အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Wednesday, July 6, 2016

အိုးဋီကာ

 မိန်းမ ဆိုတဲ့အမျိုးက...
မြေအိုးလိုပဲ…ငါ့သား
အဖေတို့လို
"ရေ"…ဆိုတဲ့ ယောင်္ကျားသာ မရှိရင်
မှောက်ထားရုံသက်သက်
အိုးအပြင်နှုတ်ခမ်းမှာ
ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။


သူတို့ကို လက်ထပ်ရတာက
ဆက်စပ်သမျှ အကြောင်းအကျိုး
အကောင်းအဆိုး ဒွန်တွဲ
ရိုးရိုးလေး တွေးမယ်ဆို
အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။

အနယ်မနာ မီးမကျက်
ကွဲအက်လွယ်တဲ့အမျိုးကို
စပ်စလူးအိုးလို့ ခေါ်သကွဲ့
ဘယ်တော့မှ မဝယ်နဲ့နော် ။

မီးပေးနာထားလို့
ဧည့်သည်လာတိုင်း အရှက်ခွဲ
မျက်နှာမည်းတဲ့အိုးမျိုး
လျှော့ဈေးနဲ့ရောင်းတောင်
မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။

ရေဘယ်လောက် ဖျန်း ဖျန်း
မကျေမချမ်းနဲ့
အမြဲတမ်း ဆူဆူပူပူ
နှုတ်ခမ်းထူတဲ့အိုး များ
ဘယ်သူက အလကားပေး ပေး
ယူဖို့မတွေးလေနဲ့…သားရေ ။

အဖိုးနည်း ရင်
အိုးကွဲပဲ ရမတဲ့
အိုးရွေးမှန်မှလည်း
အကျိုးပေးသန်မှာပဲ မဟုတ်လား ။

အိုးကြီး အိုးသေး
တစ်မျိုးပြီး တစ်မျိုးရွေး
ကြေးတိုးပေးဖို့
အိုးဈေးတန်းကတော့
သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။

အက်ကြောင်းတလျှောက်
မိတ်ကပ်နဲ့ဖျောက်ထားတဲ့
ပေါက်ပြီးသား အိုးတွေ……။

မလှိမ့်တစ်ပတ်နဲ့
စိမ့်တတ်တဲ့ အိုးတွေ……။

လည်သိမ် အောက်ကား
ဆောင့်ကြွားကြွား အိုးတွေ……။

ကနုတ်များများရေး
အရုပ်အသားပေး အိုးတွေ……။

ကန့်သတ်ချက် မရှိဘူး
နှံ့စပ်အောင် လျှောက်ကြည့်
ပတ်ပတ်လည် မြှောက်ကြည့်
လက်နဲ့ ခေါက်ကြည့်
"ဒေါက်"…လို့ အသံထွက်ရင်
ပေါက်ထွက်မယ့်အိုး လို့မှတ်
"ဒပ်"…လို့ ထွက်တဲ့အသံ
လက်မခံပါလေနဲ့
အက်သံပါနေသတဲ့ကွယ်
နားထဲမှာ ကြည်လင်
"ဒေါင်"…လို့ မြည်ရင်တော့
ပီပြင်တဲ့အိုး ရပဟေ့
အဖိုးအခ ဈေးများလည်း
အပြေးအလွှားဝယ်
တလေးတစားသာ သယ်ခဲ့တော့
အဲဒါ………
တို့ဘိုးဘေးတွေ လက်ထက်ကတည်းက
အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။

ဈေးဝယ်ဆိုမှတော့
ဈေးလယ်ထိတော့ ရောက်အောင်သွား
တန်းထားတဲ့အိုးတွေ ရှိတယ်
လမ်းသလားတဲ့အိုးတွေ ရှိတယ်
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်
မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်
အဖိုးသားနား အနည်းအများ
အမျိုးအစားလည်း ကွဲပြားတယ်
အိုးမမှားဖို့……ကြိုးစားဖို့က
အမျိုးသားတိုင်း သဘောပေါက်
ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့
အချိုးပြေ မပြေသိရအောင်
အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ ။ ။

*စဆနိုင်*

Tuesday, June 21, 2016

အသည်းအဆီဖုံးခြင်း နှင့် ဆေးဖက်ဝင်အပင်များ

အသည်းအဆီဖုံးခြင်းသည် ဆယ်စုနှစ်အတွင်း အဖြစ်များသော ရောဂါဖြစ်ဧ။် ။ ယခင်အသည်းရောဂါမှာ အသားဝါ ရိုးရိုးသာဖြစ်ပြီး ( ပထမ) မျက်စိဝါ၊ နောက်ဆုံး ဆီးဝါပြီး တိုင်းရင်းဆေးအမှတ်(၁) မက်လင်ချဉ်ဆေး ( ရှေးဆေးကျမ်းများမှ သေမှပုတိက သလိပ်ပုပ်နိုင်ဆေးနည်းကိုယူထားသောဆေး) ဖြစ်ပြီး အဓိကမှာ ( မက်လင်သီး၊ မက်လင်ခေါက်) တို့ဖြစ်ဧ။် ။ မက်လင်သီးသည် အလွန်ချဉ် ပြီး ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုကြသည့် တောဓလေ့သုံး အသီးဖြစ်ဧ။် ။ မက်လင်သီး၊ မက်လင်ခေါက်တို့သည် အသည်းအတွက်အလွန်ကောင်းပြီး အသည်းရောင်ခြင်း ၊ အသားဝါခြင်း၊ ဆီးဝါခြင်း ဆို့ကိုအလျှင်အမြန် ကောင်းစေကြောင်း သိရပါဧ။် ။

(၁၉၉၅) နောက်ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ ၊ အသည်းခြောက်ရောဂါ၊ အသည်းအဆီဖုံး ရောဂါများ အဖြစ်များလာပြီး သေဆုံးသူများပြားလာဧ။် ။

အောက်ဖော်ပြပါ ဆေးဖက်ဝင်အပင်များသည်
(၁) တစ်နေ့တစ်ခြား ၀ဖြိုးလာသူ ၊
(၂) အရက်၊ ဘီယာ သောက်သုံးလွန်းသူ ၊
(၃) ခန္ဓာကိုယ်တွင်း အဆီဓာတ်များသူ ၊
(၄) အထိုင်များသူ ၊
(၅) လမ်းလျောက်နည်းသူ၊
(၆) ဇိမ်ယစ်လွန်းသောသူများအတွက်
အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးနိုင်သော သဘာဝအပင်များ ဖြစ်ပါ၍ လိုအပ်ပါက တစ်မျိုးမျိုးကို အသုံးပြုကြည့်နိုင်ပါသည်။

( ဟင်းဂလာပင် )
*************
ထိုအပင်အား ထမင်းလက်တစ်ဆုပ်ခန့်ဖြင့် မြေစဥ့်အိုး တွင် (၃) ရက်ခန့်အချဉ်တည်ပြီး ဟင်းဂလာချဉ်ဖတ်အဖြစ် ငါးဖြင့်ချက်စားခြင်း၊ ငါးပိရည်ဖြင့် တွဲဖက်၍ စားသုံးပါက အရက်နာကျခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းများ မဖြစ်စေပါ။ ယင်း ဟင်းဂလာပင်ကို ပြုတ်သောက်ပါက ဆီးအတွက် အလွန်ကောင်းဧ။် ။ ကျွဲ၊ နွားများ ဆီးချုပ်သောအခါ ထိုအပင်ကို ခုတ်စဉ်း၍ နွားစာတွင် ရောကျွေးရဧ။် ။ ( ဆောင်းပါးရှင်ဧ။် အဖိုးတစ်ဝမ်း ကွဲတော်သူသည် ညနေခင်းတိုင်း ချက်အရက်ဟုခေါ်သော အရက်ဖြူကို ပုံမှန်သောက်ပြီး ဟင်းဂလာချဉ်ကို အမြည်းအဖြစ် နေ့စဉ်စားသုံးခဲ့ရာ အသက်(၉၉) နှစ်ကျော် (၁၀၀) အတွင်းရောက်မှ ကွယ်လွန်သည်ဟု သိရပါဧ။်။

(တောဓလေ့တွင် ချက်အရက်သောက်ပြီး အရက်နာမကျစေရန် ဟင်းဂလာချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စာသုံးလေ့ရှိကြောင်း သိရပါဧ။် ။)

( ဆေးမြင်းခွာရွက် )
 **************
အရွက်သေးဧ။် ။ အရွက်နှင့် အရိုးတွင် အမွှေးနုလေး များပါပြီး ရိုးတံ အနီရောင်နှင့် အဖြူရောင် နှစ်မျိုးရှိပြီး ဆေးဖက်ဝင်ဧ။် ။ ထိုအပင်ကို နွယ်လိုက်နှုတ်ယူ၊ နေရိပ်တွင်လှန်း ၊ အပင်ခြောက်သွေ့သွားပါက သံဘူး(သို့) ဖန်ပုလင်းတွင်ထည့်။ နေ့စဉ် မတ်ခွက်တစ်ခွက်စာ လက်ဖက်ခြောက်ခပ်သလို ခပ်သောက်ပေးပါက အသည်း အဆီဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်စေကာ မျက်စိအားကောင်းစေဧ။် ။

( ဆီးဖြူသီး )
*********
မြန်မာဆေးကျမ်းများစွာ၌ပါဝင်ပြီး အနောက်တိုင်း အာဟာရသုတေသီများက ဗီတာမင်စီ အလွန်ကြွယ်ဝသော အသီးဖြစ်သည်ဟု အသိအမှတ်ပြုထားကြဧ။် ။ ၄င်းကို အစိမ်းအတိုင်းစားလျှင် သွေးချုပ်၊ လေချုပ်စေဧ။် ။ အမျိုးသမီးများ ရာသီအချိန်အခါတွင် မစားသင့်ပါ။ အသည်းအဆီဖုံးသူအတွက် ဆီးဖြူသီးဆားရည်စိမ် တစ်နေ့တစ်လုံး မျှစားပေးပါ။ ထိုအသီးကို အခြောက်လှန်းပြီး၊ ငါးဟင်း၊ ၀က်သားဟင်းတို့နှင့် ရောချက်စားလျှင် ဟင်းနူးစေပြီး အဆီဓာတ်ကို လျှော့နည်းစေပါသည်။

( ရှောက်ရွက် )
**********
ရှောက်ရွက်ကို ပါးပါးညှပ်၊ အသုပ်တွင်ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ်သောက်ခြင်း၊ အတို့အမြှုပ်အဖြစ် စားသုံးပါ ။ ရှောက်ရည်၊ ရှောက်ရွက်တို့သည် အသည်း အတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်ပြီး အချဉ်ဟင်းများ၌ ရှောက်ရည်ထည့်ချက်ခြင်း၊ အကင်များ၌ ရှောက်ရည်ညှစ်စားခြင်းသည် အသည်းအဆီဖုံးခြင်း အတွက် ကာကွယ်ပါဧ။် ။

( ရဲယိုရွက် )
********
ရဲယိုရွက်သည် နှုတ်ကိုမြိန်စေပြီး လေပူကိုနိုင်သော သတ္တိရှိဧ။် ။ အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်းရောဂါအတွက် ရဲယိုရွက်ကို တစ်ပတ်လျှင် (၂) ကြိမ်ခန့် စားသုံးပေးလျှင် ကာကွယ်ရာရောက်ဧ။်။ ထို့အပြင် ငါးခူ၊ ငါးဖယ် ၊ ငါးကြင်း ခြစ်များ နှင့် ရောချက်စားခြင်း ဖက်ထုပ်ပြုလုပ်ကြော်စားခြင်း၊ ရေနွေးငွေ့ဖြင့်လည်း ပေါင်းစားပေးနိုင်ပါသည်။



Pဆရာ ကြည်လွင်မြင့်( မုဒြာ)

Monday, June 20, 2016

သဒ္ဓါတရား ၄ မျိုး

သဒ္ဓါတရား ၄ မျိုး ၄ စားရှိသည်ကို သိစေချင်ပါသည်။
(၁) ပသာဒ သဒ္ဓါ
(၂) သြကပ္ပန သဒ္ဓါ
(၃) အာဂမသဒ္ဓါ
(၄) အဓိဂမ သဒ္ဓါ
(၁) ပသာဒ သဒ္ဓါ (သို့ ) ပသန္နသဒ္ဓါ
ယုံကြည်သင့် ယုံကြည်ထိုက်သောဂုဏ်ကို မြင်ရကြားသိရရုံနှင့် ဝေဖန်ဆန်းစစ်မှုမပါဘဲ လွယ်လွယ်နှင့် ယုံကြည်တတ်သော သဒ္ဓါကိုခေါ်သည်။ ပညာနှင့်ယှဉ်၍ ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ သဒ္ဓါအရင်းခံမျှ ကြည်ညိုခြင်းဖြစ်သဖြင့် မခိုင်မြဲတတ်ပါ၊ အချိန်မရွေး ပျက်ပြယ်သွားနိုင်သော သဒ္ဓါမျိုးဖြစ်သည်။
(၂) သြကပ္ပန သဒ္ဓါ
ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး၏ဂုဏ်များကိုသိမြင်ပြီးမှ သက်ဝင်ယုံကြည်သော သဒ္ဓါမျိုးဖြစ်သည်။ ပညာနှင့်ယှဉ်၍ ယုံကြည်ဖြစ်ပေါ်လာသော သဒ္ဓါတရားမျိုးဖြစ်သဖြင့် ယခုဘဝတွင် ခိုင်မြဲသော သဒ္ဓါဖြစ်သည် ဟူ၍ စိတ်ချရသည်။ ယခုဘဝတွင်ဘာသာပြောင်းသွားသူ လုံးဝမဖြစ်နိုင်ပါ။ သို့ သော် နောင်ဘဝများတွင် စိတ်ချ၍မရပြန်ပါ။ ယခုဘဝမှ သေသွားလျှင် ပျောက်သွားတတ်သော သဒ္ဓါမျိုး ဖြစ်သည်။
(၃) အာဂမသဒ္ဓါ
နိယတဗျာဒိတ်တော် ခံယူရရှိထား ပြီးသော ဘုရားလောင်းတို့ ၏ သဒ္ဓါမျိုးဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော်မူသည့် ဘဝအထိ ဘဝတိုင်းအစဉ်မြဲလျက်ရှိသည်။
(၄) အဓိဂမ သဒ္ဓါ
ဝိပဿနာဘာဝနာတရား ပွားများအားထုတ်လျှင် ဒုက္ခဆုံးရာ သန္တိသုခ အငြိမ်းဓာတ် နိဗ္ဗာနဓာတ် ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် သိမြင်ရရှိတော်မူသွားကြသော အရိယာပုဂ္ဂိုလ်များ၏ ယုံကြည်မှုသဒ္ဓါတရားကို ခေါ်သည်။ ဘယ်နှစ်ဘဝဘဲ ဖြစ်ဖြစ်၊ ဘယ်နှစ်ဘဝဘဲ ပြောင်းပြောင်း ပရိနိဗ္ဗာန်ဝင်စံသော အချိန်အထိ ဘဝဆက်တိုင်းမှာ ခိုင်မြဲ ပကတိ ခိုင်မြဲလျက်ရှိနေမည့် သဒ္ဓါမျိုးဖြစ်သည်။
နတ်ပြည်မှ စုတိခါနီးတွင် အခြားသောနတ်များ၏နောက်ဆုံးမှာတမ်းမှာ လူ့ ဘုံဘဝသွားဖြစ်ကာ ဤ အဓိဂမ သဒ္ဓါ မျိုးရှိသောအဆင့် ရောက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရန် အထူးသတိပေးမှာကြားကြသည်။-
ကုသိုလ်အစ သဒ္ဓါက
သဒ္ဓါတရားသည် ကုသိုလ်ကောင်းမှုများ အနန္တပြုလုပ်အောင်မြင်နိုင်ရန် အဓိကလိုအပ်ပေသည်။ အိုနာသေရေး သံသရာဘေးဘယ ဝဲသြဃ ရေအယဉ်ကို ကူးမြောက်ကျော်လွှားသွားနိုင်ရန်မှာဤ သဒ္ဓါတရား ကိုအမှီပြုပြီးကူးခတ်သွားရမည်ဖြစ်သည်။ ထို့ ကြောင့် ပိဋကတ်တော်များတွင် သဒ္ဓါတရား ကိုဥပမာအမျိုးမျိုးဖြင့် ဂုဏ်ယူဖွင့်ဆို ထောပနာပြုထားကြပေသည်။
 
သဒ္ဓါဆိုတာ စကြာမင်း၏ ပတ္တမြားနှင့် တူသည်။
သဒ္ဓါတရားသည် လက်နှင့်တူသည်။
သဒ္ဓါတရားသည် အရင်းအနှီးဥစ္စာနှင့် တူသည်။
သဒ္ဓါတရားသည် မျိုးစေ့နှင့်တူသည်။

Monday, June 13, 2016

ဝိပဿနာဆိုတာ ဘာလဲ

ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။ စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။ ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို ပညတ်အပေါ်ကဖုံးပြီး မြင်နေကြ ပါတယ်။ အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ်အတိုင်း မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။ သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း ကွယ်ထားခြင်း ခံနေရပါတယ်။ အဲဒါတွေက ဘာတွေလဲလို့ဆိုတော့
(၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။
(၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။
(၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။
(၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။ ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက် အမှန်တကယ်အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။

၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊ မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။ ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ် စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။ နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင် နာမည်ကပဲ ခိုက်တယ်။ နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။ ဒါဟာ မူလ(ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊ နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။

၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု တစ်စပ်တည်းမဟုတ်ဘူး။ (အပြတ်တွေ) ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက် အောင် ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့ တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင် မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။

၃။”သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ” ကိုတော့ ဒီလိုမှတ်သားရပါမယ်။ ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊ သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။ စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။ အပေါင်းအစုရယ်လို့ မရှိပါဘူး။ ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။ အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့ ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။

၎။သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံကတော့ ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန် ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။ အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။ ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့ တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊ တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။ ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊ ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။ လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေလုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့ မြေမှုန့်အစစ်သာ ဖြစ်တယ်။ ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင် ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။ အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။ ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။ သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်း တန်းမိနေတာက ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။ ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။

“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ်အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့ ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်းဖြစ်တယ်လို့ပြောရပါမယ်။ ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။ ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။ (တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။ ဝိပဿနာဟူသည် ဝိ= အထူး၊ ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည် (ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။
“ခန္ဓာဒိ သင်္ခတဓမ္မေ၊ အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊ “ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန ဝိဝိဒံပဿတီတိ ဝိပဿနာ” (မဟာသတိပဋ္ဌာနသုတ်)
ဟူ၍ပြဆိုထားရာ၊ (ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက် (ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏ (အနိစ္စ) မမြဲခြင်း၊ (ဒုက္ခ) ဆင်းရဲခြင်း၊ (အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့် အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့်မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။

ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။ ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့ ညွတ်တတ်သော သဘောကတစ်မျိုး၊ မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက် (နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။ ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့် ဖြစ်တယ်လို့ စသည်ဖြင့် အကြောင်းနှင့်တကွ ပိုင်းခြာသိတဲ့ဥာဏ်ကိုတော့ (ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။ ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။ ဒီဥာဏ်နှစ်ပါးကိုရရင် စူဠသောတာပန်လို့ ခေါ်ပါတယ်။ ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ သောတာပန်အငယ်စားလို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့
၁။ သမ္မသနဥာဏ်။ (၂)။ ဥဒယဗ္ဗယဥာဏ်။ (၃)။ဘင်္ဂဥာဏ်။ (၄)။ဘယဥာဏ်။ (၅)။ အာဒီနဝဥာဏ်။ (၆)။နိဗ္ဗိဒါဥာဏ်။ (၇)။ မုဉ္စိတုကမျတာဥာဏ်။ (၈)။ ပဋိသင်္ခါဥာဏ်။ (၉)။ သင်္ခါရုပေက္ခဥာစ်။ (၁၀)။ အနုလောမဥာဏ် ဆိုပြီး ဝိပဿနာဥာဏ် ဆယ်ပါးရှိပါတယ်။ ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က (၁၀) ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့ မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။ ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။ လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။

မဂ်ဥာဏ်သို့ကူးပုံ
အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။ အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို အဘိဓမ္မသင်္ဂဟကျမ်းမှာ ပြထားတာရှိပါတယ်။ ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင် ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့ ဂေါတြဘူစိတ်ဖြစ်ပါတယ်။ ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။ ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။ အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။ အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။ အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက် ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင် နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။ လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။ သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။ ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။ အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။ (၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
Credit=အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ

လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ခြင်္သေ့လိုလဲ မဟောက်နဲ့
၂။ ဖားငယ်လိုလဲ မကြောက်နဲ့
၃။ တောင်လိုလဲ မမောက်နဲ့
၎။ မြစ်လိုလဲ မကောက်နဲ့
၅။ တွင်းလိုလဲ မစောက်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ ( ၄ ) ပါး
•••••••••••••••••••••••••••••••••••••
၁။ သစ္စာ - ကတိ သစ္စာတည်
၂။ ဓမ္မော - တရားဥပဒေ လမ်းကြောင်းအတိုင်း ကျင့်သုံးရမည်
၃။ ဒိတိ - တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၎။ စာဂေါ - အသက်စွန့်ရန် အသင့်ရှိရမည်

အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃။ ရန်ငြိုးဖွဲ့ခြင်း
၎။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူဆူခြင်း
၆။ ဝန်တိုခြင်း

စည်းရုံးရေး လမ်းစဉ် သင်္ဂဟ တရား ( ၄ ) ပါး
••••••••••••••••••••••••••••••••••••••••
၁။ ဒါန - ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း အကူအညီပေးခြင်း
၂။ ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သော စကားကို ပြောဆိုခြင်း
၃။ အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင် ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎။ သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်းတူ ဒုက္ခခံခြင်း

မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မိန်းမကျူးသောသူ တစ်ယောက်
၂။ သေရည်သောက်စား သူတစ်ယောက်
၃။ အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎။ အမျက်ဒေါသကြီးသူ တစ်ယောက်
၅။ မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း( ၃ ) ပါး
••••••••••••••••••••••••••••••••••••••••••
၁။ ယုတ်မာသောသူကို ပညာသင်မိသောကြောင့် ပျက်စီးရခြင်း
၂။ မကောင်းသောမိန်းမ မယားပြုမိသောကြောင့် ပျက်စီးရခြင်း
၃။ မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ ( ၈ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မင်းမရှိသည့် တိုင်းပြည်
၂။ ရေမရှိသည့် မြစ်
၃။ သစ်မရှိသည့် တောခြောက်
၎။ အတောက်မရှိသည့် မီး
၅။ စည်းမရှိသည့် ရွာ
၆။ ကြာမရှိသည့် ကန်
၇။ အောင်လံမတည်သည့် ရထား
၈။ လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆ ) ခု
••••••••••••••••••••••
၁။ ပျင်းရှိခြင်း
၂။ မေ့လျော့ပေါ့ဆခြင်း
၃။ အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎။ အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅။ စည်းကမ်းမရှိခြင်း
၆။ အလုပ်ကို အချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသော အကျင့် ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ နေမြင့်အောင် အိပ်ခြင်း
၂။ ပျင်းရိခြင်း
၃။ နုတ်လက်ကြမ်းတမ်းခြင်း
၎။ နိုး၍ ထပ်ခဲခြင်း
၅။ တစ်ယောက်တည်းခရီးသွားခြင်း
၆။ ပဒါနကံပြုခြင်း