ဆရာချစ်ဦးညို |
မိုးကုတ်စက်ဝိုင်းအနှံ၊ တပြန့်တပြော ——
- သောကမီးလျှံကို စားသုံးနေရသူတွေ
- မောဟ အမှောင်တိုက်ထဲကျရောက်နေသူတွေ
- ၀မ်းတစ်ထွာနဲ့ စစ်ခင်းနေရသူတွေ
- ကိုးစရာ ကိုယ့်အား ရှားပါးနေသူတွေ
- အာရောဂျံ ပရမံ လာဘံ နတ္ထိဖြစ်နေသူတွေ
- တစ်ကိုယ်ရည်ဖော်မဲ့ ချည့်နဲ့နေသူတွေ ………
ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ကုဋ္ဋေ ။
- ငိုသူကို မျက်ရည်သုတ်ပေး
- အမှောင်မိသူကို အလင်းပြပေး
- ဆာလောင်သူကို အစာပေး
- လဲကျသူကို ထူမတ်ပေး
- နာဖျားသူကို ဆေးဝါးပေး
- အထီးကျန်သူကို အဖော်ပြုပေး ။
* ကူညီဖေးမ နှလုံးသားတွေလှကြရဲ့။
သို့ပေမယ့် —- သူငယ်ချင်း
ရိုးရှင်းစွာ တွေးကြရအောင် ။
* ညောင်ပင်သာ ဦးပုည —– တဲ့
ရှေးကစာဆို က၀ိတစ်ပါးရဲ့
သိထားအပ်တဲ့ ဆုံးမစာ
( မမှီလောက်ဘဲ ၊ မှီခိုတွဲ ၊ ဆင်းရဲရောက်တက်စွာ )
( မှီခိုလောက်လျက် ၊ ကျိုးမတက် ၊ မဖက်ရှောင်ကြဉ်ခွါ )
( မမိဘဲဖမ်း ၊ မထိလှမ်း ၊ ပင်ပန်းရုံမျှသာ )
( မိလျက် ထိလျက် ၊ အကျိုးပျက် ၊ အားတက်မပြုရာ )
( မိလောက် ထိလောက် ၊ အကျိုးရောက် ၊ တိုးမြှောက်အားတက်ပါ )
( လောကဓမ္မ ၊ တွေးကြံဆ ၊ နှစ်စခွဲစိတ်ဖြာ )
( စိတ်ဖြာဝေဖန် ၊ တွေးဆကြံ ၊ အမှန်သိပညာ )
* လာ ——- သူငယ်ချင်း
အတ္တ ဖယ်ရှင်း
မာန ပယ်ခွင်း
အတွင်းကျကျ ၊ စဉ်းစားကြမယ် ။
* မသိခြင်း ချောက်ကမ်းပါး
မရှိခြင်း ချောက်ကမ်းပါး
ရောက်သွားကြတဲ့ လူသားတွေ ………
* စောင့်ရှောက်ကယ်ဆယ်ခြင်း ကြိုးခွေကိုပစ်ချပေး
အားမွေးလို့ ဖေးကူစိတ်
ကမ်းပါးထိပ်ကနေ ဆွဲတင်ယူ
̏ တို့လူလေးများ ဆိုသလေ
အနိဋ္ဌာရုံကို ဘယ်လိုဖြိုမယ် ( ဒီလိုဖြိုမယ် )
ဣဋ္ဌာရုံကို ဘယ်လိုဖြိုမယ် ( ဒီလိုဖြိုမယ် )
ညီစေနော် ( ညီမယ် ) ˝
ကြွေးကြော် ကြုံးဝါး
တို့များအားလုံးရဲ့ သဘာဝပေးတာဝန်
ကျေပွန်ကြရမယ် ။
ကောင်းလေစွ —- ကောင်းလေစွပါကွယ် ။
* အင်း —- ကောင်းလေစွ ဆိုပြီး
အပေါင်းဝေနေယျကို ကြည့်လိုက်တော့
ပျော့ကွက် ဟာကွက် ဆိုတာ ရှိစမြဲ ၊
ဒုက္ခနဲ့လွန်ဆွဲ
နဖူးကွဲ — ဒူးပြဲ
အလူးအလဲ ပြန်ထရပ်
ဒီသံသရာ ချားရဟက်
တရစပ် လည်ပတ် နေဆဲပါလား ။
* ညောင်ပင်သာဦးပုညရဲ့ စာကိုပြန်ကြည့်စမ်း
( မမိဘဲဖမ်း ၊ မထိလှမ်း ၊ ပင်ပန်းရုံမျှသာ )
( မိလျက် ထိလျက် ၊ အကျိုးပျက် ၊ အားတက်မပြုရာ )
( မိလောက် ထိလောက် ၊ အကျိုးရောက် ၊ တိုးမြှောက်အားတက်ပါ ) တဲ့ ။
* အမိုးအကာနဲ့ ပြည့်စုံ
လုံခြုံစိတ်ချရတဲ့ ရှင်သန်မှု ၊
သဘာဝဒဏ် ၊ လာသမျှရန်တွေ အတွက်
အာမခံချက်ရှိတဲ့ ရှင်သန်မှု ၊
အနိဋ္ဌာရုံ အစုစုတွေ ကင်းစင်ဖို့
ကြိုတင် တားဆီး
ဖြစ်ပြီးမှ ကုစားတာမဟုတ်
‘ မလဲခင်ကတည်းက ထိန်းမတ် ’
‘ မငတ်ခင်ကတည်းက အစာရှာ’
‘ မနာခင်ကတည်းက အားမွေး ’
‘ မဝေးခင်ကတည်းက အဖော်ပြု ’
လူမှု ဒုက္ခတွေ ဝေလာဝေး
နီထွေးရဲရင့်တဲ့ နှလုံးသားတွေနဲ့
သန်မာကျစ်လျစ် ပခုံးအားတွေနဲ့
ဟောဒီလို ကြုံးဝါး ကြွေးကြော်ကြမယ် ။
* အကြင်အရပ် ၊ ထိုအရပ်၌
ငါတို့တိုင်းပြည် ၊ တို့တိုင်းပြည်သည်
ငါတို့နိုင်ငံ ၊ တို့နိုင်ငံသည်
( အို ) ငါတို့ မိခင် ၊ တို့ မိခင်သည်
ရွှင်မြူးနှစ်ခြိုက်
သိုက်မြိုက် ခမ်းနား
အားသစ်များနှင့်
နိုးကြားပါစေ ကုန်သတည်း ။
နိုးကြားပါစေ ကုန်သတည်း ။
နိုးကြားပါစေ ကုန်သတည်း။ ။
ချစ်ဦးညို
၂၀၁၂ မေ ၂၈
(ဆရာချစ်ဦးညိုသည် “နိုးကြားပါစေကုန်သတည်း” ကဗျာကို ဇွန်လ ၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်တွင် ကျင်းပသော National Forum For Social Protection ပွဲ၌ ရွတ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါပွဲသည် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို မီးမောင်းထိုးပြကာ ပြည့်စုံကောင်းမွန်၍ သာတူညီမျှသော လူ့ဘောင်ဖြစ်ပေါ်လာရေးအတွက် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာနယ်ပယ်နှင့် စာနယ်ဇင်းအလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ ဆွေးနွေးသည့် ပွဲဖြစ်ပါသည်။)
No comments:
Post a Comment