို-မှာ ``ရွတ်ဆိုခြင်း´´ဟုအဓိပ္ပါယ်ရသည်။ ``၀ါဆိုလ´´၏အဓိပ္ပါယ်အပြည့်အစုံမှာ ရဟန်းတော်များ ၀ါတွင်း(မိုးတွင်း) သုံးလပတ်လုံး မိမိတို့သီတင်းသုံးရာကျောင်း၌နေပါမည်ဟု ရွတ်ဆိုကတိပြုသောလဟု အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။ ရှေးအခါက ``၀ါဆိုလ´´ကို ``မြွယ်တာလ´´ဟူ၍ခေါ်ဆိုကြောင်း သိရသည်။ မြွယ်-မှာ ``လယ်မြေ´´ဟူ၍အဓိပ္ပါယ်ရပြီး တာ-မှာ ``တိုင်းတာခြင်း´´ဟူ၍အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ၀ါဆိုလကို ရှေးအခါက ``မြွယ်တာလ=လယ်မြေများတိုင်းတာသောလ´´ဟူ၍လည်း အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။

ဤ၀ါဆိုလတွင် ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတော်များ မိုးတွင်းသုံးလပတ်လုံး မိမိတို့ကျောင်း၌ နေထိုင်ရန် ၀ါဆိုဝါကပ်ကြသည်။ ဗုဒ္ဓဘာသာဝင် ဒါယကာ/ဒါယိကာမတို့သည်လည်း ၀ါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်တို့အား မိမိတို့တတ်စွမ်းသည့် ၀ါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ရဟန်းသံဃာတော် တို့သည် နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြပြီး သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့၌ ၀ါကျွတ်ကြသည်။ ပထမ၀ါဆို၊ ဒုတိယ၀ါဆိုအားဖြင့် ၀ါဆိုလနှစ်လရှိသောနှစ်(၀ါထပ်သောနှစ်)တွင် ဒုတိယ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြရသည်။ အရေးပေါ်ကိစ္စတစ်ခုခုကြောင့် ၀ါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းမပြုနိုင်ကြသော ရဟန်းသံဃာတော်များမှာ ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော် မူကြရပြီး တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့၌ ၀ါကျွတ်ကြရသည်။ ပုံမှန်ဝါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ၀ါဆိုသည်ဟု ခေါ်ဝေါ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ၀ါခေါင်လမှ ၀ါဆိုဝါကပ်ခြင်းကို ပစ္ဆိမ၀ါဆိုသည်ဟု ခေါ်ဝေါ်သည်။

ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ရခြင်းအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းသံဃာတော်များသည် နွေ, မိုး, ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည်သွားလာကြသည်။ မိုးတွင်းကာလ တောင်သူလယ်သမားတို့ လယ်ယာစိုက်ပျိုး ချိန်တွင် ခရီးလှည့်လည်ကြသော သံဃာတော်တို့ကြောင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးကြရသည်။ ထိုအခါ ဒကာ/ဒကာမ တောင်သူလယ်သမားများက ခရီးလှည့်လည်သွားလာကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်ကြသည်။

``သာသနာပတိတ္ထိများသည်ပင် ဤကဲ့သို့မိုးတွင်းကာလ၌ ခရီးမသွားကြ၊ တိရစ္ဆာန်ငှက်များသည်ပင် ဤမိုးတွင်းကာလ၌ အရပ်တပါးသို့ မပျံသန်းကြဘဲ မိမိတို့အသိုက်အတွင်း၌ နေကြသည်။ ဤသာသနာတွင်း၌နေကြသော ငါတို့ကိုးကွယ်ရာ ရဟန်းတော်များသည် မိမိတို့နေရာ၌ အေးအေးဆေးဆေးမနေကြဘဲ မိုးတွင်းကြီး၌ ခရီးလှည့်လည်ကြသည်။ ထို့ကြောင့် ငါတို့စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးကြရသည်´´ ဤကဲ့သို့ ပြည်သူ/ပြည်သား ဒကာ/ဒကာမတို့က မိုးတွင်း၌ခရီးလှည့်လည်ကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်စကားဆိုကြသည်။ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူသောအခါ ရဟန်းသံဃာတော်အားလုံး ၀ါတွင်း(မိုးတွင်း)ကာလ၌ ခရီးလှည့်လည်ခြင်းမပြုဘဲ ၀ါတွင်းသုံးလပတ်လုံး မိမိတို့၏ကျောင်းတိုက်အတွင်း၌ ၀ါဆိုဝါကပ်ခြင်းပြု၍ ရဟန်းတရားပွားများအားထုတ်ရန် ပညတ်တော်မူသည်။ ထို့ပြင် ၀ါကျိုး ၀ါပြတ် ၀ါမကပ်ကြသော ရဟန်းတော်များအား ဒုက္ကဋ်အာပတ်သင့်စေဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့သည်။

ထိုကဲ့သို့ ၀ါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များမှာ ၀ါမကျွတ်ခင်ဝါတွင်း၌ အရေးအကြောင်းကိစ္စမရှိဘဲ အရပ်တပါးသို့ ညဥ့်အိပ်ညဥ့်နေ မသွားရပေ။ အကယ်၍ မဖြစ်မနေသွားရမည့် အရေးကြီးကိစ္စပေါ်လာလျှင် ၀ါပန်ပြီး သွားခွင့်ရှိသည်။ သို့သော် (၇)ရက်ကျော်အောင်နေခွင့်မရှိပေ။ ၀ါပန်သည့်နေ့မှ (၇)ရက်မကျော်မီ မိမိမူလသီတင်းသုံး ၀ါဆိုသည့်ဌာနသို့ ပြန်လာကြရသည်။ ဤသည်တို့မှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ခြင်းနှင့် ၀ါပန်ခြင်း အကြောင်းများဖြစ်သည်။

ထို့ပြင် ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလွန်ထူးမြတ်သော ဓမ္မစကြာအခါတော် နေ့လည်းဖြစ်ပေသည်။ လွန်ခဲ့သော မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့အခါက ကျွန်ုပ်တို့ကိုးကွယ်ရာ ဂေါတမဘုရားရှင်သည် ``ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ´´အစချီသော ဓမ္မစကြာတရားတော်မြတ်ကြီးကို အရှင်ကောဏ္ဍညအမှူး ပြုသော ပဉ္စ၀ဂ္ဂီငါးဦးတို့အား အဦးဆုံးဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များက ``ဓမ္မစကြာအခါတော်နေ့´´ဟု သတ်မှတ်ခဲ့ကြသည်။

ဝါတွင်းကာလ ဥပုသ်နေ့များ၌ ဗုဒ္ဓဘာသာဝင် ဒကာ/ဒကာမအပေါင်းတို့သည် မိမိတို့နှင့်နီးစပ်ရာ ရပ်ကွက်ဓမ္မာရုံ များသို့လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့လည်းကောင်း သွားရောက်၍ သီတင်းသီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း-စသော ကုသိုလ်အမှုတို့ကို ပြုလုပ်ကြသည်။ ထို့ပြင် အမျိုးသမီးများသည် အသင်းအဖွဲ့ များစုပြီး ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိကြသည်။ အချို့လူငယ်လူရွယ်များမှာ မိမိတို့ရပ်ကွက် အတွင်း၌ အသင်းများဖွဲ့၍ ၀ါတွင်းဥပုသ်နေ့နံနက်တိုင်း ဘုံဆွမ်းများလောင်းလှူလေ့ရှိကြသည်။

ဤကဲ့သို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ ကုသိုလ်ကောင်းမှု များပြုလုပ်ရာလ ဖြစ်သောကြောင့်လည်းကောင်း၊ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်၍ ရဟန်းတရား အားထုတ်ရာလ ဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်၏ ပဋိသန္ဓေယူရာ, တောထွက်ရာ, ဓမ္မစကြာတရားဦးဟောတော်မူရာလ ဖြစ်သောကြောင့်လည်းကောင်း ဤ၀ါဆိုလကို အလွန်ထူးမြတ်သော ``လမြတ်ဝါဆို´´ဟု ခေါ်ဝေါ်မှုပြုခဲ့ကြသည်။

မြတ်စွာဘုရားရှင် ပဋိသန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ

၁။ ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေ၀ီ မိဖုရားခေါင်ကြီး၏ ၀မ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ၀င်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။ မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗိနီ အင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနှစ်ဖ၀ါးလှမ်းကြွတော်မူ၍ “ငါသည်လောကတွင် အမြတ်ဆုံးဖြစ်၏” “ငါသည်လောကတွင် အကြီးအကဲဆုံးဖြစ်၏” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသောစကား ကြုံးဝါးတော်မူ၏။


၂။ ထီးနန်းစိုးစံတော်မူခန်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် တစ်ဆယ့်ခြောက်နှစ်ရောက်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကို တောမထွက်စေရန် “ရမ္မ” မည်သော ဆောင်းရာသီ စံနန်းပြာသာဒ်၊ “သုရမ္မ” မည်သော နွေရာသီ စံနန်းပြာသာဒ်၊ “သုဘ” မည်သော မိုးရာသီ စံနန်းပြာသာဒ်များ တည်ဆောက်စေပြီး၊ အလည့်အလည် စံမြန်းစေပါသည်။ ရွှေအဆင်းကဲ့သို့ လှပသော ယသောဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူပြီး အာရုံငါးပါးတို့ဖြင့် အလွန်သာယာဖွယ်သော အဖျော်အဖြေကို ခံယူစေကာ ထီးနန်းစည်းစိမ်ကို ခံစားစေတော်မူသည်။


၃။ နိမိတ်ကြီးလေးပါး မြင်တော်မူခန်း
မဟာသက္ကရာဇ် ၉၆-ခုနှစ်၊ ၀ါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီး ကသောရထားဖြင့် ဥယျာဉ်တော်သို့ ကြွတော်မူရာ သူအိုတစ်ဦးကို တွေ့မြင်လေ၏။ ထိုအခါ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူနာတစ်ဦးကို တွေ့မြင် ရပြန်သောအခါ မိမိလည်းဤသို့ နာရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူသေတစ်ဦးကို တွေ့မြင်လေရာ မိမိလည်း ဤသို့သေရမည်ကို စဉ်းစားဆင်ခြင်မိလေ၏။ နောက်တစ်ကြိမ် ဥယျာဉ်တော်သို့ ထွက်တော်မူရာ ရဟန်းတစ်ပါးကို တွေ့မြင်တော်မူ၍ ရဟန်း၏ အကျင့်သီလသည် သတ္တ၀ါတို့၏အကျိုးကို ဖြစ်ထွန်းစေပြီး ဘ၀မှလွတ်မြောက်နိုင်သဖြင့် မိမိလည်း ရဟန်းပြု၍ ဓိဋ္ဌာန်တော်မူ၏။


၎။ တောထွက်တော်မူခန်း
အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတို့ကို ထိတ်လန့်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူ၏။ မဟာသက္ကရာဇ် ၉၇-ခုနဓှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့ ညဉ့်သန်ခေါင်ယံ အချိန်တွင် ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ကိုစီးကာ တောထွက်တော်မူ၏။ အနော်မာ မြစ်ကမ်းသို့ရောက်သော် တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရန် ရည်သန်၍ မိမိ၏ အ၀တ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်သို့လွှဲအပ်ပြီး နေပြည်တော်သို့ပြန်ရန် စေလွှတ်တော်မူ၏။


၅။ ဒုက္ကရစရိယာ ကျင့်တော်မူခန်း
ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံအားထုတ်တော်မူ၏။ အစဦးတွင် ဆွမ်းခံလှည့်၍ စားသုံး၏။ နောင်တွင် အစာအာဟာရကို ခြိုးခြံချွေတာ သုံးဆောင်တော်မူ၏။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်တစ်စေ့ (သို့မဟုတ်) ပဲပြုတ်ရည်တစ်ဇွန်းကိုသာ သုံးဆောင်တော်မူ၏။ ဤသို့ကျင့်ကြံသော် အာဟာရဓာတ်နည်းပါးသောကြောင့် ကြုံလှီဖျောတော့ အားအင်ကုန်ခန်း၏။ မျက်နှာတော်နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်း၍ ရူံ့ခွက်နေသကဲ့သို့ဖြစ်၏။ အသားအရေသည် ငါးခူရောင်၊ ကြမ်းပိုးကျောက်ကုန်းအရောင်ဖြင့် ခြောက်သွေ့၏။ ကိုယ်ကို လက်ဖြင့် သုံးသပ်သော် အမွှေးတို့ ကျွတ်ကုန်၏။ နံရိုးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကြဲသော အခြင်တို့ကဲ့သို့ဖြစ်၏။ ၀မ်းပိုက်ကိုကိုင်သော် ခါးဆစ်ကိုကိုင်မိ၏။ တင်ပါးနှစ်ဖက်သည် ကုလားအုပ်ခွာကဲ့သို့ ရူံ့ခွက်နေ၏။ မတ်ရပ်ထသော် နေရာ၌ လဲကျ၏။ သဗ္ဗညုတဉာဏ်တော်ရလိုသောကြောင့် ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယ အကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူ၏။


၆။ ဘုရားဖြစ်တော်မူခန်း
အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း သဗ္ဗညုတဉာဏ် မရနိုင်သဖြင့် မဇ္ဈိမပဋိပဓာ အကျင့်လမ်းကြောင်း ပြောင်း၍ အာနာပါန စတုတ္ထဈာန်ကို ၀င်စားတော်မူ၏။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှအာဟာရကို မျှတဘုန်းပေးတော်မူရ၏။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတ ပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ စံတော်မူ၍ နေမ၀င်မီ မာ၇်စစ်သည်တို့ကို အောင်မြင်တော်မူသည်။ ညဉ့်ဦးယံဝယ် “ပုဗ္ဗေနိဝါသဉာဏ်” ရတော်မူ၏။ သန်းခေါင်ယံဝယ် “ဒိဗ္ဗစက္ခုဉာဏ်” ရတော်မူ၏။ မိုးသောက်ယံဝယ် “အာသ၀က္ခယဉာဏ်” ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုအခါ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းကို ကျူးရင့်တော်မူ၏။


၇။ ဓမ္မစကြာတရား ဟောတော်မူခန်း
မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်တို့၌ မွေ့လျော်သော ဤသတ္တ၀ါများကို တရားဟောသော် တရားကို လွယ်ကူစွာ နားလည်နိုင်ကြမည် မဟုတ်ကုန်၊ တရားဟောလျှင် ပင်ပန်းရုံသာ ဖြစ်မည်ဟု အကြံဖြစ်လာ၏။ သဟမ္ပတိဗြဟ္မာကြဓီး တောင်းပန်ချက်အရ တရားဟောရန် သင့်မည့် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စ၀ဂ္ဂီငါးဦးကိုသာမြင်လေ၏။ ပဉ္စ၀ဂ္ဂီငါးဦးရှိရာ မိဂဒါဝုန်တောသို့ ၀င်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းလည်း ၀င်လုဆဲကာလ လမင်းလည်း ထွက်ပေါ်လုဆဲဆဲတွင် “ဒွေ မေ ဘိက္ခဝေ” အစချီသော တရားဦးဓမ္မစကြာကို ဟောတော်မူ၏။


၈။ ယသသူဌေးသား ရဟန်းဖြစ်ခန်း
ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီစည်းစိမ်ခံစားနေစဉ် တစ်ညဥ့်သ၌ သန်ခေါင်ကျော်အချိန် နိုးလတ်၏။ ဖရိုဖရဲပုံပျက်ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင်ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှ ထွက်၍ မိဂဒါဝုန်တောသို့ ရောက်လာ၏။ မြတ်စွာဘုရားနှင့် တွေ့သဖြင့် တရားဟောသောကြောင့် သောတာပန်ဖြစ်လေ၏။ သားပျောက်သဖြင့် ခြေရာခံလိုက်ရှာသော ယသသူဌေးကြဓီးနှင့် သူဌေးကတော် သုဇာတာတို့သည်လည်း ဘုရားထံရောက်လေသော် တရားနာကြားရ၍ သရဏဂုံတည်ပြီး သောတာပန် ဖြစ်လေ၏။ ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ၏။ သူဌေးကြီးနှင့် သူဌေးကတော်နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများ ဖြစ်၏။


၉။ ယသောဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း
မြတ်စွာဘုရားသည် အဂ္ဂသာဝကနှစ်ပါးခြံရံလျက် ယသောဓရာခန်းမဆောင်သို့ ၀င်လေ၏။ ယသောဓရာသည် မြတ်စွာဘုရား၏ ခြေဖမိုးကိုဦးခိုက်၍ ရှိခိုးငိုကြွေးလေ၏။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက မြတ်စွာဘုရား ဒုက္ကရစရိယကျင့်စဉ်က ခြိုးခြံနေထိုင်သကဲ့သို့ ယသောဓရာလည်း ခြိုးခြံနေထိုင်ကြောင်း လျှောက်ထားသော် စန္ဒကိန္နရီဇာတ်ကို ဟောလေသည်။ ယသောဓရာသည် သားတော်ရာဟုလာအား ဖခင်ထံမှ အမွေတောင်းခံရန် တိုက်တွန်းလေသော် ရာဟုလာလည်း မြတ်စွာဘုရားထံမှ အမွေတောင်း၏။ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ဥပဇ္ဈာယ်ပြုစေလျက် ရာဟုလာအား သာသနာ့အမွေအဖြစ် ရှင်သာမဏေ ပြုပေးတော်မူလေသည်။


၁၀။ ဧရာဟိဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရား ဟောတော်မူခန်း
ကပိလ၀တ်ပြည်နှင့် ကောလီယပြည် နှစ်ပြည်ထောင်အကြား ရောဟီဏီမြစ်ရေကိုအကြောင်းပြု၍ နှစ်ပြည်ထောင် လယ်သမားတို့ မြစ်ရေခွဲဝေယူရေးအတွက် အငြင်းပွားကြ၏။ ဤအငြင်းပွားမူကြောင့် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းရန် ပြင်ဆင်ကြလေ၏။ ထိုအခါ မြတ်စွာဘုရားသည် သွေးချောင်းစီးမည့် အရေးကို မြင်သောကြောင့် နှစ်ပြည်ထောင် စစ်တပ်အကြေား ရောဟီဏီမြစ်အထက် ကောင်းကင်ပြင်တွင် ရပ်တော်မူလျက် တန်ဖိုးနည်းသော ရေနှင့် ပတ်သက်၍ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ မဆုံးရူံးစေသင့်ကြောင်း ငြိမ်းချမ်းရေးတရား ဟောတော်မူ၏။


၁၁။ ဘိက္ခုနီသာသနာ ခွင့်ပြုတော်မူခန်း
မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားထံချည်းကပ်၍ ရဟန်းဘောင်ဝင်ခွင့်ပြုရန် သုံးကြိမ်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရားက ငြင်းပယ်ခဲ့၏။ မြတ်စွာဘုရား ဝေသာလီပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် အခြံအရံငါးရာနှင့်တကွ ဆံကိုပယ်လျက် ဖန်ရည်ဆိုးသော ၀တ်ရုံများဆင်မြန်းကာ မြတ်စွာဘုရားထံတော်သို့ လိုက်လာကြ၏။ ညီတော်အာနန္ဒာ၏ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ၀န်ခံနိုင်လျှင် ပဉ္စင်းခံမူဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူ၏။


၁၂။ ခေမာမိဖုရားအား ဆုံးမတော်မူခန်း
အလှမာန်တက်နေသော ခေမာမိဖုရားသည် ရုပ်အဆင်း၏ မနှစ်သက်စရာ အပြစ်အနာအဆာများကို ဟောကြားလေ့ ရှိသော မြတ်စွာဘုရားကို ရှောင်ဖယ်၏။ ဝေဠုဝန်ကျောင်းတော်၏ သာယာလှပပုံ တေးသံကို ကြားရသောကြောင့် ဝေဠုဝန်ကျောင်းတော် သို့ ခေမာမိဖုရားရောက်လာ၏။ ကျောင်းတော်တွင် မြတ်စွာဘုရားအား ယပ်ခတ်နေသော မိမိထက်သာလွန်လှပသော မိန်းမပျိုကို အံ့သြစွာတွေ့မြင်လေ၏။ မိမိကြည့်နေစဉ် ထိုမိန်းမပျို၏ အဆင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့် ဖောက်ပြန်ပျက်စီးသွားလေသည်။ ခေမာမိဖုရားသည် သံဝေဂရ၍ မြတ်စွာဘုရားအဆုံးအမတော်ကို နာယူပြီး ရဟန်းပြုလေ၏။


၁၃။ ရဟန်းများတန်ခိုးပြာဋိဟာမပြရန် ပညတ်တော်မူခန်း
ရာဓဇဂြိုဟ်သူဌေးသည် စန္ဒကူးသပိတ်ကို အတောင်ခြောက်ဆယ်မြင့်သော ၀ါးထိပ်တွင် ချိတ်ဆွဲကာ ရဟန္တာအမည်ခံသူများသည် ဤသပိတ်ကို ကောင်းကင်မှ ယူနိုင်ပါက စည်းစိမ်အားလုံးလှူမည့်အပြင် သားမယားနှင့်တကွ ကျွန်ခံမည်ဟု ကြောညာ၏။ မည်သူမဓျှမယူနိုင်ကြသောအခါ ဤလောက၌ ရဟန္တာမရှိပါတကားဟု သေသောက်ကြူးသူများက ပြက်ရယ်ပြုကြ၏။ မြတ်စွာဘုရား၏ သာသနာကို ထိခိုက်စေနိုင်သော ပြက်ရယ်ပြုသံများကို ကြားရသောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇရမထေရ်သည် တန်ခိုးဖြင့် ကောင်းကင်မှ သပိတ်ကိုယူလေသော် ရာဓဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရာဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရှင်ပိဏ္ဍောလဘာရဒွါဇကို ခေါ်ယူဆုံးမ၍ ရဟန်းတို့အား တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။


၁၄။ အဘိဓမ္မာတရား ဟောကြားတော်မူခန်း
မြတ်စွာဘုရားသည် သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ကပ်တော်မူ၍ ပဏ္ဍုကမ္ဗလာ မြကျောက် ဖျာ၌ ထက်ဝက်ဖွဲ့ခွေနေတော်မူကာ မယ်တော်နတ်သားအမှူးပြုသော နတ်သိကြားဗြဟ္မာ အပေါင်းကို အဘိဓမ္မာတရား ဟောတော်မူ၏။ နေ့စဉ်လူ့ပြည်သို့ ကြွရောက်တော်မူပြီး စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေး၍ နေ့သန့်နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို ဟောတော်မူ၏။ တာဝတိံသာနတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က ဆက်လက်ဟောကြားတော်မူ နေ၏။ တာဝတိံသာနတ်ြးပည်၌ တစ်ဝါတွင်းလုံး ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူ၏။


၁၅။ ပါလိလေယျကတော၌ တစ်ပါးတည်း စံပျော်တော်မူခန်း
မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ၀ိနယဓရ ရဟန်းတစ်ပါးနှင့် ဓမ္မကထိက ရဟန်းတစ်ပါးတီု့သည် ၀စ္စကုဋီ သန့်သက်ရေခွက်၌ ရေကြွင်းရေကျန် ထားမိသည်မှစ၍ အငြင်းပွားကြ၏။ မြတ်စွာဘုရား ဆုံးမတော်မူသော်လည်း မလိုက်နာဘဲ ဆက်လက် အငြင်းပွားနေကြ၏။ ဤရဟန်းနှစ်ပါးကိုအကြောင်းပြု၍ သံဃာသင်းကွဲကာ လူပုဂ္ဂိုလ်များပါ အုပ်စုကွဲသဓါားပြီး ဗြဟ္မာပြည်တိုင်အောင် အုပ်စုကွဲပြားလေ၏။ မြတ်စွာဘုရားသည် သံဃာပရိသတ်ကိုစွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ ကိန်းအောင်းတော်မူလိုပါသဖြင့် ပါလိလေယျက တောသို့ကြွရောက် သီတင်းသုံးစဉ်ပါလိလေယျက ဆင်နှင့် မျောက်တို့က ပြုစုကြလေသည်။


၁၆။ သိင်္ဂါလသတို့သားအား ဆုံးမတော်မူခန်း
မြတ်စွာဘုရားသည် စိုသောအ၀တ်၊ စိုသောဆံပင်တို့ဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးနေသော သိင်္ဂါလသတိုးသားကို မြင်တွေ့ရ၏။ အရပ်ခြောက်မျက်နှာကို ရှီခိုးရန် အဖမှာကြားသောကြောင့် ရှိခိုးကြောင်း သိင်္ဂါလသတိုးသားကဖြေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရပ်ခြောက်မျက်နှာ၏ အဓိပ္ပာယ်နှင့် အရပ်ခြောက်မျက်နဓှာကို ကိုယ်စားပြုသော အမိ၊ အဖ၊ ဆရာ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတို့၏ ၀တ္တရားများကို ဟောလေ၏။ (သိင်္ဂါလောဝါဒသုတ်သည် မြတ်မာများကျင့်သုံးနေသော မိဘ၀တ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါသည်။)


၁၇။ အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း
ဘာရဒွါဇအနွယ်ပုဏ္ဏားများ မကြာခဏရဟန်းပြုသည်ကို မကျေမချမ်းနိုင်သော အက္ကောသဘာရဒွါဇ ပုဏ္ဏားကြီးသည် ဆဲရေးလေ၏။ မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထိုခဲဖွယ်ဘောဇဓဉ်များသည်မည်သူ့ထံ၌ ကျန်သနည်းဟုမေး၏။ ပုဏ္ဏားကြီးက မိမိထံ၌သာ ကျန်ကြောင်းဖြေကြားသော် မြတ်စွာဘုရားက သင်၏မယဉ်ကျေးသောဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေဟုပြောပြီး အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူ၏။


၁၈။ ရှင်အာနန္ဒာ၏ ပယ်လေးတန်၊ ပန်လေးပါး၊ ဆုရှစ်ပါး တောင်းခံတော်မူခန်း
မြတ်စွာဘုရား ၀ါတော်နှစ်ဆယ်ရသော် အမြဲတမ်းအလုပ်အကျွေး ရဟန်းတစ်ပါးလိုလာ၏။ မြတ်စွာဘုရားက ငါဘုရားအတွက် အမြဲတမ်းအလုပ်အကျွေးရွေးရန်မိန့်ကြား၏။ ရဟန်းများက ညီတော်အာနန္ဒာအား မြတ်စွာဘုရားကို လုပ်ကျွေးခွင့်ပြုရန် လျှောက်ထားစေလိုကြောင်း တိုက်တွန်းကြ၏။ ညီတော်အာနန္ဒာက မိမိမလိုလားသောဆုလေးမျိုးကိုပယ်ခွင့်ရပြီး လိုလားသောဆုလေးမျိုးကို ခွင့်ပြုပါလျှင် လုပ်ကျွေးမည်ဖြစ်ကြောင်းလျှောက်၍ ပယ်ဆုလေးတန်၊ ပန်ဆုလေးပါးတောင်းပြီးး အမြဲတမ်းအလုပ်အကျွေးတာဝန်ယူ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည့်တိုင် လုပ်ကျွေးတော်မူလေ၏။


၁၉။ ကာလာမသုတ် ဟောတော်မူခန်း
ကာလာမ အမျိုးသားတို့သည် မြတ်စွာဘုရားထံချဉ်းကပ်၍ အချို့သော သမဏ ဗြဟ္မဏတို့သည် မိမိတို့ဝါဒကိုသာ မှန်ကန်သည်ဟု ဟောပြောလျက် သူတစ်ပါးတို့၏ ၀ါဒကို ရူတ်ချကြ၏။ မည်သည့်ပုဂ္ဂိုလ်တို့၏ ၀ါဒစကားသည် မှန်သနည်းဟု လျှောက်သော် မြတ်စွာဘုရားက ပြောသံကြားစကား၊ အစဉ်အဆက်စကား၊ စာပေနှင့် ညီညွတ်သည်ဟူသောစကား စသည်ဖြင့် ထိုစကားများကို မယုံကြည်သင့်၊ အပြစ်ရှိသည်ဟု ကိုယ်တိုင်သိသောတရားများကို စွန့်ပယ်၍ ကောင်းကျိုးချမ်းသာခြင်းငှာ ဖြစ်သည်ဟု ကိုယ်တိုင်သိသော တရားများကိုသာ ယုံကြည်ကျင့်ကြံကုန်ရ၏ဟု “ကေသမုတ္တိသုတ်”ကို ဟောတော်မူလေ၏။


၂၀။ ဂိလာန ရဟန်းအား ပြုစုတော်မူခန်း
မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ၀မ်းသက်ရောဂါဖြစ်၍ ကျင်ကြီးကျင်ငယ်တို့ဖြင့် လူးလှိမ့်အိပ်နေသော ရဟန်းကြဓီးတစ်ပါးကို မြင်လေ၏။ မြတ်စွာဘုရားက ထိုသူနာရဟန်းကိုမေးမြန်းသော် မိမိတွင်လုပ်ကျွေးမည့်သူမရှိကြောင်း လျှောက်လေ၏။ မြတ်စွာဘုရားသည် ကိုယ်တိုင်ရေနွေးဖြင့်ဖန်ဆေး၍ သူနာပြုတော်မူ၏။ ထိုအကြောင်းကြောင့် ရဟန်းများကို စုဝေးစေပြီးလျှင် ရဟန်းတို့အချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကို လုပ်ကျွေးပြုစုလိုသောရဟန်းသည် နာဖျားသောရဟန်းကို လုပ်ကျွေးပြုစုရာ၏ဟု ဆုံးမတော်မူလေ၏။


၂၁။ မာလုကျပုတ္တရဟန်းအား ဆုံးမတော်မူခန်း
မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး လောကသည် မြဲ၏၊ မမြဲ၏ အစရှိသည်တို့ကို မြတ်စွာဘုရားသည် မဟောကြားသေး၊ မြတ်စွာဘုရား မသိငြားအံ့မသိဟုဝန်ခံရန်၊ အကယ်၍မဟောကြားလျှင် မိမိလူထွက်တော့မည်ဟု လျှောက်ထား၏။ မြတ်စွာဘုရားက မာလုကျပုတ္တအား၊ “အကျိုးစီးပွားနှင့် မစပ်သည်တို့ကို ငါမဟောကြား၊ လောကသည်မြဲသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတရားတို့ဥည် တွေ့စမြဲဖြစ်သည်။ မြားပစ်ခံရသူသည် မြားပစ်ရာအရပ်၊ မြားပစ်သူ၊ လင်းလေး၊ ဒူးလေး စသည်တို့ကိုသိမှ မြားနုတ်အံ့ဟု ဆိုချေသော် သေရာသာရှိ၏။ ခန္ဓာကိုယ်၏ ဆင်းရဲခြင်းများကို မျက်မှောက်ဘ၀၌ပင် တွေ့ကြုံရသည်ဖြစ်၍ ငါဟောကြားသည်ကို ဟောကြားသည့်အတိုင်း မဟောကြားသည်ကို မဟောကြားသည့်အတိုင်းသာမှတ်လော့”ဟု ဆုံးမတော်မူ၏။


၂၂။ မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း
အသပြာရှစ်သိန်းကြွယ်ဝသော မဟာသာလပုဏ္ဏားကြီးသည် ဥစ္စာတို့ကို သားများအား အမွေအဖြစ် ခွဲဝေပေးလိုက်၏။ ဥစ္စာမရှိတော့သောပုဏ္ဏားကြီးကို သားများကစွန့်ပယ်ထားသောအခါ ပုဏ္ဏားကြီးသည် ဆင်းရဲပင်ပန်းစွာ လှည့်လည်ရှာဖွေစားသောက်နေရ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ ရောက်လာသော် မြတ်စွာဘုရားက ဂါထာလေးပုဒ်သင်ကြားပေး၏။ ပုဏ္ဏားကြီးသည် ထိုဂါထာမျာိးကု ပရိတ်သတ်စုံရာသဘင်၌ရွတ်ဆိုသော် မြို့သူမြို့သားများက သားများကို ခြိမ်းခြောက်မောင်းမဲပြစ်တင်ကြလေ၏။


၂၃။ ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း
မြတ်စွာဘုရားသည် ပဉ္စဂ္ဂပုဏ္ဏားကြီးထမင်းစားနေစဉ် ဆွမ်းခံကြွလာ၏။ ပုဏ္ဏေးမကြီးက ကန်တော့ဆွမ်းဟူသော အမူအရာကို ပုဏ္ဏားကြီးမမြင်အောင်ပြလေ၏။ ပုဏ္ဏားကြီးသိလေသာ် မြတ်စွာဘုရားထံချဉ်းကပ်ပြီး၊ မိမိစားဆဲ ထမင်းသာလျှင်ရှိပါ၏။ မြတ်စွာဘုရားကို အဦးမလှူရသဖြင့် လျှောက်ပတ်ပါမည်လော၊ လက်ခံနိုင်ပါမည်လောဟု လျှောက်၏။ မြတ်စွာဘုရားက ဆွမ်းဦးကိုလည်းကောင်း၊ စားဆဲကိုလည်းကောင်း၊ စားပြီးကျန်ကြွင်းသောဆွမ်းကိုလည်းကောင်း လှူရန်လျှောက်ပတ်၏။ အလှူခံ ရဟန်းပုဏ္ဏားတို့သည် လှူသောဆွမ်းကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမပြုသင့်ဟု ဟောကြားတော်မူ၏။


၂၄။ ဒေ၀ဒတ် သံဃာသင်းခွဲခန်း
ဒေ၀ဒတ်သည် မြတ်စွာဘုရားနှင့် စစ်ပြိုင်ပြုလိုသော အကြံဖြင့် မြတ်စွာဘုရားထံမှောက် သဓွားရောက်ကာ ရဟန်းများ သက်သတ်လွတ်စားရန်၊ ပံ့သကူသင်္ကန်းဆောင်ရန်၊ ရုက္ခမူ ဓူတင်ဆောင်ရန် စသော ငါးပါးသောဝတ္ထုတို့ကိုတောင်း၏။ မြတ်စွာဘုရားက ခွင့်မပြုသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား လာဘ်ပေါးများခြင်း အကျိုးငှာသာ ပြု၏ဟု ကဲ့ရဲ့၍ မိမိနှင့် သဘောတူသော ရဟန်းများကို ခေါ်ယူလျက် သံဃာသင်းခွဲကာ မြတ်စွာဘုရားထံမှ ထွက်ခွာသွားလေ၏။ ဤအကုသိုလ်ကြောင့် ဒေ၀ဒတ်သည် မြေမြိုခံရလေသည်။


၂၅။ အဇာတသတ် ကန်တော့ခန်း
ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်မိသော အဇာတသတ်၏စိတ်သည် မတည်မငြိမ်ဖြစ်နေသည်။ မိမိ၏စိတ်အေးချမ်းတည်ငြိမ်စေရန်အတွက် အားကိုးရာရှာ၏။ ဆရာဇီဝကသည် တန်ဆောင်မုန်းလပြည့်ညတွင် ဆင်မယာဉ်သာ ၅၀၀-ကို မောင်းမ ၅၀၀-စီးနင်းစေ၍ အဇာတသတ်ကို ခြံရံစေကာ မြတ်စွာဘုရားထံပို့လေ၏။ ၁၂၅၀သော သံဃာတို့၏ အလယ်၌ရှီသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ သံဃာပရိသတ်၏ ငြိမ်သက်မူကို ဖူးမြင်ရသည့်အခါ နှစ်သက်ကြည်ညို သဒ္ဓါပိုကာ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းစကားကျူးရင့်လေသည်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောကြောင့် ဥပသကာအဖြစ် ခံယူလေ၏။


၂၆။ အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း
အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ကြည်ညိုတော်မူကာ မြတ်စွာဘုရားနှင့်တူသူ ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်တွင်လည်း ရှိမည်မဟုတ်ဟု ၀မ်းသာအားရ ချီးပလျှောက်ထားလေ၏။ မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံ့သော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟုမေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ်ကြောင့် ပြောရသနည်းဟု မေးမြန်းလေ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံသိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့သော ရဲရဲရင့်ရင့် စကားဖြင့် လျှောက်ထားရခြင်းဖြစ်ပါ၏ဟု လျှောက်တော်မူလေသည်။


၂၇။ အမ္ဗပါလီ၏ ဆွမ်းပင့်လျှောက်ထားခန်း
မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် အမ္ပပါလီ ပြည့်တန်ဆာမသည် မြတ်စွာဘုရားထံ ဆွမ်းဖိတ်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။ လိစ္ဆ၀ီမင်းများက အမ္ဗပါလီထံမှ ထိုဆွမ်းလှူခွင့်ကိုအသပြာပေး၍ ၀ယ်ကြလေ၏။ အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆ၀ီမင်းများသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဆွမ်းဖိတ်လျှောက်ထားပြန်၏။ မြတ်စွာဘုရားက အမ္ဗပါလီ၏ဆွမ်းကို လက်ခံပြီးဖြစ်သည်ဟု မိန့်ကြားလျက် လိစ္ဆ၀ီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။


၂၈။ ပရိနိဗ္ဗာန် စံတော်မူခန်း
မြတ်စွာဘုရား သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် အာယုသင်္ခါရလွှတ်တော်မူ၏။ ကုသိနာရုံသို့ ရဟန်းများခြံရံလျက် ကြွတော်မူရာ၊ ၀မ်းလားနေသော်လည်း ဝေဒနာကို သည်းခံ၏။ ရဟန်းများစုံညီစေ၍ ပစ္ဆိမ၀စန နောက်ဆုံးစကားမိန့်ကြားတော်မူပြီးလျှင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူ၏။



ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ်လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ရလိုမူဖြင့် မင်းများက စင်ပြင်ကြ၏။ မင်းတို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓာတ်တော်များကို ညီမျှစွာခွဲဝေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓာတ်တော်ခြင်သော ခွက်ကိုသာ ရလေ၏။

ရှေးမြန်မာတို့ ၏ ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ

၁ နှစ်မြောက် = စက္ကူရတု...
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
၇၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = န၀ရတ်ရတု

=======================================
အကြိမ်ရေ ရေတွက်ပုံ

၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿမ
၁၁=ဧကာဒဿမ
၁၂=ဒွာဒဿမ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ

==========================================

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ

တစ်ဆယ် ဆယ်လီ=၁၀၀(တစ်ရာ)

တစ်ရာ ဆယ်လီ=၁၀၀၀(တစ်ထောင်)

တစ်ထောင် ဆယ်လီ=၁၀၀၀၀(တစ်သောင်း)

တစ်သောင်း ဆယ်လီ=၁၀၀၀၀၀(တစ်သိန်း)

တစ်သိန်း ဆယ်လီ=၁၀၀၀၀၀၀(တစ်သန်း)

တစ်သန်း ဆယ်လီ=၁၀၀၀၀၀၀၀(တစ်ကုဋေ)

ကုဋေပေါင်း သိန်းတစ်ရာ=တစ်ပကောဋိ

ပကောဋိပေါင်း သိန်းတစ်ရာ=တစ်ကောဋိပကောဋိ

ကောဋိပကောဋိပေါင်း သိန်းတစ်ရာ=တစ်နဟုတ

နဟုတပေါင်း သိန်းတစ်ရာ=တစ်နိန္နဟုတ

(ဤမျှလောက်ကိုသာလျှင် သင်္ချာတတ်သော လောကီပုဂ္ဂိုလ်တို့ ရေတွက်နိုင်သည်။ဤထက်အလွန်ကား ဘုရား၊
ရဟန္တာတို့မှသာ ရေတွက်နိုင်သည်။)

နန္နဟုတ တစ်သိန်းတို့၏ တစ်ရာ=တစ်အက္ခောဘိဏီ

အက္ခောဘိဏီ တစ်သိန်းတို့၏ တစ်ရာ=တစ်ဗိန္ဒု

ဗိန္ဒု တစ်သိန်းတို့၏ တစ်ရာ=တစ်အဗ္ဗုဒ

အဗ္ဗုဒ တစ်သိန်းတို့၏ တစ်ရာ=တစ်နိရဗ္ဗုဒ

Credit - Myanmar Sar

Wednesday, June 24, 2015

အလှူဒါနအမျိုးမျိုး

သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။...
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။


(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

(၂) သက္ကစ္စဒါန
-------------------
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။

[လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။]

(၃) ကာလဒါန
-----------------
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။

[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။]

(၄) အနုဂ္ဂဟိတဒါန
----------------------
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။

[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]

(၅) အနုပဟစ္စဒါန
---------------------
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]

(ဆောင်ပုဒ် - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊
ချီးမြှောက်ဘိလျက်၊မထိမပါး၊ ပေးလှူငြား၊
ငါးပါး သပ္ပုရိသ မြတ်ဒါန။)

Thursday, March 19, 2015

သင်္ကြန်အကြောင်း သိကောင်းစရာ

သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေ
အားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။ "ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ " သင်္ကြန္တ" တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ် ဆိုကြခြင်း ဖြစ်ပါ၏ ။

သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေ ရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့
သင်္ကြန်၊ ထိုင်း တို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊
လာအို တို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင် လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်
ကူး ပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်။


သင်္ကြန်အကျဉ်း ဆိုလိုရင်း
 အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်
ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်း
တစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို
အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။ ဒီိတော့သင်္ကြန်ဆိုတာပြောင်းလဲ
ခြင်း၊ ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။


သင်္ကြန် အကျယ် သိမှတ်ဖွယ်
သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ် ။ ဒါကြောင့်
အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ် ။
ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့ အဿဝနီ နက္ခတ် ပထမ ပတ်သို့ စတင်ဝင် ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည်ဝင်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။

စူဠ မဟာ သင်္ကြန်အခါ
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယင်း ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။ ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့် နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ်ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်" ဟု ၎င်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟု ၎င်း အလေး အမြတ်ပြုမှတ်သားလျက် သင်္ကြန်ပွဲတော်ကို ဆင်နွှဲ ကျင်းပ ကြပါတယ် ။ ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ် အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ် သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ်

သင်္ကြန် ကြို..အကျ ...အယူ အဆ
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။
သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆို သော နေ့ကိုတော့ "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။

သင်္ကြန်ကျရက် ဤသို့တွက်
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်
အတက် ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ ပင်
ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂
မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။


သင်္ကြန်ပုံပြင် ဖတ်လိုလျှင်
တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း သိကြား မင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။ ထို့နောက် ရှုံးတဲ့သူက ခေါင်းဖြတ် ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံး အဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက် သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်း ကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။ ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်းလက် ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်း စဉ်းစားမိသည်မှာ...။ မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာ မီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွား လိမ့် မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင်တစ်ယောက်ကြ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်အပ်နှံပေးထားလိုက်ပါတော့သတဲ့ ။ ထို နတ်သမီးတွေ ရဲ့တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက် ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့....။ မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာ လည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။ ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။

မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်က
ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း
လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲ
အောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာလုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။ အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက်မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ် ။သင်္ကြန် အစ၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ....။

ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော်ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင်
ရုဒံ = ငိုကြွေးခြင်းကိုသော် ၎င်း၊
မေထုနဉ္စ = မေထုံမှီဝဲခြင်းကိုသော် ၎င်း၊
မံသံ = ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော် ၎င်း၊
သူရ = သေရည်သေရက်သောက်ခြင်း ကို သော် ၎င်း၊
ကောဓောစ = အမျက်ထွက်ခြင်းကိုသော် ၎င်း၊
ရုဓံ = သွေးထုတ်ခြင်းကို သော် ၎င်း၊
တေလိကံ = ဆေးဆီလိမ်းခြင်းကိုသော် ၎င်း၊
နကေရ- မပြုရာ၊ မရောင်း အပ်။ ဣမာနိဒသ ကမ္မာနိ- ဤသို့ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ-
သိကြားမင်း သော်၎င်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။

မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ
 (၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
 (၂) လိင်ဆက်ဆံခြင်း။
 (၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
 (၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
 (၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
 (၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
 (၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
 (၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
 (၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
 (၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်...။

ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင်
မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်
သားရပါတယ်....။ ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင် ထား၊ မြင်းမိုရ် ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန်အလိုတည်း”

အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။ ဒါကြောင့်သင်္ကြန်အတွင်းမှာ မကောင်းသော အပြု အမူ အပြောအဆို အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။

သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို
သုံးစွဲ နေတာကို တွေ့ရပါမယ် ။ "အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့်
"အန္တ-အဆုံး "ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။ ယင်းအလို အားဖြင့်
"အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်

အတာရက်ကို ဤသို့ဆို
 "အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်
ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။ ဒါကိုပင် အတာစားသည်
ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။

အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။
"အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ် သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထား တာတွေ လေ့လာ ဖတ်ရှု့ရပါတယ်

အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာ ရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..။

အတာအိုး အတာပန်း
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇) ရက်သား သမီး တို့အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်စေ ရေပြည့်အိုးမှာထည့်ကြလေ့ရှိပါတယ် ။
စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊
သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာကိုယ်
စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ် .။

ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ် ။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။ ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရသည်။ အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။ သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။

(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)

သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ
ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂ
လာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ ကြပါ တယ် ။ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါအတိုင်း ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်

"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။
ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်း
သို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊
လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။

တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုး
တို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။ သတ
သဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
 ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင်
သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်...။

နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်းလဲ ခြင်းလို့ နားလည်ခဲ့ရပါပြီ .. ဒီ ပြောင်းလဲ ခြင်းဟာဘယ်တော့
မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...။ ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင်ကျင်လည်ခဲ့ ရအုံး
မယ်ဆိုရင်ဖြင့် နိမ့်တုံတခါ မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော် ရုံနဲ့အဆုံးမသတ်
နိုင်တော့ ဘူးလို့ တွေးမိပါတယ်....

လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ
တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွား တတ်
ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကို
သိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကိုသာ မိမိနဲ့ တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်...။

ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့တစ်နေရာ
တည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့ ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ
..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည်စသည် ဖြင့် ပြောင်းရွှေ့
ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ
အထိ ပြောင်းရွှေ့ရအုံးမယ်..

သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲ
ချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား...တန်ဖိုးကြီးပြီး မြင့်မြတ်
သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော
ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား...။

ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း
နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်
ကောင်းမှု့တွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်
တွေကို နှစ်ခဲ့ ကြပါစို့လား ... နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်
လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ..။

မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ ။
ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)

မှတ်ချက်။ ။ သင်္ကြန်နီးလာတော့ သင်္ကြန်ပို့လေးရေးချင်မိတယ်(သူများတွေအားကျလို့ :P)... ရေးသာရေး
ချင်တာ ဘာမှထွက်မလာဘူး... သင်္ကြန်ရဲ့ အကြောင်း(သမိုင်းကြောင်း)လေးလည်းသေချာသိချင်တာမို့အွန်လိုင်းမှာ ရှာကြည့်ပါစေသော်လည်းမတွေ့(ကိုယ်တိုင်ကလည်းညံ့ပါတယ်။ စာရေးရမှာလည်းပြင်းတော့
ကော်ပီလုပ်ပြီးတင်ချင်လို့ရှာတာ လိုချင်တာမရဘူး)... ဒါကြောင့် အရှင်နန္ဒ၀ံသ ရေးထားတဲ့ဆောင်းပါး
လေးကို ပြန်လည်ရေးသားတင်ပြလိုက်ပါတယ် ခင်ဗျာ... ။

ရာဇာထွေး