အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, November 29, 2015

တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးဖက်ဝင် မဲဇလီပင်လေးများအကြောင်း

မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။ . ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို 'မည်ဇရီပင်' ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့ နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍ အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာ ခဲ့ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး တချို့ကတော့ မဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟုလည်း ကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလ ဟုလည်းကောင်း ခေါ်ဆိုကြပါတယ်။ မဲဇလီဖူး ဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွား တတ် ပါတယ်။ . မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း ချန်ထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထက် ကုန်းဘောင်ခေတ် ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍ သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ ပါပဲ။ တန်ဆောင်မုန်း ဟူသော အရေးအသားကို လေ့လာကြည့်တဲ့ အခါ၊ ပုဂံခေတ် ကျောက်စာများတွင် 'တန်ဆောင်မှုန်' ဟုရေးထိုး၍ တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ 'မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တ ကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း သာခုထင်ရှား' ဟူသော စပ်ဆိုထားခြင်းက တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင်သိရှိ နိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာ ယာဆုံးလတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့ သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်း ကြီးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍ အိပ်စက်လိုက်ရာ တန်ဆောင် မုန်းလဆန်း ၁၂ ရက်မှ နိုးထသဖြင့် တန်ဆောင်မုန်းလကို 'နတ်နိုးလ' ဟု ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ် ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုး ကင်းစင်နေ တာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာ တစ်စုံထွန်းလင်း နေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေး များလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။ . မဇ္ဈိမဒေသမှလာတဲ့သာရ ကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင် အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြသည်ဟုဆိုပါတယ်။ ဒါကြောင့် ထို အချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင် ခြင်းဟာ အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင် ပါတယ်တဲ့။ ထိုသို့ စီရင်ရာမှာလည်းလမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာ အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ်စားသုံးပေးသွားရမှာပါ။ ဤသို့ စားသုံးလျှင် ရုပ်ရည် အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် စေကြောင်း၊ ဘုန်းကြီး၍ ဥာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။ ဒါ ကြောင့်လည်း တန်ဆောင်းမုန်းလပြည့်နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့ သတ် မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေး ဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
 
မဲဇလီနှင့် ကျန်းမာရေး
****************
ရုက္ခဗေဒအမည်အရCassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ်အလေးချိန်ရှိ တဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ သုည ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ ဒသမ သုညမီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅ဝဝ၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို့  အသီးသီးပါရှိကြပါ တယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှား ရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့်steroids တွေလဲ ပါရှိကြပါ သေးတယ်။ . (၁) ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေတာကြောင့် ရှေးတိုင်းရင်း သမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် အိပ် မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှု၊ပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါ တယ်။ . (၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။ . (၃) သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားက နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ . (၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံး ရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါ တယ်။ . (၅) မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတဝိုက်ကွင်းပေးပါ။ . (၆) ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့် ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ် တန့်ပါလိမ့်မယ်။ . (၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကိုဆတူရော၍ သုံးခွက်တစ် ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ . (၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္ထရည်)နှင့် သံပရာရည် ရောစပ် တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်ပါ တယ်။ . (၉) ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာအဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါ တယ်။ . (၁ဝ) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိ သတ္တ ဝါတွေ အကိုက်ခံရပါက၊ မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။ . (၁၁) နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံ ခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။ . (၁၂) အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့ မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်း ပေးပါ။ . (၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။ . (၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်း စေပါတယ်။ . (၁၅) အစာချေစနစ်ကို ကောင်းမွန်စေရုံ သာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။ . (၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကို ဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ပေး ပါတယ်။ . (၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင်အူမကြီးနှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စတဲ့ ကပ်ပါး ကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။ . (၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်း ကျိုးပြုပါတယ်။ . (၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။ . (၂ဝ) မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်း သောဓာတ်များကို လောင်ကျွမ်းစေပါ တယ်။ . (၂၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ် သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ များ မဖြစ်စေနိုင်ပါ။ . (၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေစားသုံး သင့်ပါတယ်။ . (၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီ ဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ ဆိုပါတယ်။ . တန်ဆောင်မုန်းလပြည့်ညမှာ ကာလသား တွေဟာ အိမ်တတာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိ ကြတဲ့ 'ကျီးမနိုးပွဲ' (ဝါ) 'စောရပွဲ' ဟာလည်း ချစ်စရာ့ မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေး ပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ညလေးမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူး သုပ်လေး စားရင်း၊ ရောဂါဘယကင်းဝေးကြပါစေ။

Thursday, October 15, 2015

မိဘဂုဏ်(၁၂)ပါး

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

သူတော်ကောင်းဥစ္စာ-တရား ၇-ပါး

သူတော်ကောင်းဥစ္စာ ၇-ပါး
~~~~~~~~~~~~~~
သဒ္ဓါ= ဘုရား၊ တရား၊ သံဃာ၊ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း၊
သီလ= သီလဖြူစင်ခြင်း၊
စာဂ= စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
သုတ= အကြားအမြင်များခြင်း၊
ပညာ= ရုပ်နာမ်အသိပညာနှင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၊
ဟိရီ= မကောင်းမှုပြုလုပ်ရန် ရှက်မုန်းခြင်း၊
သြတ္တပ္ပ= မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်း၊


သူတော်ကောင်းတရား ၇-ပါး
~~~~~~~~~~~~~~
သဒ္ဓါ= ဘုရား၊ တရား၊ သံဃာ, ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း၊
သတိ= ကုသိုလ်ရေး၌ အောက်မေ့အမှတ်ရခြင်း၊
ဝီရိယ= ကုသိုလ်ရေး၌ အားထုတ်မှုလုံ့လရှိခြင်း၊
သုတ= အကြားအမြင်များခြင်း၊
ပညာ= ရုပ်နာမ်အသိပညာနှင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၊
ဟိရီ= မကောင်းမှုပြုလုပ်ရန် ရှက်မုန်းခြင်း၊
သြတ္တပ္ပ= မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်း၊

Friday, September 4, 2015

ပဋ္ဌာန်း (၂၄) ပစ္စည်း အနက် အဓိပ္ပါယ်

၁။ ဟေတုပစ္စယော
ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌– မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)
 
၂။ အာရမ္မဏပစ္စယော
အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း သွားခြင်းကိစ္စကို ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။
 
၃။ အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း– စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊ နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်) ကျေးဇူးပြုတတ်သောတရား။
 
၎။ အနန္တရပစ္စယော
အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း– စကြာဝတေးမင်း၏ နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။
 
၅။ သမနန္တရပစ္စယော
ကောင်းစွာအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– စကြာဝတေးမင်း၏ အရည၀ါသီ တောထွက်တော်မူ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာအခြားမဲ့ အခြားမရှိ ကျေးဇူးပြုတတ်သောတရား။
 
၆။ သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက် အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။
 
၇။ အညမညပစ္စယော
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း– သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။
 
၈။ နိဿယပစ္စယော
မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၉။ ဥပနိဿယပစ္စယော
အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။
 
၁၀။ ပုရေဇာတပစ္စယော
ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။
 
၁၁။ ပစ္ဆာဇာတပစ္စယော
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည် မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။ ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား မသေစေရန် အကျိုးပြုသောကြောင့်တည်း။
 
၁၂။ အာသေ၀နပစ္စယော
အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၄င်း၊ ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
 
၁၃။ ကမ္မပစ္စယော
စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၄။ ၀ိပါကပစ္စယော
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။
 
၁၅။ အာပာာရပစ္စယော
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ထောက်ကန်သောတိုင်သစ်သည် အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
 
၁၆။ ဣန္ဒြိယပစ္စယော
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည် (အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၇။ ဈာနပစ္စယော
ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း– တောင်ဖျား သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၈။ မဂ္ဂပစ္စယော
ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဤမှာဘက်မှ ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့ ၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၉။ သမ္ပယုတ္တပစ္စယော
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၂၀။ ၀ိပ္ပယုတ္တပစ္စယော
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၂၁။ အတ္ထိပစ္စယော
ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၂၂။ နတ္ထိပစ္စယော
မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ညဥ့်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
 
၂၃။ ၀ိဂတပစ္စယော
ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– နေ၏ ၀င်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
 
၂၄။ အ၀ိဂတပစ္စယော
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
ဓမ္မဒါယာဒ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ)

Thursday, August 27, 2015

တိုင်းရင်းသား (၁၃၅) မျိုး

တိုင်းရင်းသား (၁၃၅) မျိုးကို အပြည့်စုံ တင်ပြလိုက်ပါတယ်...

ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guar
(၆) ခခူ Hkahu
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(၉) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu

ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw

ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)

ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu

ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon

မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။
(၉၅) မွန် Mon

ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet

ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅) ၀ Wa

အားလုံးအတွက်အသုံးတည့်မယ့် လူဦးရေ ( ၁၃၅ ) မျိုးပါ။
အရှင်နာယက ရန်ကုန်ဗုဒ္ဓတက္ကသိုလ် လမ်းဘေးစာသင်ဝိုင်းရန်ကုန်