အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Wednesday, December 10, 2014

သူမရှိ ငါမရှိ

ပုထုဇဉ်ဖြစ်သော လူသတ္တ၀ါတို့သည် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌

၁။ ရုပ်(၀ါ)ရူပက္ခန္ဓာကို သူ့သဘာဝအတိုင်းပြောင်းလဲဖောက်ပြန်နေသော ပရမတ္ထသဘာဝ ကြိယာ သဘောသက်သက်မျှဖြစ်သည်ဟု ...မသိမြင်ဘဲ ဒြပ်သဏ္ဍာန်အဖြစ်မှတ်ယူပြီး ပုဂ္ဂိုလ်သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသောအနေဖြင့် မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်း ဖြစ်လျက်ရှိသည်။

၂။ ဝေဒနာ(၀ါ)ဝေဒနက္ခန္ဓာကိုအာရုံတို့၏အရသာ ကိုခံစားတတ်သော ပရမတ္တသဘာဝ ကြိယာ သဘောသက်သက်မျှသာဖြစ်သည်ဟုမသိဘဲ အာရုံအမျိုးမျိုးကိုငါခံစားသည်ဟူသောအနေ ဖြင့် မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာ စွဲလမ်းခြင်းဖြစ်လျက်ရှိသည်။

၃။ သညာ(၀ါ)သညာက္ခန္ဓာကိုအာရုံအမျိုးမျိုး ကို မှတ်သားတတ်သော ပရမတ္တသဘာဝ ကြိယာသဘောသက်သက်မျှဖြစ်သည်ဟု မသိမြင်ဘဲ အာရုံအမျိုးမျိုးကိုငါမှတ်သား သည်ဟူသောအနေဖြင့် မှားယွင်းစွာစွဲလမ်း ခြင်းဖြစ်လျက်ရှိသည်။

၎။ သင်္ခါရ(၀ါ) သင်္ခါရက္ခန္ဓာကို အမှုကိစ္စ အမျိုးမျိုး၊ အကောင်းအဆိုးကံအမျိုးမျိုးကို ပြုပြင်ဖန်တီးတတ်သော ပရမတ္တသဘာဝ ကြိယာသဘောသက်သက်မျှသာဖြစ်သည် ဟု မသိမြင်ဘဲ အမှုကိစ္စအမျိုးမျိုး၊ အကောင်း အဆိုးကံအမျိုးမျိုးကို ငါပြုလုပ်ဖန်တီးသည် ဟူသော အနေဖြင့်မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်းဖြစ်ပေါ်လျက်ရှိသည်။

၅။ ၀ိဉာဏ်(၀ါ) ၀ိဉာဏက္ခန္ဓာကို အာရုံ အမျိုးမျိုးကို သိမြင်တတ်သော ပရမတ္တသ ဘာဝ ကြိယာသဘောသက်သက်မျှဖြစ် သည်ဟု မသိမြင်ပဲ အာရုံအမျိုးမျိုးကိုငါသိ သည်ဟူသောအနေဖြင့် မှားယွင်းစွာထင် မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်းဖြစ်လျက် ရှိသည်။

ပုထုဇဉ်သတ္တ၀ါတို့သည် ခန္ဓာငါးပါး၌ဖော် ပြခဲ့သည့်အတိုင်း အမှန်မမြင်ပဲ မှားယွင်း စွာ စွဲလမ်းတတ်သောကြောင့် ခန္ဓာငါးပါး ကို ဥပါဒါန်ခန္ဓာ(၀ါ)ဥပါဒါနက္ခန္ဓာဟုခေါ်ရ ပေသည်။ ထိုသို့ခန္ဓာငါးပါး၌

၁။ အမှန်မမြင်မှု
၂။ မှားယွင်းစွာစွဲလမ်းမှုတည်းဟူသော ဥပါဒါန်သည် ပုထုဇဉ်လူသတ္တ၀ါတို့တွင် အမှန်ရှိနေသည်။ ထိုအမှန်မမြင်မှု မှား ယွင်းစွာစွဲလမ်းမှုတို့ကိုပင် သမုဒယ ဟု ယေဘုယျပြု၍ လူသတ္တ၀ါတို့တွင် သမုဒယသည် အမှန်ရှိသည်ဟု ဗုဒ္ဓဆိုခဲ့ ခြင်းဖြစ်သည်။

သို့ဖြစ်၍ခန္ဓာငါးပါးကို မှားယွင်းစွာမြင်မှု၊ မှားယွင်းစွာစွဲလမ်းမှုနေရာ၌ အမှန်မြင်မှု၊ အစွဲကင်းမှုဖြစ်အောင်ကြိုးပမ်းအားထုတ် ရေးသည် ဗုဒ္ဓ၀ါဒ၏ပဓါနလုပ်ငန်းဖြစ်၏။ ခန္ဓာငါးပါးကို အမှန်မြင်မှု၊ အစွဲကင်းမှု ဖြစ်လာရေးအတွက် ပဓါနလုပ်ငန်းမှာ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်အောင် စူးစမ်းရှုမြင်ရန်ပင်ဖြစ်၏။ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်လာရေးအတွက် စူးစမ်း ရှုမြင်နည်းကို ယေဘုယျအားဖြင့် ဗုဒ္ဓ က အောက်ပါအတိုင်း ဖော်ပြ၏။

ရဟန်းတို့ ရုပ်သည်မမြဲ၊ မမြဲသောရုပ် သည်ဆင်းရဲ၏။ ဆင်းရဲသောရုပ်သည် အတ္တမဟုတ်။ အတ္တမဟုတ်သောရုပ် ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ် သည် ငါမဟုတ်၊ ဤရုပ်သည်ငါ၏ အတ္တမဟုတ်ဟု ဤသို့ဟုတ်မှန်သည့် အတိုင်းပညာဖြင့်ရှုရမည်။ ဝေဒနာ သည် မမြဲ၊ မမြဲသောဝေဒနာသည် ဆင်းရဲ၏။ ဆင်းရဲသောဝေဒနာသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝေဒနာကို ဤဝေဒနာသည်ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည်ငါမဟုတ်၊ ဤဝေဒနာသည်ငါ၏အတ္တမဟုတ် ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့်ရှုရမည်။ ထိုနည်းအတူ သညာ၊ သင်္ခါရ၊ ၀ိဉာဏ် တို့ကိုလည်း ဟုတ်မှန်သည့်အတိုင်း ပညာဖြင့်ရှုရမည်။ (ယဒနိစ္စသုတ်၊ အနိစ္စသုတ်၊ ခန္ဓသံယုတ်)

သတိပဋ္ဌာန်ကျင့်စဉ်ဖြင့် အားထုတ်၍ သမာဓိစွမ်းအင်ကောင်းမွန်လာသော အခါ ခန္ဓာငါးပါး၌ အနိစ္စသဘောကို ဖြစ်စေ၊ ဒုက္ခသဘောကိုဖြစ်စေ၊ အ နတ္တသဘောကိုဖြစ်စေ တိတိပပသိ မြင်လာသည်။ ရုပ်သည်အပြတ်ပြတ် အပိုင်းပိုင်းကလေးများ ဆင့်ဆက်လျက် အစဉ်ပြောင်းလဲနေသောသဘောမျှဖြစ် သည်ဟု သိမြင်လာသည်။ ဝေဒနာ သည် ခံစားမှုခဏခဏ ကလေးများ (၀ါ) ခံစားမှုအပိုင်းအပိုင်းကလေးများ ဆင့်ဆက်လျက်အစဉ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟု သိမြင် လာသည်။ သညာသည် မှတ်သားမှု ခဏခဏကလေးများ (၀ါ) မှတ်သား မှုအပိုင်းအပိုင်းကလေးများ ဆင့်ဆက် လျက် အစဉ်ပြောင်းလဲနေသော သဘောမျှဖြစ်သည်ဟု သိမြင်လာ သည်။ သင်္ခါရသည် စေ့စော်ပြုပြင်မှု ခဏခဏကလေးများ(၀ါ) စေ့ဆော် ပြုပြင်မှု အပိုင်းအပိုင်းကလေးများ ဆင့်ဆက်လျက်အစဉ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟုသိမြင် လာသည်။ ၀ိဉာဏ်သည် သိမှုခဏ ခဏကလေးများ (၀ါ) သိမှုအပိုင်း အပိုင်းကလေးများ ဆင့်ဆက်လျက် အစဉ်ပြောင်းလဲနေသောသဘောမျှ ဖြစ်သည်ဟု သိမြင်လာသည်။

ထိုသို့ခန္ဓာငါးပါးရုပ်နာမ်သင်္ခါရတရား တို့သည် အပိုင်းအပိုင်းကလေးများ ခဏခဏကလေးများအနေဖြင့်အစဉ် ပြောင်းလဲနေသော သဘောမျှဖြစ် သည်ဟူသော အနိစ္စသဘောကို သိမြင်လာလျှင် အစဉ်ပြောင်းလဲနေ သော ခန္ဓာငါးပါးသည် စင်စစ်ဆင်းရဲ သည်ဟူသော ဒုက္ခသဘော(၀ါ) ဒုက္ခသညာထင်လာလေသည်။ အစဉ်ပြောင်းလဲနေသောမမြဲသော ခန္ဓာငါးပါးသည် စင်စစ်အစိုးရခြင်း မရှိ၊ ဖြစ်လိုရာကိုဖြစ်နိုင်ခြင်းသ ဘောလည်းမရှိဟူ၍မြင်သော အနတ္တသဘော(၀ါ)အနတ္တသညာ လည်းထင်မြင်လာသည်။ ဤ သည်မှာ ဒုက္ခသစ္စာကိုထင်မြင် လာခြင်းဖြစ်၏။ ထိုသို့ခန္ဓာငါးပါး ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော (ဒုက္ခသစ္စာ)ကို သိမြင်သောအခါ ခန္ဓာငါးပါး၌ငြီးငွေ့ပြီး (ထိုခန္ဓာငါး ပါး သင်္ခါရတရားတို့မှ) လွတ်မြောက် အောင်စိတ်သည် ရုန်းထွက်သွား ၏။ ပထမအကြိမ်ရုန်းထွက်၍လွတ် မြောက်သွားသော စိတ်ရှိသော ပုဂ္ဂိုလ်ကို သောတာပန်အရိယာ ပုဂ္ဂိုလ်ဟုခေါ်သည်။

ထိုသောတာပန်အရိယာပုဂ္ဂိုလ် သည် ရုပ်ကိုအပြတ်ပြတ်အပိုင်းပိုင်း ခဏခဏကလေးများဆင့်ဆက် လျက် အစဉ်မပြတ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟုသိ မြင်လာသောအခါ ရုပ်၌ငါသူတစ် ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ စသည့် နိမိတ်သဏ္ဍာန် အနေဖြင့် ပညတ်ခေါ်ဝေါ်စရာ၊ ထင်မှတ်စွဲလမ်းစရာမရှိကြောင်း သိမြင်လာသည်။ ဝေဒနာကို လည်း ခံစားခြင်းသဘောမျှဖြစ် သည်ဟု သိမြင်လာသောအခါ ဝေဒနာ၌ ငါခံစားသည်ဟူသော အနေဖြင့်ထင်မှတ်စွဲလမ်းစရာမရှိ ကြောင်းသိမြင်လာသည်။ သညာ ကိုလည်း မှတ်သားခြင်းသဘောမျှ အဖြစ် သိမြင်လာသောအခါ သညာ ၌ ငါမှတ်သားသည်ဟူသောအနေ ဖြင့် ထင်မှတ်စွဲလမ်းစရာမရှိကြောင်း သိမြင်လာသည်။ သင်္ခါရကိုလည်း စေ့ဆော်ပြုပြင်ဖန်တီးခြင်းသဘော မျှဖြစ်သည်ဟု သိမြင်လာသော အခါ သညာ၌ငါစေ့ဆော်ပြုပြင် ဖန်တီးသည်အနေဖြင့် ထင်မှတ် စွဲလမ်းစရာမရှိကြောင်းသိမြင်လာ သည်။ ၀ိဉာဏ်ကိုလည်းသိခြင်း သဘောမျှဖြစ်သည်ဟု သိမြင် လာသောအခါ ၀ိဉာဏ်၌ငါသိ သည်ဟူသောအနေဖြင့် ထင်မှတ် စွဲလမ်းစရာအကြောင်းမရှိကြောင်း သိမြင်လာသည်။ ထိုသို့ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမစသည်အနေ ဖြင့်ထင်မှတ်စွဲလမ်းမှုကင်းသွား ခြင်းကိုပင် ပုဂ္ဂလပညတ်ကင်း သွားသည် ကြေသွားသည်ဟု ဗုဒ္ဓဒေသနာတော်၌ ဖော်ပြ၏။

စင်စစ် ရုပ်သည်ပြောင်းလဲနေခြင်း သဘောမျှ၊ ဝေဒနာသည်ခံစား ခြင်းသဘောမျှ၊ သညာသည်မှတ် သားခြင်းသဘောမျှ၊ သင်္ခါရသည် စေ့ဆော်ဖန်တီးခြင်းသဘောမျှ ၀ိဉာဏ်သည်သိခြင်းသဘောမျှ ဖြစ်ပါလျက် သမုဒယ၏ဖုံးကွယ် လှည့်စားမှုကြောင့် ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ပုဂ္ဂလပညတ် တပ်မိရကား ခန္ဓာငါးပါးတွင်တမျိုး တဖုံပြောင်းလဲတိုင်း၊ ဖောက်ပြန် တိုင်း ဒုက္ခဖြစ်ရခြင်းပင်ဖြစ်သည်။ သောတာပန်အရိယာပုဂ္ဂိုလ်သည် ပုဂ္ဂလပညတ်ကင်းစင်သွားရကား ခန္ဓာငါးပါး၌အမြင်မှားမှု၊ သို့လော သို့လော သံသယဖြစ်မှု(ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ)ကင်းသွားလေသည်။ သို့ရာတွင် ခန္ဓာငါးပါး၌ မှားယွင်း စွာစွဲလမ်းမှု အကြွင်းမဲ့ကင်းစင် ခြင်းကား မရှိသေးချေ။

နန္ဒသိန်းဇံဘ၀အဓိပ္ပါယ်နှင့်ဘ၀သစ္စာ

Saturday, October 11, 2014

ကထိန်အလှူ






“ ရဟန်းတော်များအား ဘုရားရှင်ရဲ့ဝိနည်း(၅)ခုကို အချိန်တစ်ခုထိ လျော့ပါးစေတဲ့ကထိန်အလှူ”
★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★

★ ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူးခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညတ်ထားတဲ့မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ပြည့်စုံပါတယ်။ မိမိတို့လှူလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသတ်အတွင်း ခေတ္တခဏ သက်သာခွင့်ရအောင်ဖန်းတီးပေးနိုင်ပါတယ်။


★ လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တ၀ါမှပယ်လည်းမပယ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်နိုင်ပါဘူး။ ပြုလည်း မပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ပယ်နုတ်ဖြည့်စွက်ခြင်း ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။ ဒါပေမယ့် ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်းသင်္ဃန်းကတော့ လုပ်နိုင်ပါတယ်။ သိက္ခာပုဒ်တွေအားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ်ငါးခုကိုတော့ လုပ်နိုင်ပါတယ်။
(များရာ လိုက်ပြီး ငါးခုလို့ပြောတာပါ။ သိက္ခာပုဒ်အနေနဲ့ကတော့ လေးခုပါပဲ)

★ ကထိန်အလှူရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီဆိုရင် ဒီကထိန်ရဲ့အာနိသင်ရတဲ့သံဃာတော်များဟာ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ကနေစပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ မြတ်စွာဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်(ငါးခုကို) မလိုက်နာ မကျင့်သုံးနေလို့ ရပါတယ်။ တစ်နည်းပြောရရင် မြတ်စွာဘုရား နဂိုကပညတ်ထားတဲ့သိက္ခာပုဒ်(ငါး)ခုဟာ ဒီငါးလ အတော အတွင်းမှာတော့ ကထိန်အာနိသင်ရထားတဲ့ သံဃာတော်တွေအတွက် သိက္ခာပုဒ်လို့မဆိုနိုင်ဘူး။ ဒီ ငါးလ အတွင်းမှာ ဒီသိက္ခာပုဒ်မရှိတော့ဘူးလို့ သဘောပေါက်ရင် ပိုရှင်းသွားတော့မှာပေါ့။

★ ဒီသိက္ခာပုဒ်ငါးခုကို ဒီငါးလအတွင်းမှာ မကျင့်ဘဲ နေလို့ရတယ်ဆိုတော့ မကျင့်လို့လည်း အာပတ်သင့်မသွားဘူးလို့ဆိုလိုတာပါ။ ကျင့်စရာမလိုဘူးဆိုရင် မလေးမစားလုပ်ရမှာမျိုးတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီသိက္ခာပုဒ်(၅)ခု မကျင့်လည်းရတယ်။ ဒီသိက္ခာပုဒ်ငါးခု မရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ် ပြောထားတာပါ။ တပေါင်းလပြည့်ကျော်သွားရင်တော့ မူလအတိုင်း ပြန်ပြီးတော့ကျင့်သုံးရမှာပါ။ အဲ့ဒီလို မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လောက်ကြီးကျယ်ခန်းနားတဲ့ဒါနကုသိုလ်ကမှ မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့ သီလကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်တဲ့ ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။

★ အဆင့်အတန်းမြင့်လှတဲ့ ၀ိပဿနာကုသိုလ်တွေ မဂ်ကုသိုလ်တွေ လောကုတ္တရာကုသိုလ်တွေကလည်း မြတ်စွာဘုရားရှင်ရဲ့အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။ ကထိန်အလှူရှင်များ လှူဒါန်းတဲ့ ကထိန်အလှူတစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်ငါးခုကို ခေတ္တခဏပယ်နုတ်နိုင်ပါတယ်။ အဲ့ဒါကိုက အင်မတန် ထူးခြားမှုတစ်ခုပါပဲ။ ကထိန်အလှူကို အထူးခြားဆုံးအလှူလို့ပြောရတာ ဒီအချက်က အဓိကပဓာန အကျဆုံးပါပဲ။ ဒီတစ်ချက်တစ်ခုနဲ့တင် ကထိန်အလှူဟာ အထူးခြားဆုံး အလှူဖြစ်နေပါပြီ။ ဘာတွေလဲဆိုတော့

★ (၁)“ အနာမန္တစာရ ” ဆိုတဲ့သိက္ခာပုဒ်။ ဘာလဲဆိုတော့ မြို့ရွာထဲက အိမ်တစ်အိမ်က ဆွမ်းစားပင့်ထားတယ်ဆိုရင် အဲ့ဒီအိမ်ကို ဆွမ်းမစားခင်မှာပဲဖြစ်ဖြစ် ဆွမ်းစားပြီးနောက်ပိုင်းမှာပဲဖြစ်ဖြစ် ရပ်ထဲရွာထဲ အကြောင်းကိစ္စ တစ်ခုခုနဲ့ထွက်စရာရှိတယ်ဆိုရင် ကျောင်းတိုက်ထဲမှာ ရှိတဲ့ မိမိရဲ့ မျက်မှောက်မှာ ထင်ရှားရှိတဲ့ သံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ သွားရတယ်။ “တပည့်တော် ဘယ်သွားမလို့ပါဘုရား ဘာကိစ္စနဲ့ဘယ်ကြွမလို့ပါဘုရား” စသည်ဖြင့် ရဟန်းသံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ မြို့ထဲရွာထဲကို သွားခွင့်ရှိတယ်။ ဘယ်သူ့မှမပန်ဘဲ ငါဆရာတော်ပဲ သွားချင်ရာသွားမယ်၊ မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ အချိန်တန်ပြန်မှာပဲဥစ္စာ လို့ ဘယ်သူ့မှမပန်ပဲ မြို့ထဲရွာထဲကိုသွားခွင့်မရှိပါဘူး။အာပတ်သင့်ပါတယ်။ ကထိန်အာနိသင်ရပြီဆိုရင်တော့ မြို့ရွာထဲအကြောင်းကိစ္စရှိလို့ဘယ်သူ့မှ မပန်ဘဲသွားလို့ရပါတယ်။အဲ့ဒီလို သွားလို့လဲ အာပတ်မသင့်တော့ပါဘူး။အပြစ်မရောက်ပါဘူး။ သို့သော်လည်း ယဉ်ကျေးမှုစည်းကမ်းအရတော့ ပြောရမှာပေါ့ ဒါမှလည်း အကြောင်းကိစ္စရှိတဲ့အခါ ဆက်သွယ်လို့ရတာပေါ့။ ပြောလို့ ဆိုလို့ရတာပေါ့။

★ (၂)“အသမာဒါနစာရ” ဆိုတာကတော့ သံဃာတော်များဟာ တိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကို တစ်ညမှ ကိုယ်နဲ့ကင်းကွာနေခွင့် မရှိပါဘူး။ မိမိ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့သင်္ကန်း၊ ဧကသီရယ်၊သင်းပိုင်ရယ်၊နှစ်ထပ်သင်္ကန်းကြီးရယ် ဒီသုံးထည်ကို နောက်တစ်နေ့အာရုံတက်တဲ့အချိန်မှာ ကိုယ့်ရဲ့နှစ်တောင့်ထွာပတ်ဝန်းကျင်မှာ ရှိနေရမယ်။ခန္ဓာကိုယ်မှာ ၀တ်ထားလို့ပဲဖြစ်ဖြစ် မ၀တ်ရင်လည်း  ကိုယ့်ရဲ့နှစ်တောင်ထွာ အတွင်းမှာ ခေါက်ထားပြီးတော့ပဲဖြစ်ဖြစ် ရှိနေရမယ်။ ကိုယ့်ရဲ့နှစ်တောင့်ထွာအတွင်းမှာ အဲ့ဒီ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည် မရှိဘူးဆိုရင် အာပတ်သင့်သွားပြီ။

★ ဒီနေရာမှာ “တိစီစရိက်အဓိဋ္ဌာန်” ဆိုတဲ့အဓိပ္ပာယ်လေးကို နည်းနည်းလေး အာရုံပြုကြည့်ရအောင်။ တိစီဝရိက် ဆိုတာကတော့ “တိ” ဆိုတာ သုံးခုပါပဲ။“စီဝရိက်” ဆိုတာ သင်္ကန်းပေါ့။ ၀ိနည်း တိဝီ၀ရိက်အဓိဋ္ဌာန်တယ်ဆိုတာကတော့ ဧကသီတစ်ခုကိုလည်း ဤသင်္ကန်းကို ဧကသီအဖြစ်နဲ့အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ ဒီလို အဓိဋ္ဌာန် တင်ထားရတယ်။ သင်းပိုင်းတစ်ခုကိုလည်းပဲ ဤသင်္ကန်းကို သင်းပိုင်အဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ သင်းပိုင်းမှတ်မှတ် အသုံးပြုပါမယ်။နှစ်ထပ်သင်္ကန်းကိုလည်း ဤနှစ်ထပ်သင်္ကန်းကြီးကို နှစ်ထပ်သင်္ကန်းကြီးအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ အဲ့ဒီလို အဓိဋ္ဌာန်ထားရတယ်။

★ အဲ့ဒီလိုအားဖြင့် ဧကသီတစ်ထည် သင်းပိုင်းတစ်ထည် နှစ်ထပ်သင်္ကန်းတစ်ထည် သင်္ကန်းသုံးထည်ကို သူ့ဆိုင်ရာ ဆိုင်ရာ နာမည်တွေနဲ့ အဓိဋ္ဌာန်ထားတာကို တိစီဝရိက်အဓိဋ္ဌာန်တင်တယ်လို့ ခေါ်တယ်။ သုံးထည်ထက်ပိုပြီးတော့ အဓိဋ္ဌာန်မထားရဘူး။ အဲ့ဒီသုံးထည်ကို ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းလို့ ခေါ်တယ်။ လောကမှာ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းပါမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ စာချုပ်မှာ လက်မှတ်ထိုးသလို ဒီသင်္ကန်းသုံးထည်ကို သင်းပိုင်မှတ်မှတ် ဧကသီမှတ်မှတ် သင်္ကန်းကြီးမှတ်မှတ် အသုံးပြုပါမယ်လို့ လက်မှတ်ထိုးပြီးတော့ မခွဲမခွာသုံးလိုက်တဲ့ သဘောပါပဲ။

★ အဲ့ဒီ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းဟာ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်နှစ်ထောင့်ထွာအတွင်း ရှိနေရမယ်။ မရှိရင် အာပတ်သင့်ပါတယ်။ တိစီဝရိက်က နှစ်မျိုးရှိပါတယ်။ ခုနကပြောတာက ၀ိနည်းတိစီဝရိက်ပါ။ နောက်တစ်ခုက ဓုတင်တိစီဝရိက်ပါ။ဓုတင်ဆောင်တဲ့ပုဂ္ဂိုလ်များလည်း သင်္ကန်းသုံးထည်ပဲထားရပါတယ်။ အဲ့ဒီ ဓုတင်တိစီဝရိက် ဆောင်ထားတဲ့သူကတော့ သင်္ကန်းသုံးထည်ထက် ပိုထားခွင့်မရှိဘူး။သင်္ကန်းကြီးရယ်၊ သင်းပိုင်ရယ်၊ဧကသီရယ် ဒါပဲထားရတယ်။ ခုနကပြောတဲ့ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်ထားတဲ့ ရဟန်းတော်က သင်္ကန်းသုံးထည်ကိုသာ သင်းပိုင်မှတ်မှတ်၊ဧကသီမှတ်မှတ်၊သင်္ကန်းကြီးမှတ်မှတ် အဓိဋ္ဌာန်တင်ထားပြီး ကျန်တဲ့သင်္ကန်းတွေကိုတော့ ဆယ်စုံပဲဖြစ်ဖြစ်၊ အစုံတစ်ရာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲဖြစ်ဖြစ် ၊ ပရိက္ခာရစောဠအဓိဋ္ဌာန်လို့ခေါ်တဲ့ သာမန်အသုံးအဆောင်သင်္ကန်းအဖြစ်နဲ့ပဲ အဓိဋ္ဌာန်တင်ထားလို့ရှိရင် အစုံပေါင်းမျာစွာ သိမ်းဆည်းထားပိုင်ခွင့်ရှိပါတယ်။ သိမ်းစည်းထားလို့ ဘာအာပါတ်မှ မသင့်ပါဘူး။

★ ဓုတင်တိစီဝရိက်ဆောင်တဲ့ ရဟန်းကတော့ သုံးထည်ပဲထားရပါတယ်။သင်းပိုင် ဧကသီ သင်္ကန်းကြီး ဘာမှမပိုထားခွင့်မရှိပါဘူး။ သင်္ကန်းသုံးတော်ကလွဲရင် အ၀တ်မှန်သမျှ ဘာမှမထားဘဲနဲ့နေထိုင်ကျင့်သုံးကြတဲ့နည်းပါပဲ။သင်္ကန်းများများထားရင် ကိလေသာများများဖြစ်တယ်လို့ ယူဆပြီး ကိလေသာကို ခါတွက်ဖျက်ဆီးတဲ့ အနေနဲ့ ကျင့်သုံးကြတာပါပဲ။(ဓုတင်=ကိလေသာကို ခါတွက်ခြင်း၏ အကြောင်း)

★ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကိုယ့်ရဲ့ နှစ်တောင့်ထွာတွင်းမှာ မရှိဘဲနဲ့ အရုဏ်တက်သွားရင် အာပတ်သင့်တယ်။ ဒါပေမယ့် ခုကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ နှစ်တောင့်ထွာ မကလို့ နှစ်မိုင်ပဲဝေးဝေး ထားလို့ရပါပြီ။အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်အနားမှာ မရှိလည်းပဲဘာပတ်မှ မသင့်တော့ပါဘူး။ဘာအပြစ်မှ မဖြစ်တော့ပါဘူး။ တပေါင်းလပြည့်အထိပေါ့။

★ (၃) "ဂဏဘောဇန" ဆိုတာက လူဝတ်ကြောင် ပုဂ္ဂိုလ်များက သာသနာသုံး သံဃာတော်သုံး ဝေါဟာရနဲ့မဟုတ်ဘဲ လူဝတ်ကြောင်သုံး ဝေါဟာရနဲ့သံဃာတော်များကို ဆွမ်းစားပင့်တယ်။အရှင်ဘုရား တပည့်တော်တို့အိမ် သံဃာငါးပါး မုန့်ဟင်းခါးစားကြွပါ၊တပည့်တော်တို့အိမ်ကို သံဃာငါးပါး ခေါက်ဆွဲစားကြွပါလို့ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တယ်။အဲ့ဒီလို ဆွမ်းကို သံဃာတော်လေးပါးနဲ့အထက် တစ်ပေါင်းတည်းကြွရောက်ပြီးတော့ မဘုန်းပေးကောင်းပါဘူး။မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တဲ့ဆွမ်းမျိုးကို ဘုဉ်းပေးသုံးဆောင် လို့ရှိရင် အာပတ်သင့်ပါတယ်။အပြစ်ဖြစ်ပါတယ်။တစ်ပါး၊ နှစ်ပါး၊ သုံးပါးအထိတော့ ဘုဉ်းပေးကောင်းပါတယ်။တစ်ပါးတည်းကို မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ပင့်ရင်တော့ ဘုဉ်းပေးကောင်းပါတယ်။

★ ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးမနှုန်း နဲ့ ဘယ်လိုပဲလျှောက်လျှောက် ဘယ်လိုပဲဆွမ်းစားပင့်ပင့် တစ်ပေါင်းတည်းကြွရောက်ပြီးတော့ ဆွမ်းဘုဉ်းပေးကောင်းသွားပါပြီ။အဲ့ဒါကြောင့် ကထိန်အာနိသင်ရပြီဆိုရင်တော့ ၀ါးကြောလို့ပဲလျှောက်လျှောက် ၀ိုက်ကြောလို့ပဲလျှောက်လျှောက် သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ပင့်တဲ့ဆွမ်းကို ဘုဉ်းပေးကောင်းပါတယ်။

★ (၄)“ယာဝဒတ္တစီဝရ” ဆိုတာကတော့ ရဟန်းတော်များဟာ မိမိတို့ကို လှူဒါန်းထားတဲ့ သင်္ကန်းတွေကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင် ၊၀ိကပ္ပနာ ၀ိနည်းကံတစ်ခုခု ပြုမထားဘဲနဲ့ ဒကာ၊ဒကာမလာလှူတဲ့ သင်္ကန်းတွေကို နိဗ္ဗာနဿပစ္စယော ဟောတု ဆိုပြီး အလှူခံပြီးတော့ ဗီရိုထဲမှာ  သွားထည့်ထားလိုက်တယ်။အဲ့ဒီလို ဆယ်ရက်ကျော်သွားရင် အဲ့ဒီသင်္ကန်းတွေကို မသုံးကောင်းတော့ဘူး။စွန့်ပစ်လိုက်ရတော့မယ်။စွန့်လည်းစွန့်လိုက်ရမယ်၊သိက္ခာပုဒ်ကိုလည်း ဒေသနာကြားပြီးတော့ အာပတ်ဖြေရမယ်။ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်ခြင်း၊ ၀ိကပ္ပနာပြုခြင်းဆိုတဲ့ ၀ိနည်းကံတစ်ခုကို ပြုထားမှသာ အဲ့ဒီသင်္ကန်းကို သိမ်းထားခွင့်ရှိပါတယ်။ အခုကထိန်အာနိသင်ရတဲ့ သံဃာတော်များကတော့ ဆယ်ရက်မကလို့ ဘယ်နှရက်ပဲဖြစ်ဖြစ် လကျော်ပြီးပဲဖြစ်ဖြစ် အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲနဲ့ ငါးလအတွင်းမှာ လွတ်လပ်စွာ သင်္ကန်းကို သိမ်းဆည်းထားခွင့် ရသွားပါတယ်။

★ (၅)“ယော စ တတ္ထ စီဝရုပ္ပါဒ” ဆိုတာ ကျောင်းတိုက်တစ်တိုက်အတွင်းမှာ သံဃဿ ဒေမလို့ ဆိုပြီးတော့ သံဃာကို ရည်စူးပြီးတော့ သင်္ကန်းလှူဒါန်းကြပြီဆိုရင် အဲ့ဒီသင်္ကန်းကို အဲ့ဒီကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံးခွဲဝေပြီးတော့ ယူကြရပါတယ်။ ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်က ကိုယ်ဆီလာပြီးတော့ သံဃဿ ဒေမဆိုပြီး လှူထားတာကို ငါ့ကိုလှူတာ ငါပိုင်တယ်ဆိုပြီးဒီလို ဆုံးဖြတ်လို့ မရပါဘူး။ ပဓာနဆရာတော် တစ်ပါးတည်းကိုပဲ သံဃဿ ဒေမဆိုပြီး လှူပေမယ့် သံဃဿ ဒေမလို့ နှုတ်မြွက်ပြီး လှူဒါန်းထားတာဖြစ်လို့ အဲ့ဒီသင်္ကန်းကို အဲ့ဒီကျောင်းတိုက်အတွင်းမှာရှိတဲ့သံဃာတော်အားလုံးနဲ့ ဆိုင်ပါတယ်။ငါးပါးရှိရင် ငါးပါးလုံးနဲ့ဆိုင်ပါတယ်။ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံး ခွဲဝေကြရမှာဖြစ်ပါတယ်။

★ အပါးစေ့ မဝေလောက်ရင် မဲချပြီးယူရမှာဖြစ်ပါတယ်။မဲချပြီးမယူချင်ဘူးဆိုရင် သံဃာတော်များက သဘောတူညီချက်နဲ့ နွမ်းပါးတဲ့သံဃာတစ်ပါးပါးကို ပေးရမယ့်တာဝန်ရှိပါတယ်။ သံဃာတော်များအပိုင်းက “သံဃဿ ဒေမ” လို့မြွက်ဆိုပြီးတော့ လှူဒါန်းထားတဲ့ သင်္ကန်းအပေါ် ၀ိနည်းစည်းကမ်းအတိုင်း အဲ့ဒီလို အသုံးပြုရပါတယ်။ဒီနေရာမှာ ဒကာ ဒကာမတွေအနေနဲ့ ကောက်ချက်တစ်ခုချခဲ့ပေါ့။ သံဃာလှူတာအကျိုးပိုရှိတယ်ဆိုပြီး နေရာတကာ နှုတ်က “သံဃဿ ဒေမ” လို့မဆိုမိပါစေနဲ့။ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုရင် လုံလောက်ပါတယ်။စိတ်ထဲက သံဃာဂုဏ်ကို အာရုံပြုပြီး သံဃာကို ရည်စူးထားပေါ့။ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်ကို “သံဃဿ ဒေမ” လို့ဆိုပြီး ဆွမ်းတစ်ဆွမ်းလောင်းလိုက်ရင် အဲ့ဒီ ဆွမ်းကို ဆယ့်နှစ်တောင်ပတ်ဝန်းကျင်က တွေ့သမျှ ရဟန်းတော်တွေနဲ့ ခွဲဝေသုံးစွဲရတော့မယ်။သံဃာပိုင်းဆွမ်း ဖြစ်သွားပြီကိုး။

★ အခုကထိန်အာနိသင်ရသွားပြီဆိုရင်တော့ သံဃဿ ဒေမဆိုပြီးတော့ သင်္ကန်းကိုသံဃိကအဖြစ်နဲ့ လာလှူလို့ရှိရင် အဲ့ဒီသင်္ကန်းကို ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်တွေ အားလုံးခွဲဝေယူစရာမလိုပါဘူး။ကထိန်အာနိသင်ရတဲ့ သံဃာတော်တွေပဲ ခွဲဝေယူရတော့မယ်။သံဃာ ဆယ်ပါးရှိတဲ့အချိန်မှာ ကထိန်ခင်းထားတယ်။ကထိန်အာနိသင်ရထားတယ်။ နောက်ရက်ပိုင်း လပိုင်း တခြားကျောင်းတိုက်က ငါးပါးလောက်ကြွလာတယ် ဆိုပါတော့ ဆယ့်ငါးပါး ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ဒကာ ဒကာမတစ်ယောက်က သင်္ကန်း(၁၀)ကို “သံဃဿ ဒေမ” ဆိုပြီး လာလှူတယ်။ဒါဆိုရင် (၁၅)ပါးလုံး ခွဲယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာ(၁၀)ပါးသာ ခွဲဝေယူလို့ ရပါတယ်။ နောက်မှ ကြွလာတဲ့ ငါးပါးကို ခွဲဝေမပေးလည်းရပါတယ်။ဒါကလည်း ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကနေ ပေးလိုက်တဲ့ ထူးခြားမှုတစ်ခုပါပဲ။

★ တကယ်လို့ ကထိန်နှုတ်ခဲ့မယ်ဆိုရင်တော့ သံဃိက သင်္ကန်းတွေကို ကထိန်အာနိသင်မရတဲ့ တခြားရဟန်းတော်တွေလည်း ဝေစုရနိုင်ပါတယ်။ဒါပေမယ့် ကထိန်နှုတ်လိုက်မယ်ဆိုရင် ကထိန်အာနိသင် (၁၀)ပါးလုံး ဘယ်သူမှ မရတော့ပါဘူး။ ကထိန်အာနိသင်တွေ ပျက်သွားပါပြီ။ကထိန်နှုတ်တယ်ဆိုတာ ကထိန်ခင်းခြင်းအမှု ကထိန်ကံကို ရုတ်သိမ်းလိုက်တာပါပဲ။ ကထိန်နှုတ်ပြီးမှ နောက်ထပ်ကထိန်ထပ်ခင်းလို့ မရတော့ပါဘူး။ကထိန်ကိုသာ မနုတ်ဘူးဆိုရင် သံဃိကသင်္ကန်းတွေကို ၀ါကျိုးဝါပြတ်သူ၊ ဒုတိယ၀ါဆိုသူ၊ တခြားကျောင်းတိုက်က အသစ်ရောက်လာသူ တွေ မရနိုင်တော့ပါဘူး။ကထိန်နုတ်လိုက်မှ သံဃာအားလုံးရခွင့်ရှိပါတယ်။

★ သံဃိကဆိုတဲ့အထဲမှာ ကထိန်ခင်းထားတဲ့ ကျောင်းတိုက်ရဲ့ ဥပစာအတွင်းမှာ မိမိပိုင်ပစ္စည်းကို ဘယ်သူ့ကိုမှ မပေးမလှူဘဲ ပျံလွန်တော်မူသွားတဲ့ ရဟန်းရဲ့သင်္ကန်း(မတသန္တကသင်္ကန်း) ၊ သံဃာကို လှူဒါန်းလို့ရတဲ့ သင်္ကန်း၊ကထိန်ခင်းတဲ့ ကျောင်းတိုက်ပိုင် လယ်ဟာမြေသည်က ထွက်တဲ့ပစ္စည်းတွေနဲ့ လဲလှဲလို့ရရှိလာတဲ့ သင်္ကန်း စတဲ့ သံဃာပိုင်သင်္ကန်းမှန်သမျှ အကုန်ပါဝင်ပါတယ်။

★ ကထိန်အလှူကြောင့် ကထိန်အလှူခံရဟန်းတော်တွေမှာ သိက္ခာပုဒ် ၀န်ထုပ်ငါးခု သက်သာခွင့် ရသွားပါတယ်။စည်းမျဉ်းစည်းကမ်း ၀န်ထုပ်ကို လျှော့ချပေးတဲ့အလှူ လောကကြီးမှာ ဒီကထိန်အလှူတစ်ခုပဲရှိတယ်။ဒါကြောင့် ကထိန်ဒါနဟာ အထူးခြားဆုံးဒါန ဖြစ်နေပါပြီ။လှူဖွယ်ဝတ္ထူရှု့ထောင့်ကနေ သုံးသပ်မယ်ဆိုရင်လည်း ကထိန်အလှူဟာ အထူးခြားဆုံးအလှူ ဖြစ်ပါတယ်။

{အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}

(အိုဘယ့်အလှူ တရားတော်မှကောက်နှုတ်ချက်)

ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသား။

♣ ♣ ♣ ♣ ♣ ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေဗျာ ♣ ♣ ♣ ♣ ♣

Saturday, June 28, 2014

သာသနာကွယ်ကြောင်း(၁၅)ပါး




တရားမနာ

စာပေမသင်...

နုတ်တွင်မဆောင်

သိအောင်မပြု

ဓမ္မာနုဓမ္မပဋိပတ်ခွာ

ဤငါးဖြာသည်ဘုရားသာသနာကွယ်ကြောင်းတည်း။

စာသင်ပယ်လျော

ကျယ်မဟောကြား

ကျယ်မချနှင့်

ကျယ်စွာ့မအံ

မကြံမစည်

ဤငါးမည်သည်ဘုရားသာသနာကွယ်ကြောင်းတည်း။

အက္ခရာပုဒ်ပျက်လေ့ကျက်သင်ချ

ဒုဗ္ဗစမူ

စာချသူရှား

လာဘ်များအောင်ဖန်

ခိုက်ရန်ကွဲပြား

ဤငါးပါးသည်ဘုရားသာသနာကွယ်ကြောင်းတည်း။
======================================

ကွယ်ကြောင်းသဘာဝ ရင်းဓမ္မတို့ကိုပယ်လိုဆန္ဒ စိတ်တွင်ချ ၍
ထိုမှပြန်လောင်း တည်းကြောင်းသာသနာ၁၅ဖြာကိုပွားလိုပါကြောင်း
ဆုပန်တောင်း ကောင်းကောင်းကြီးအားထုတ်နိုင်ကြပါစေကုန်သတည်း
သာဓု သာဓု သာဓု

 

ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ် ဘာသာပြန်)

၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance....
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.
၁၂။ အာသေ၀န ပစ္စယ=The relation of habitual recurrence.
၁၃။ ကမ္မ ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ=The relation of effect.
၁၅။ အာဟာရ ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ=The relation of control.
၁၇။ ဈာန ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ=The relation of presence.
၂၂။ နတ္ထိ ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ=The relation of continuance

Tuesday, May 27, 2014

အလင်းသစ် စာကြည့်တိုက်

 
အလင်းသစ်စာကြည့်တိုက် ပြင်ဆင်ခြင်းနှင့်ဖွင့်ပွဲအခမ်းအနား
 
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးကျေးရွာ တွင် ကျေးလက်နေပြည်သူများ မျိုးဆက်သစ် လူငယ်များ နှင့် စာပေချစ်မြတ်နိုးသူများအတွက် အလင်းသစ် ပေါ်ထွက်လို့လာပါပြီ။
 
 
 
 
































ပညာနို့ရေ သောက်သုံးနိုင်ကြပါစေ။ (ကိုဇော်)